တိုင်းပြည်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးတွင် ပညာရည်ပြည့်ဝသော ပညာရှိများ အများအပြားလိုအပ်ပေသည်။ မြန်မာ့သမိုင်းတွင် ခေတ်အလိုက် မြန်မာပညာရှိများ မြောက်မြားစွာပေါ်ထွက်ခဲ့သည်။ အတွေးအခေါ် အယူ အဆမြင့်မားပြီး မိမိနိုင်ငံ တိုးတက်ရေးကိုရှေးရှုသော ပညာရှိများစွာတွင် ယောမင်းကြီး ဦးဘိုးလှိုင်သည် အထင်ရှားဆုံးဟုပင် စံတင်ထားထိုက်ပေသည်။ ယောမင်းကြီးသည် ကုန်းဘောင်နှောင်း ခေတ်မင်းဆက် နှစ်ဆက်တိုင်တိုင် တာဝန်ထမ်းဆောင်ရသော ပညာရှိကြီးဖြစ်သည်။ လယ်တီဆရာတော်အလောင်းအလျာ အရှင်ဉာဏဓဇသည် မန္တလေးမြို့တွင် စာဝါလိုက်စားနေစဉ် မြန်မာစာအရေးအသားနှင့် ပတ်သက်၍ ယောမင်းကြီးခေါ် ရွှေပြည်ဝန်ကြီးထံတွင် သင်ယူခဲ့ရကြောင်း မှတ်သား သိရှိရသည်။
ယောမင်းကြီးမှာ နိုင်ငံအတွက်ဆိုလျှင် မှန်ရာကို ရဲရဲဝံ့ဝံ့ပြောဆိုတတ်သည်။ တစ်ခါသော် မင်းတုန်းမင်း၏ နေ့ညီလာခံတွင် အတွင်းရေးကိစ္စများ ပြောဆိုဆွေးနွေးကြသည်။ မင်းတုန်းမင်းကြီးနှင့်အတိုက်အခံအငြင်းပွား ကြသည်။ ယောမင်းကြီးက “အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း၊ တစ်ပါးတည်း” ဟုရှိ ကြောင်းပါဘုရားဟု တင်လျှောက်သည်။ မင်းတုန်းမင်းက “ငလှိုင်၊ သည်လှံကိုကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံတုံး” မေးတော်မူရာ “အရှင့်ခမည်းတော်ဘုရား ကိုင်တော်မူသော လှံဖြစ်ပါကြောင်း” လျှောက်သည်။ မင်းတုန်းမင်းကြီးက “ငါ့ခမည်းတော်သည် ဤလှံနှင့် မည်သူ့ကိုစီရင်သနည်း” မေးတော်မူရာ “ကျွန်တော်မျိုးကျေးဇူးရှင် အဖကိုစီရင်ပါကြောင်း” လျှောက်သည်။ “ဤလှံတော်ဖြင့် မောင်မင်းစီရင်ခြင်းကို ခံလိုသလား” ဟု မေးတော်မူရာ
ယောမင်းကြီးက “ထိုးတော်မူပါဘုရား”ဟု ရင်ဘတ်ကိုကော့၍ ပေးတော်မူလေသည်။ မင်းတရားကြီးလည်း လှံတော်ကိုကိုင်၍ အတွင်းတော်သို့ ဝင်တော်မူလေသည်။
ကျန်သောဝန်ကြီးများက “ဝန်ကြီးမင်းမလဲ တင်းတင်းမာမာရဲပဲ ရဲလွန်းလှသဗျာ”ဟု ပြောကြသည်။
“ကျွန်ုပ်ကို သည်လှံထိုးသတ်၍ သေရခြင်းကားမြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍စီမံသော မကောင်းမှု ဖြစ်ပွားနေသည့်အတွက် သေသွားသော ရွှေပြည်ဝန်ကြီးသည် မင်းကြိုက်တင်သည့်အတွက် နိုင်ငံတော်ပျက်စီး ရခြင်းဖြစ်လေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလေလျှင် သေကျိုးမနပ်ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းက နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်ကြ၍ တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင် ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူမည်”ဟု ပြောပြလေသည်။
