ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၀)

လက်ချည်းသက်သက် သယ်ရန်ခိုင်းသည်ကို ထုပ်ပိုးပစ္စည်းမသုံးသင့်ဟု ယူဆသဖြင့် ကျွန်တော်သူတို့လို မလုပ်ပါ။ ဒုတိယအခေါက်တွင်    ကျွန်တော်အုတ်ခဲ ခြောက်လုံးကို   မရရအောင်သယ်နိုင်ခဲ့ပါသည်။

ပန်းဝတ်ရည်ကိုစုပ်ပြီး ပျားအုံရှိရာသို့ ပို့သည့်ပျားကပို့ပြီး ပျားအုံမှပန်းများရှိရာသို့ သွားသည့်ပျားများက သွားနေကြသည့်နှယ်  အုတ်ခဲသယ်နေကြသော ရဲဘော်များ အသွားအပြန်လူးလာ ဆန်ခတ်သွားလာလျက် ရှိကြသည်။ ကျွန်တော်တို့ အုတ်ခဲသယ်ပွဲကြီးကို ဗိုလ်ကြီး၊ ဗိုလ်လေး၊ ဆရာများသာမက တပ်ရင်းမှူးကိုယ်တိုင်မြင်းကြီးစီးပြီး တစ်ညလုံးလေ့လာကြည့်ရှုလျက်ရှိပါသည်။

ခေါက်ရေများလာသည်နှင့်အမျှ မောလဲနေသောရဲဘော်များ၊ ဒူးနာ၊ ခြေထောက်နာ၊ ဖိနပ်ပေါက် အနာတရဖြစ်သော ရဲဘော်များ ရှိလာပါသည်။ ကျွန်တော့်ခြေထောက်ညာဘက်ခြေချင်းဝတ်ရှေ့ဘက်မှ ဖိနပ်ပေါက်သောဒဏ်ရာမှာ ပို၍ဆိုးလာသည်။ အနာသည် အကွေးအဆန့်လုပ်ရသောနေရာတွင် ဖြစ်သဖြင့် ကွေး၍ဆန့်၍မရလောက်အောင် နာကျင်လှသဖြင့် ခြေထောက်ကိုတရွတ်တိုက်ဆွဲ၍ လျှောက်နေရပါသည်။ ဖိနပ်စီး၍လမ်းလျှောက်မရသောအခြေအနေသို့ ရောက်လာသောအခါ ဖိနပ်ကိုချွတ်ပြီး ဖိနပ်မပါဘဲ အလုပ်ကို ဆက်၍လုပ်ရပါသည်။ ဖိနပ်မပါသောအခါ ပုလင်းကွဲရှသည့်အနာက   နာလာပြန်ပါသည်။

ပင်ပန်းခြင်း၊ မောပန်းခြင်း၊ နာကျင်ခြင်း စသောဒုက္ခဝေဒနာများ စက္ကန့်နှင့်အမျှ၊မိနစ်နှင့်အမျှခံစားနေရပါသည်။ လောကငရဲဆိုတာ ဒါပဲလား။ နားဖို့အချိန်မရ။

ထိုင်နေဖို့အချိန်မရှိ။ အချိန်သည် အဖိုးတန်လှသည်။ 

အဖိုးတန်သော အချိန်ကလေးကလည်း ကုန်ခဲလှသည်။ မိုးကလည်းလင်းခဲလှသည်။ နံနက် ၇ နာရီထိုးမှ မနားမနေလုပ်နေရသောလုပ်ငန်းကြီး ပြီးဆုံးမည် မဟုတ်ပါလား။

နံနက် ၇ နာရီတွင် အုတ်ခဲသယ်ပွဲကြီး ပြီးဆုံးကြောင်း အချက်ပေးခရာမှုတ်လိုက်သောအခါ ကျွန်တော် ရောက်သည့်နေရာတွင် ခေတ္တမျှလှဲအိပ်လိုက်မိပါတော့သည်။

ဤစမ်းသပ်စစ်ဆေးပွဲကြီးတွင် အုတ်ခဲများများ သယ်နိုင်သည်မှာ အဓိကအချက်မဟုတ်ပါ။ ရဲဘော်တစ်ဦးချင်း၏ ကြံ့ခိုင်မှု၊ ဇွဲရှိမှု၊ စိတ်ဓာတ်ကောင်းမှု၊ တစ်ကိုယ်ကောင်းစိတ်မထားမှု၊ စည်းကမ်းရှိမှု အမိန့်နာခံတတ်မှု စသည်တို့ကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်ပါတော့သည်။ ဤစမ်းသပ်ပွဲကြီးကို ကျွန်တော်သည် ကျော်လွှားအောင်မြင်ခဲ့ပါသည်။ ကျွန်တော်အကြပ်သင်တန်း(အင်န်စီအို) တက်ရန် အရွေးခံရပါသည်။

အရွေးခံရသောစစ်ကိုင်းသားများမှာကိုသောင်းဒန်၊ ကိုအောင်မြတ်၊ ကိုနေထွန်း၊ကိုလှဆွေ၊  ကိုဘထွေး၊  ကိုသိုးထိန်း၊ ကိုသန့်ဇင်၊ ကိုခင်မောင်ညို၊ ကိုခင်မောင်ထွန်း၊ ကိုရဲလှ(ကိုတင်လှိုင်)၊ ကိုစိုးမင်းနှင့် ကျွန်တော်တို့ ဖြစ်ပါသည်။

