မျက်မှောက်မျက်ကွယ် ဤနှစ်သွယ် စိတ်ဝယ်အတူထား

မျက်မှောက်မျက်ကွယ် ဤနှစ်သွယ် စိတ်ဝယ်အတူထား

မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ရင်းနှီးချစ်ခင်ရိုးသားသော စိတ်ထားဖြင့် ဆက်ဆံလျက်ရှိသည်။ မြန်မာတို့၏ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ဖြူစင်သည်။ ရိုးသားဖြောင့်မတ်သည်။ အခြားသောနိုင်ငံတို့၏ အရေးကိစ္စကို ရှုပ်ထွေးအောင်လုပ်ဆောင်ခြင်းမျိုးလုံး၀ မရှိခဲ့ပါ။ ကမ္ဘာတွင် မြန်မာနိုင်ငံကဲ့သို့သော စိတ်ထားမျိုး၊ ဆက်ဆံရေးမျိုးထားရှိကြမည်ဆိုလျှင် ကမ္ဘာကြီး သည်အေးချမ်းသာယာပျော်ရွှင်ဖွယ်အတိ ဖြစ်နေပေလိမ့်မည်။

ကမ္ဘာတွင်နိုင်ငံအချို့၊ ဒေသအချို့၌ ပဋိပက္ခများ၊ စစ်ပွဲဒဏ်များတွေ့ကြုံခံစားနေကြရသည်မှာ စိတ်ထားဖြောင့်မတ်မှန်ကန်မှု မရှိသောနိုင်ငံအချို့ကြောင့် ဖြစ်သည်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပါ။ အထူးသဖြင့် ဘက်လိုက်မှုဖြင့်လိုရာဆွဲကာ အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများကြောင့် ပဋိပက္ခများ၊ တင်းမာမှုများ ပေါ်ပေါက်နေသည်မှာ ထင်ရှားသော အကြောင်းအချက်ဖြစ်သည်။  တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ နိုင်ငံအချင်းချင်းချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံမှုများ တိုးတက်ဖြစ်ထွန်းစေရန် အစရှိသော ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂအဖွဲ့အစည်းသည်ပင် ရည်ရွယ်ချက်ကောင်းများ ပျောက်ကွယ်နေသည်မှာ ကမ္ဘာကြီးအတွက် ဝမ်းနည်းဖွယ်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်သြဂုတ်လ  ၁၇ ရက် တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်တွဲဆောင်ရွက်ရန်အတွက် သတင်းများနှင့် ပတ်သက်ပြီး ထိန်းထိန်း သိမ်းသိမ်းထုတ်ပြန်ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘောမဆောင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Noeleen Heyzer  တို့၏ တွေ့ဆုံမှုအပေါ်တွင် အထူးကိုယ်စားလှယ်မှ တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် တွေ့ဆုံစဉ်ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် သြဂုတ် ၂၀ ရက်နေ့ထုတ် သတင်းစာများတွင် ပြည့်စုံစွာ ဖော်ပြပေးထားပါသည်။

အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်သည် ပြည်ပနှင့်ပြည်တွင်းရှိ တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့များမှ ပေးပို့သော သတင်းအမှားများအပေါ် အခြေခံ၍ ဆွေးနွေးတောင်းဆိုမှုများ ဖြစ်သဖြင့် မြန်မာနိုင်ငံဘက်မှ ပကတိဖြစ်ရပ်မှန်များ၊ သတင်းအချက်အလက်အထောက်အထားများ ပြည့်စုံစွာဖြင့် ပြန်လည်ရှင်းပြခဲ့ခြင်းများကို ထင်ဟပ်ဖော်ပြခြင်း မပြုဘဲ ယင်းတို့၏ တစ်ဖက်သတ်ပြောကြားမှုများသာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြုသဘော ပူးပေါင်းဆွေးနွေးမှုများအပေါ် အနှောင့်အယှက်အဟန့်အတား ဖြစ်စေနိုင်သဖြင့် ဆွေးနွေးချက်များကို ပြည့်စုံစွာ ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း သီးခြားဖော်ပြချက်ဖြင့် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ နိုင်ငံတကာတွင် ပျံ့နှံ့နေသောသတင်းများမှာ ပြည်တွင်း၌ ပကတိဖြစ်ပေါ်နေသော အခြေအနေမှန်များနှင့် ကွဲလွဲလျက်ရှိသည်။ သတင်းအများစုမှာ လုံးဝမှားယွင်းနေပြီး အချို့မှာ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်သည့် သတင်းအမှားများသာ ဖြစ်သည်။ နိုင်ငံတကာတွင် ထင်ရှားသည့် သတင်းဌာနများ၊ အရှိန်အဝါကြီးသည့် သတင်းဌာနများက ရယူသည့် မြန်မာနိုင်ငံတွင်းမှ သတင်းအရင်းအမြစ်များမှာ အကြမ်းဖက် အုပ်စုများနှင့် ယင်းတို့၏ အဆက်အနွှယ်များထံမှ တစ်ဖက်တည်း ရယူနေခြင်းသာဖြစ်သည်။ အထောက်အထား သက်သေသာဓကများ၊ စာရင်းဇယား အချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းများကို ရယူပြီး အမှန်နှင့် နီးစပ်အောင် ချိန်ထိုးစဉ်းစားခြင်း၊ မျှတစွာ တွေးခေါ်ရေးသားခြင်း၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏ မစဉ်းစားဘဲ လိုရာဆွဲကာ ရေးသားခြင်းကြောင့် နိုင်ငံတော်အစိုးရက ဂုဏ်သိက္ခာရှိစွာ လက်ခံခဲ့သော အထူးကိုယ်စားလှယ်သည်ပင် အမှားနွံထဲတွင် နစ်မြုပ်နေကြောင်း တွေ့မြင်ရသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံသား ဦးသန့်သည် တတိယမြောက်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိသက်တမ်း(၂) ကြိမ်ထမ်းဆောင်ခဲ့ပါသည်။ ဦးသန့်က ၎င်း၏ View From the UN စာအုပ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ အရေးတကြီး လိုအပ်ချက်မှာ စီးပွားရေး တိုးတက်ရေးနှင့် လူနေမှု အဆင့်မြင့်မားရေးဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ယင်းသို့ အခြေအနေဖြစ်ပေါ် လာအောင် အဓိက ဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ တိုးတက်ကြီးပွား ရေးတာဝန်သည် အတွင်းရေးမှူးချုပ်၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်ဟု ကျွန်တော်ခံယူပါသည်ဟူ၍ ရေးသားထားပါသည်။ အနှစ်ချုပ်ဆိုရသော် မျက်မှောက်မျက်ကွယ် ဤနှစ်သွယ် စိတ်ဝယ်အတူထားသည့် စိတ်ထားဖြင့် မြန်မာ့အရေးကို မှန်ကန်စွာရှုမြင်ခြင်းကိုသာ မြန်မာပြည်သူတစ်ရပ်လုံးက လိုလားပါကြောင်း ရေးသားလိုက်ရပေသည်။   ။