ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၁)

ပဏာမရွေးချယ်ခံရသူများအား တစ်ဦးချင်း၏ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်ဓာတ်ကောင်းမှု၊   ဇွဲရှိမှု    စသည်တို့ စမ်းသပ်ပွဲကြီးကို ဧပြီလ ၂၆ ရက် ည ၁၂ နာရီမှနောက်တစ်နေ့နံနက် ၇ နာရီအထိ ပျဉ်းမနားဈေးအနီးရှိ အုတ်ခဲပုံကြီးကို တပ်ရင်းအတွင်းသို့ သယ်ယူစေခြင်းဖြင့် စမ်းသပ်ခဲ့ပါသည်။

စမ်းသပ်ပွဲကြီးတွင်  မအောင်မြင်သူများရှိကြသည်။

အောင်မြင်သူများကို မင်္ဂလာဒုံဒုတိယပတ် ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ရန် အပြီးသတ် ရွေးချယ်လိုက်ပါသည်။

အုတ်ခဲသယ်ပွဲကြီး နံနက် ၇ နာရီတွင် ပြီးဆုံး၍ ကျွန်တော်တပ်ခွဲသို့သွားရောက်သတင်းပို့သောအခါ နားနိုင်သည်ဟု သိရသဖြင့် အိပ်ရေးပျက်ပြီး ခြေကုန်လက်ပန်းကျနေသော ကျွန်တော်သည် အိပ်ရာထဲသို့ ခြေပစ်လက်ပစ်ဝင်ရောက်အိပ်လိုက်မိပါသည်။ နံနက်စာနှင့်နေ့လယ်စာကိုပင် ထမစားနိုင်တော့ပါ။ အရွေးခံရသည်မခံရသည်ကိုပင် မသိတော့ပါ။

နေ့ခင်း ၁ နာရီခန့်တွင် အင်န်စီအိုတွေတန်းစီ ဟု အော်သံကြားရသဖြင့် အိပ်ရာမှလူးလဲထကာ အပြေးအလွှားတန်းစီရပြန်ပါသည်။ ဗိုလ်သင်တန်းကျောင်းတက်ရမည့် သူများစာရင်းကို ကြေညာသောအခါ ကျွန်တော့်အမည်ပါလာသဖြင့် ဝမ်းသာမိပါသည်။

အရွေးချယ်ခံရသူများကို တပ်ခွဲသို့ပြန်ပြီး မိမိကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော စစ်ဝတ်စုံမှတစ်ပါး ကိုယ်ပိုင်ပစ္စည်းဟူ၍ ဘာတစ်ခုမှမကျန်တော့ပါ။ အိမ်မှပါလာသော အရပ်ဝတ်များမှာ ဆရာများနှင့်ရဲဘော်ကြီးများက ဘီအိုင်အေတပ်သွားပြီ ဖြစ်ပါသည်။ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ဘဝကို စတင်ရုန်းကန်ရပေတော့မည်။

မင်္ဂလာဒုံဗိုလ်သင်တန်းတက်ရမည့်ရဲဘော်များ တန်းစီပြီး တပ်ရင်း(၅)ရှိရာ သစ်တောကျောင်းသို့ ချီတက်ကြရပါသည်။

တပ်ရင်း(၅)လေ့ကျင့်ရေးကွင်း အတွင်းတွင် တပ်ရင်း(၄)၊ တပ်ရင်း(၅)နှင့် အခြားတပ်များမှ ဗိုလ်သင်တန်း တက်ရမည့် ရဲဘော်များအားလုံးတန်းစီကြရပါသည်။ တန်းစီထားသော ရဲဘော်များရှေ့တွင် မြန်မာ အရာရှိများအပြင် ဂျပန်အကြံပေးအရာရှိများ ရှိနေကြသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ရန်အောင်ကိုလည်း တွေ့ရသည်။ ဗိုလ်မှူးရန်အောင်သည် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး၊ နှုတ်ခမ်းမွေးများကို ရိတ်မထားသဖြင့် မျက်နှာတစ်ခုလုံးမည်းတူးနေသည်။ သူ့လက်သုံးတော်ဓားကို ခါးတွင်ချိတ်မထားဘဲကြိုးနှင့် တန်းလန်းမြေကြီးတွင် တရွတ်တိုက်ဆွဲကာ လမ်းလျှောက်နေသည်။ ဗိုလ်မှူးရန်အောင်သည် ကွင်းအတွင်းရှိ မည်သူ့ကိုမှ ဂရုမစိုက်သည့်ပုံ အမူအရာမျိုးတွေ့မြင်နေရပါသည်။ ဂျပန်အကြံပေး အရာရှိများကလည်း သူ့ကို လေးလေးစားစားဆက်ဆံကြကြောင်း တွေ့ရသည်။

ည ၁၁ နာရီတွင် နောက်တစ်နေ့နံနက်စာအတွက် ထမင်းထုပ်များထုပ်ပေးရာ ရဲဘော်တစ်ဦးလျှင် ထမင်းထုပ်တစ်ထုပ်စီ ရကြသည်။ ညသန်းခေါင်ကျော် ၁ နာရီခန့်တွင် တန်းစီပြီးနောက် ရဲဘော်များ ထမင်းထုပ် ကလေးများကိုပိုက်ကာ ပျဉ်းမနားဘူတာရုံသို့ ချီတက်ကြရပါသည်။ ရဲဘော် အားလုံးရထား ပေါ်တက်ပြီးသောအခါ ရထားစတင်ထွက်ခွာပါသည်။ ရဲဘော်များစီးရသောတွဲများမှာ  လူစီးတွဲများမဟုတ်ပါ၊ ငါးပိ၊ ငံပြာရည်စော်နံနေသော ကုန်တွဲများဖြစ်ပါသည်။

ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် တောင်ငူသို့ရောက်ရှိသည်။ ရထားဆက်မသွားဘဲ တောင်ငူတွင်နားခိုမည်ဖြစ်၍ ရဲဘော်များ ရထားပေါ်မှဆင်းကြရသည်။ တန်းဖြုတ်ပြီးနောက်  ဘူတာရုံအတွင်းတွင်ပင် အနားပေးထားသည်။ ဟိုဟိုဒီဒီသွားခွင့်မပြုပါ။ မြို့တွင်းသို့မလည်ပတ်ရသော်လည်း တပ်ရင်းတွင် စည်းကမ်းနှင့်ကျပ်ကျပ်တည်းတည်းနေခဲ့ရသော ကျွန်တော်တို့အဖို့ ယခုလို ခရီးထွက်သောအခါ အပြင်လောကကြီးနှင့် ထိတွေ့မှုရှိပြီး လွတ်လွတ်လပ်လပ်ရှိနေသည်ဟု ခံစားမိသဖြင့် ပျော်ကြသည်။

ကျပ်တည်းသောအချိန်ဇယားဖြင့် လုပ်ကိုင်လှုပ်ရှား နေရသောဘဝကို လူတွေမုန်းကြသည်။ လူ့သဘာဝအရ လွတ်လွတ်လပ်လပ်နေထိုင်လိုကြသည်။ ဗမာ့တပ်မတော်တည်ထောင်ခါစအချိန်တွင် တပ်မတော်သား ရဲဘော်များသည် မိမိအတွက် ကိုယ်ပိုင်အချိန်ကလေးများ မပေးနိုင်ကြပါ။ တိုင်းပြည်အတွက် တပ်မတော်အတွက်

သာ အလေးထားနေကြရသည်။ လွတ်လပ်သော ကိုယ့်တိုင်းပြည်၊ ကိုယ့်တပ်မတော်နှင့်နေထိုင်လိုကြ၍ ကြိုးပမ်းနေရချိန် ဖြစ်သောကြောင့် ပင်ပန်းဆင်းရဲမှုကို မမှုကြပါ။ တစ်ခါတစ်ရံ ကျပ်ကျပ်တည်းတည်း နေထိုင်သွားလာလှုပ်ရှား လေ့ကျင့်နေကြရသည့်ကြားမှ ရတောင့်ရခဲ အသက်ရှူပေါက်ကလေးရရှိသော အချိန်များတွင် လူငယ်တို့သဘာ၀ ပျော်ပျော်နေတတ်ကြသည်။ ခရီးသွားရန်ဝါသနာပါသော ကျွန်တော့်အဖို့ ရင်းနှီးပြီးသော ရဲဘော်များနှင့်အတူ မီးရထားဖြင့် ခရီးသွားရသောကြောင့်ပို၍ပျော်ပါသည်။

နံနက်စာအဖြစ် ပျဉ်းမနားမှယူလာခဲ့သောထမင်းထုပ်ကိုစားကြရသည်။ နေ့လယ်စာကို တောင်ငူဘူတာရုံ အနီးတွင်ရှိသော ဂျပန်တပ်စခန်းကကျွေးသည်။ ညနေ ၃ နာရီတွင် ရထားပေါ်သို့တက်ကြရပြီး ရထားစတင် ထွက်ခွာပါသည်။ ပူပြင်းလှသော ဧပြီလတွင် ငါးပိပုပ်၊ ငံပြာရည်ပုပ်စော်နံလှသော ကုန်တွဲများအတွင်း စီးနင်းကြရသောဒုက္ခမှာ မသေးလှပါ။ သို့သော်ကျွန်တော်တို့သည် ဗိုလ်သင်တန်းတက်ရန် သွားကြရသော ခရီးဖြစ်၍ ဆင်းရဲဒုက္ခရောက်ကြသည်ဟုမထင်ကြတော့ပါ။ အားလုံးတက်ကြွပျော်ရွှင်လျက်ရှိကြသည်။

ဧပြီလ ၂၉ ရက် နံနက် ၆ နာရီတွင် သင်္ဃန်းကျွန်းသို့ရောက်သည်။ ကျွန်တော်တို့မဆင်းရသေးပါ။ ရထားအတော်ကြာကြာရပ်နေပြီးမှ ပြန်ထွက်သည်။ ရန်ကုန်ဘူတာကြီးသို့ ရောက်သောအခါ နံနက်၁၀ နာရီကျော်ခန့် ရှိနေပါပြီ။ ရန်ကုန်ဘူတာကြီးမှ ထိုင်ခုံပါသော ဘတ်စကားကြီးများစီး၍ မင်္ဂလာဒုံသို့ သွားရသောအခါ လူလူသူသူဖြစ်လာသော ကျွန်တော့်ဘဝကို ကျေနပ်နေမိပါတော့သည်။

         ဆက်လက်ဖော်ပြပါမည်။