နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ပုံစံများတွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြရန် အရေးကြီး
နေပြည်တော် စက်တင်ဘာ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ပုံစံများတွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြရန် အရေးကြီးကြောင်း၊ ယင်းစာရင်းပုံစံ အချက်အလက်များအပေါ်မူတည်၍ ရွေးကောက်ပွဲများကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်စွာ ပြုစုရေးလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဌာနမှစာရင်းဇယားများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေး မှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှု၊ မြို့နယ်ရုံးရှိ နိုင်-၄ မှတ်တမ်းများ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် ခရိုင်ရုံးဖွင့်လှစ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့အမှတ်(၃)ရပ်ကွက်ရှိ မြေနေရာ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခရိုင်ရုံးပါဝင်သော စုပေါင်းခရိုင်ရုံးဆောက်လုပ်မည့် မြေနေရာသို့ ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သည့်မဲစာရင်းများနှင့် ဌာနရှိ အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် တိုက်ဆိုင်ကာ မဲစာရင်းမှန်ကန်ရေးပြုစုဆောင်ရွက်ရေး၊ ဌာနမှပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန် အသိပေးမှုအပေါ် စနစ်တကျစိစစ် ဆောင်ရွက်ပေးရမည့် နည်းလမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် အစီအမံများ၊ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဌာနအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေ၊ ဌာန၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အချင်းချင်း စာရင်းဇယားများ အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်၍ ပြည်သူကိုစေတနာရှေ့ထားကာ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်မှုနှင့် နိုင်-၄ မှတ်တမ်းပါ အချက်အလက်များ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။