ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၉)

ထိုကျောင်းတက်ရသူများကို အင်န်စီအို(NCO)ဟု လွယ်လွယ်ခေါ်ကြသည်။ တပ်ရင်းအတွင်း ထမင်းချက်ရုံ၊ ထမင်းစားရုံတွင်လည်း အင်န်စီအို နေရာတိုင်း အင်န်စီအို သင်တန်းအတွင်း၌လည်း အင်န်စီအို ဖြစ်နေပါတော့သည်။ ကျွန်တော်လည်း စိတ်ဝင်စားမိပါသော်လည်း အရွေးခံရရန် အလှမ်းဝေးသေးသည်ဟု ထင်ပါသဖြင့် အင်န်စီအို အကြောင်း ခေါင်းထဲထည့်           မထားမိခဲ့ပါ။

တစ်ရက်တွင် ကျွန်တော့်ကို တပ်ခွဲမှူးထံ သတင်းပို့ရန် ဆရာတစ်ဦးက လာပြောရာတွင် ကျွန်တော်ထိတ်ခနဲ ဖြစ်သွားပါသည်။

ကျွန်တော်ဘာအပြစ်များ လုပ်မိပါလိမ့်ဟု စဉ်းစားရင်း တပ်ခွဲမှူးရုံးသို့သွားရပါသည်။ တပ်ခွဲမှူးဗိုလ်မိုးညိုအား အလေးပြုသတင်းပို့ပြီး သတိအနေအထားဖြင့် ရပ်နေချိန်တွင် ကျွန်တော့်စိတ်များ လှုပ်ရှားလျက်ရှိပါသည်။

မင်း အင်န်စီအိုတက်ချင်သလား

တပ်ခွဲမှူးဗိုလ်မိုးညိုမေးလိုက်သော စကားကို ကျွန်တော့်နားနှင့် ဆတ်ဆတ်ကြားလိုက်ရသော်လည်း ကိုယ့်နားကိုပင် ကိုယ်မယုံပါ။

မမျှော်လင့်သော စကားဗြုန်းခနဲကြားလိုက်ရ၍ တုန်လှုပ်သွားမိပါသည်။ အကြပ်၊ သို့မဟုတ် အရာရှိဖြစ်လျှင် တိုင်းပြည် တာဝန်ကို ရဲဘော်ဘဝထက် ပိုမိုထမ်း ဆောင်နိုင်မည်ဟု ပြောကြသောစကားများကို ကြားဖူးပါသည်။ အမှန်ကတော့ ဤစကားကို လူကြားကောင်းအောင် ပြောကြခြင်း ဖြစ်ပါသည်။ ပုထုဇဉ်သဘာဝအရ လူတိုင်းရာထူးလိုချင်ကြပါသည်။ ကျွန်တော်လည်း ရာထူးရမည်ဆိုလျှင် ယူမည်သာဖြစ်ပါသည်။ ကျွန်တော်ဝမ်းသာလွန်း၍ ဟုတ် ဟု  အလန့်တကြား အဖြေပေးလိုက်ပါသည်။

တပ်ခွဲတွင် ရဲဘော်များလှုပ်ရှားဆောင်ရွက်မှုများကို အရာရှိနှင့်ဆရာများက တစေ့တစောင်းကြည့်ရှု လေ့လာနေကြသည်ကို သတိမထားမိဘဲ အမှတ်မထင် စေတနာနှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သော အကြောင်းတရားများက ကျွန်တော့်အား အကျိုးပေးလိုက်ခြင်း ဖြစ်ပါသည်။

ကျွန်တော် အကြပ်သင်တန်းတက်ရန် ပဏာမရွေးခြင်းကို ခံရပါပြီ။ ပဏာမအရွေးချယ်ခံရရန် လွယ်ကူသော အခွင့်အရေး မဟုတ်ပါ။ ပဏာမအရွေးခံရသော်လည်း နောက်ထပ် အခက်အခဲများကို ကျော်လွှားရပေဦးမည်။

ဧပြီလ ၂၂ ရက်တွင် ရေးဖြေစာမေးပွဲ ပြုလုပ်ပါသည်။ မြန်မာစာ၊ ဂဏန်းသင်္ချာ၊ ပထဝီ၊ ရာဇဝင်ဘာသာရပ်များကို ဖြေဆိုရပါသည်။ ၈ တန်းအဆင့်လောက်သာ ဖြစ်၍ လွယ်ကူစွာဖြေဆိုနိုင်ပါသည်။ လူတွေ့စစ်ဆေးခြင်းကို ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ရာ အခက်အခဲမရှိခဲ့ပါ။ ရေးဖြေစာမေးပွဲတွင် ကျရှုံးသူများရှိကြသည်။ စစ်ကိုင်း ကျောင်းတွင် ကျွန်တော့်ထက်အတန်းကြီးသော ကိုသိန်းမောင်(ဗိုလ်ကြီးသိန်းတန်)ပင် ရေးဖြေစာမေးပွဲကျရှုံးသဖြင့် စိတ် မကောင်းဖြစ်ရပါသည်။