ယောမင်းကြီးစိတ်ဓာတ်နှင့် လုပ်ရပ်သည် စံထားအတုယူသင့်သော စိတ်ဓာတ်နှင့် လုပ်ရပ်ဖြစ်သည်။ မြန်မာ ရာဇဝင်ကိုပြန်လည်လေ့လာတိုင်း ကနောင်မင်းသားကြီးနှင့် ယောမင်းကြီးခေါ် ရွှေပြည်ဝန်ကြီးတို့၏ လုပ် ဆောင်ချက်များကို အားရကျေနပ်မိသည်။ ယောမင်းကြီးသည် ကျမ်းစာပေါင်းများစွာကို ရေးသားခဲ့သည်။ မြင်းထိန်းငတာဆိုသူသည် ယောမင်းကြီးရေးသားသော “ဝိမုတ္တိရသကျမ်း၊ ကာယာနုပဿနာကျမ်း၊ ဥတု ဘောဇနကျမ်းများမှာ အလွန်ကောင်းမွန်ကြောင်း၊ အသက်ရှည်ဖို့ နည်းလမ်းကောင်းတွေပါကြောင်း၊ လူတိုင်း ဖတ်သင့်ကြောင်း” တိုက်တွန်းပြောဆိုနေလေသည်။
ထိုအကြောင်းကို ယောမင်းကြီးကြားသိသောအခါ မြင်းထိန်းငတာကို အမြန်သွားခေါ်ခိုင်းလိုက်သည်။ ငတာရောက်လျှင် “ဟဲ့-ငတာ၊ မောင်မင်း ငါရေးထားတဲ့ ကျမ်းများကို လူတကာကိုကြည့်ရှုရန် တိုက်တွန်း ပြောဆိုသည်လို့ ငါကြားရတယ်။ ဟုတ်ကဲ့လား” ဤအခါ ငတာက ဝမ်းသာအားရနှင့် “မှန်ပါဘုရား” ဟုလျှောက်ထားရာ “ဘယ်ကျမ်းများကို မောင်မင်းပြောပြသတုံးဗျာ” မေးလိုက်သည်။ ငတာက “မှန်ပါ။ ဝိမုတ္တိရသကျမ်း၊ ကာယာနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းများဖြစ်ပါကြောင်းပါဘုရား” ဖြေသည်။ ယောမင်းကြီးက “မောင်မင်း ၎င်းကျမ်းများကိုကြည့်ဖူးပါသလား” မေးပြန်သည်။ ငတာက “မကြည့်ဖူးပါ၊ မြင်လည်းမမြင်ဖူးပါ၊ သူတို့လူကြီးများ ပြောကြသည်ကိုကြားရ၍ ဘုရားကျွန်တော်မျိုးလည်း လူတွေ့တိုင်း ပြောပြကြောင်းပါဘုရား” ဖြေသည်။
ထိုအခါ ယောမင်းကြီးက ဒေါင်းဒင်္ဂါး ၁၆ ပြားထုတ်ပေး၍ ထိုငွေနှင့်ပုဆိုးဝယ်ဝတ်ပါ။ နောက်ကိုယနေ့မှစ၍ ငါရေးသော ကျမ်းများကို လူတွေ့တိုင်းမချီးမွမ်းလေနှင့်။ ကြည့်ရှုရန်လည်း မတိုက်တွန်းပါနှင့် ပြောဆို မှာကြားလိုက်သည်။ မြင်းထိန်းငတာက “ဘာကြောင့်ပါလဲဘုရား” ဟုလျှောက်ရာ ယောမင်းကြီးက “နင်မှစာမတတ်ဘဲနဲ့ ငါရေးတဲ့စာတွေ ချီးမွမ်းပါလျှင် ငါပါပစ်ရနေမှာပေါ့။ မတတ်တဲ့သူက ချီးမွမ်းပြောဆို ခြင်းသည် ငါ့ကိုသတ်သည်နှင့်တူသည်။ နင်ဘယ်သောအခါမှ မပြောနဲ့နော်”ဟု မှာကြားလိုက်လေသည်။
အထက်ပါဖြစ်ရပ်များမှာ မှော်ဘီဆရာသိန်းရေးသော မြန်မာ့လွှတ်တော်ဝန်ကြီးမှူးကြီးများ၏ အတ္ထုပ္ပတ္တိ စာအုပ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ယောမင်းကြီးကဲ့သို့ မှန်ရာကိုပြောဆိုရဲသောပညာရှိ မှူးမတ်များ လိုအပ်လှသကဲ့သို့ ထို့အတူ မြင်းထိန်းငတာကဲ့သို့ တကယ်မသိဘဲ သိသယောင်ဆောင်တတ်သော လူငယ်များမရှိရန်လည်း လိုအပ်လှပါကြောင်း ရေးသားလိုက်ရပေသည်။ ။