တပ်ရင်း(၄)သည် ကျွန်တော်တို့၏ ဘဝ၀င်ပေါက်ဟုဆိုရပေမည်။ တပ်ရင်း(၄)တွင် ကျွန်တော်တို့အား မှတ်ကျောက်တင်ပြီး တစ်သက်တာလျှောက်လှမ်းရမည့် ဘဝလမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ပါပြီ။

အကြပ်သင်တန်းမှ  ဗိုလ်သင်တန်းသို့ လည်းကောင်း၊ ဗိုလ်သင်တန်းမှ ဂျပန်ဘုရင့် စစ်တက္ကသိုလ်သို့ လည်းကောင်း တက်ရောက်နိုင်ရန်အတွက် ကြိုးစားရပေဦးမည်။

ဘဝိတ္တံမေ

ဘဝိတ္တံမေ- ငါ၏ကြီးပွားရာ၊ အောင်မြင်ရာဟူ၍ စွဲလမ်းစရာနေရာများ လူတို့တွင်ရှိကြသည်။

ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) သည် ကျွန်တော့်ဘဝ၏ ဝင်ပေါက်ဖြစ်ပါသည်။ တပ်ရင်း(၄) တွင် ရဲဘော်တစ်ဦးချင်း၏ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ဇွဲကောင်းမှု၊ စိတ်ဓာတ်ကောင်းမှု၊ တစ်ကိုယ်ကောင်းစိတ်မထားမှု၊ စည်းကမ်းကောင်းမှု အမိန့်နာခံတတ်မှု စသည်တို့ကို အဘက်ဘက်မှ လေ့လာစစ်ဆေးမှတ် ကျောက်တင်ပြီးနောက် မင်္ဂလာဒုံဗိုလ်သင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ခဲ့ရာ ကျွန်တော်အရွေးခံခဲ့ရပါသည်။

ဗိုလ်သင်တန်းတက်ရောက်ရန် အရွေးချယ်ခံရခြင်းသည် ကျွန်တော့်အတွက် ဘဝတစ်သက်တာ လျှောက်လှမ်းရမည့် အောင်မြင်ခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်၍ ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၄) သည်လည်းကောင်း၊ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း သည်လည်းကောင်း၊ ကျွန်တော့်ဘဝ၏ကြီးပွားရာ၊  အောင်မြင်ရာဟူ၍   စွဲလမ်းစရာနေရာများ ဖြစ်ကြပါသည်။

တပ်ရင်း(၄) မှ ကျွန်တော့် တပ်ခွဲမှူးဗိုလ်မိုးညို(ရဲဘော်သုံးကျိပ်ဝင်-ကွယ်လွန်)သည် ကျွန်တော့်ကို အောင်မြင်ရာ လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်သော ကျေးဇူးရှင်ဆရာသမား အရင်းကြီးဖြစ်သည်ဟု ကျွန်တော့်စိတ်ထဲတွင် ထာဝစဉ်စွဲမှတ်ထားမိပါသည်။

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းသည် အထက်တန်းပညာကို ဆုံးခန်းတိုင်မသင်ကြားနိုင်ခဲ့သော ကျွန်တော့်ကို တပ်မတော်တွင် အရာရှိတစ်ဦးဖြစ်အောင် သင်ကြားမွေးထုတ်ပေးလိုက်သော၊ ကျွန်တော့်ကိုဘဝ၏ကြီးပွားရာ၊  အောင်မြင်ရာလမ်းကြောင်းပေါ်သို့တင်ပေးလိုက်သော ကျောင်းကြီးဟူ၍ စွဲလမ်းမှတ်သားမိပါသည်။ တပ်ရင်း(၄)မှ ဒုတိယပတ် မင်္ဂလာဒုံဗိုလ်သင်တန်းတက်ရောက်ရန်အတွက် ရဲဘော်သစ်များအတွင်းမှပင် ရွေးချယ်ပါသည်။ အရာရှိများ၊ အကြပ်ဆရာများသည် ရဲဘော်သစ်များကို နံနက်မိုးလင်းမှ ညအိပ်ရာဝင်သည်အထိ သွားလာလှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်မှု များကိုလည်းကောင်း၊ သင်တန်းအတွက်လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်းကောင်း တစေ့တစောင်း လေ့လာမှတ်သား ထားကြပြီး    ဒုတိယပတ်ဗိုလ်သင်တန်းအတွက် လျာထားကြပါသည်။ လျာထားသူများထဲမှ အင်္ဂလိပ်-မြန်မာ ၈ တန်း သို့မဟုတ် မြန်မာ ၈ တန်းအောင်မြင်ပြီးသူများကို ရေးဖြေစာမေးပွဲဖြင့် စစ်ဆေးခဲ့ပါသည်။ ရေးဖြေစာမေးပွဲ အောင်မြင်သူများကို ပဏာမ ရွေးချယ်ခံထားရသူများအဖြစ် သတ်မှတ်သည်။       

             ဆက်လက်ဖော်ပြပါမည်။