ရေးဖြေစာမေးပွဲအောင်ပြီးသူများကို သီးခြားခွဲခြားထားပြီး အင်န်စီအို ဟုခေါ်ကြသည်။ အချို့ဆရာများနှင့် ရဲဘော်ကြီးများက အိုင်စီအို ဟု မပီမသခေါ်ကြသေးသည်။ ဆရာများက အင်န်စီအိုများကို ပို၍ဂရုစိုက်ကြည့် လာကြသည်။ ပို၍အပြစ်ရှာလာကြသည်။  ကျွန်တော်တို့ အသွားအလာ၊ အနေအထိုင်အမှားအယွင်း၊ အပြစ်မရှိစေရန် အထူးဂရုစိုက် နေထိုင်ကြရသည်။ အပြစ်တစ်ခုဖြစ်လာလျှင် ရခဲလှသော   အခွင့်အရေးကြီး ဆုံးရှုံးကြရပေမည်။

ဧပြီလ ၂၆ ရက်ည ကျွန်တော်တို့အိပ်မောကျနေစဉ် အင်န်စီအိုတွေတန်းစီ ဟု အော်သံကြားသဖြင့် ကမန်းကတန်းထကာ ဖိနပ်စီးပြီး တန်းစီကြရသည်။ သန်းခေါင်ကျော်ပြီ ထင်ပါသည်။ ကျွန်တော်တို့ လုပ်ရမည့် အစီအစဉ်ကို ဗိုလ်ကြီးသံဒိုင်က ရှင်းပြပါသည်။

ရဲဘော်တို့ ပျဉ်းမနားဈေးနားမှာအုတ်ခဲပုံတွေရှိတယ်။ အဲဒီအုတ်ခဲပုံတွေ ဒီနေရာကို သယ်ကြရမယ်။ မနက် ၇ နာရီအထိ သယ်ရမယ်။ တစ်ဦးချင်း အုတ်ခဲဘယ် လောက်သယ်နိုင်တယ်ဆိုတာ စစ်ဆေးမယ်။

အုတ်ခဲပုံရှိတဲ့နေရာကို ဆရာတွေက ပြလိမ့်မယ်။ မသိတာရှိရင် ကြီးကြပ်တဲ့ဆရာတွေကိုမေး

နားလည်လား

နားလည်ပါတယ်

မေးစရာရှိသလား

မရှိပါဘူး

တန်းဖြုတ် စ လုပ်

ကျွန်တော်တို့ ပျဉ်းမနားဈေးဘက်သို့ အပြေးချီတက်ကြသည်။ အုတ်ခဲများများ သယ်နိုင်မှ အရွေးခံရမှာဟူ၍ စိတ်စောနေ ကြသည်။ အုတ်ခဲပုံများရှိသော နေရာများတွင် ဆရာများရှိနေကြသည်။ သယ်ရမည့် အုတ်ခဲပုံများကို ညွှန်ပြကြသည်။ ကျွန်တော်ပခုံးတစ်ဖက်တွင် အုတ်ခဲလေးလုံးစီ စုစုပေါင်းအုတ်ခဲ ရှစ်လုံးထမ်းပြီး ခပ်သုတ်သုတ်လျှောက်ခဲ့သည်။ အုတ်ခဲ ရှစ်လုံးမှာ စတင်သယ်စဉ်က မလေးလှသော်လည်း တဖြည်းဖြည်းလေးလာသည်။ မနိုင်မနင်းဖြစ်လာသည်။ ထိန်းသိမ်းရန်ခက်လာသည်။ လမ်းတစ်ဝက်ခန့် ရောက်သောအခါ ပခုံးတစ်ဖက်မှ အုတ်ခဲတစ်လုံးစီကိုပင် ချလိုက်သည်။

ကျွန်တော့်လိုပဲ လောဘတကြီးသယ်လာပြီး မနိုင်၍ပစ်ချထားသောအုတ်ခဲများ လမ်းတစ်လျှောက်လုံးတွင် ပြန့်ကျဲနေသည်။

ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ထားတာကို အစအဆုံးဖြစ်အောင်လုပ်ရမှာပေါ့ ဟု ကျွန်တော့်ကိုယ်ကျွန်တော် အားပေးပြီး ပထမအခေါက်တွင်  အုတ်ခဲရှစ်လုံးကို ရည်မှန်းချက်သို့ မရောက်ရောက်အောင် သယ်ယူခဲ့ပါသည်။ ကျွန်တော့် ခြေထောက်တွင် ယမန်နေ့က ပုလင်းကွဲရှထားသော ဒဏ်ရာနှင့်ဖိနပ်ပေါက်သော ဒဏ်ရာများ ရှိနေသည်။ လမ်းမြန်မြန်မလျှောက်နိုင်၊ မကြာခဏနားရသည်။ ကျွန်တော်သယ်လာခဲ့သောအုတ်ခဲ ရှစ်လုံးစလုံးကို ရည်မှန်းချက်သို့ အရောက်သယ်လာခဲ့သည်မှာ မှန်ကန်ပါသည်။ လမ်းတွင် အုတ်ခဲများပစ်ချကြသော  ရဲဘော်များကို  ဆရာများက လက်ခံမှတ်သားနေကြသည်ကို တွေ့ရပါသည်။

အုတ်ခဲများများသယ်နိုင်ရန် ရဲဘော်အချို့ဉာဏ်နီဉာဏ်နက်ထုတ်လာကြသည်။

ပထမအခေါက်အပြီးတွင် အခန်းသို့ပြန်ပြီး လုံချည်များ၊ စောင်များယူကာ ထုပ်ပိုးသယ်ကြသည်။

ဆက်လက်ဖော်ပြပါမည်။