ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး

တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့ အစည်းကို အားပေးထောက်ခံတဲ့ အဖွဲ့တွေကလွဲလို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်သလို လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက် မထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားချက်နှင့်အညီ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။ 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ ထာဝရငြိမ်း ချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည် ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ တိုင်းရင်း သားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ ဟူသောဆောင်ပုဒ်များဖြင့် ရင်တွင်းဆန္ဒကိုဖော်ထုတ် ပြသကြိုဆိုလျက်ရှိသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ကမ်းလှမ်းချက် များနှင့်အတူ  ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဃြဗ ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်နေခြင်း ဖြစ်သည်။ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေးနှစ်ကျော်ကာလ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားသည်မှာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

ပြည်ထောင်စု စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသည့် သဘောထားခံယူချက်ကို မွေးမြူကြပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ရည်မှန်းချက်ထားကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းမှသာ ပြည်သူလူထု၏ လူမှုဘဝတိုးတက်ရေးကို အလေးထား ဆောင်ရွက်နိုင်မည် ဖြစ်သည်မှာ အမှန်တရားဖြစ်သည်။

မငြိမ်းချမ်းသေးသော ဒေသနှင့် ငြိမ်းချမ်းသောဒေသတို့၏ လူနေမှုဘဝ အခြေအနေမှာ ကွာခြားလှသည်။ မည်သည့်လူသားကမျှ မငြိမ်းချမ်းသောဒေသတွင် နေထိုင်လိုစိတ်ရှိကြမည် မဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခ ကင်းစင်ချုပ်ငြိမ်းမှုကိုသာ မျှော်လင့်တောင့်တကြသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဆွေးနွေးခြင်းကို ပြည်သူများက ရာနှုန်းပြည့်ထောက်ခံနေခြင်း ဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို  ကာကွယ်စောင့်ရှောက်လျက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးပေါ်ထွန်း လာစေရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ကူညီဆောင်ရွက်နေခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သော တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကိုပုံဖော်နေခြင်း ဖြစ်သည့်အတွက် တိုင်းရင်းသားပြည်သူအားလုံးနှင့် နိုင်ငံတော် ၏အမျိုးသား အကျိုးစီးပွားဖြစ်သော အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်နေခြင်း ဖြစ်သည်။

တပ်မတော်သည်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်ဖြစ်ပေါ်လာရေးကို တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အဓိက ဆောင်ရွက်လျက်ရှိသည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာများ ဖူလုံရေးလုပ်ငန်းစဉ်များတွင်လည်း တပ်မတော်အနေဖြင့်ကျရာအခန်းကဏ္ဍမှ တစ်ထပ်တစ်အားတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သာယာရေးမှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သူအပေါင်းတို့၏ လိုလားနေသည့် ဆန္ဒဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်သူများကကြိုဆိုနေကြသလို တပ်မတော်ကလည်း လက်ကမ်းကြိုဆိုပါသည်။ 

နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုသားအားလုံး လက်တွဲဆောင်ရွက်ကြမည်ဆိုပါက ရည်မှန်းချက်ပန်းတိုင်သို့ အချိန်တိုအတွင်းရောက်ရှိမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။