ပြည်သူ့အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့       

ပြည်သူ့အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့       

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ပိုမိုခိုင်မာ တည်တံ့ရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ကြရာ၌ ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးနှင့် နိုင်ငံသားအားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုသည်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ နေပြည်တော်ရဲတပ်ဖွဲ့နှင့်သီးခြား လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် တပ်ဖွဲ့များကို ဆိုလိုသည်။ သီးခြားလုပ်ငန်းတာဝန် ဆောင်ရွက်ရန် ဖွဲ့စည်းထားသော တပ်ဖွဲ့များတွင်တပ်ဖွဲ့ ၁၆ ဖွဲ့နှင့် ရဲလေ့ကျင့်ရေးကျောင်းများပါဝင်သည်။ ထိုကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဖွဲ့စည်းမှုအရပ်ရပ်ကိုလေ့လာခြင်းဖြင့် အဓိကတာဝန်ကြီးဖြစ်သော လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရဲတပ်ဖွဲ့၏စွမ်းရည်နှင့် အရည်အသွေးမြင့်မားအောင် တည်ဆောက်ရေး၊ လိုအပ်သည့် အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရေးတို့သည် လည်း မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်များ ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်မှာ ပြည်သူတစ်ဦးချင်းအနေဖြင့် ယင်းတို့၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်မရှိ၊ အေးချမ်းပျော်ရွှင်စွာ ထမ်းရွက်နိုင်ရေးပင် ဖြစ်သည်။ သို့မှသာ တာဝန်ကျေပွန်ပြီး အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်အတူ ရည်မှန်းချက်အတိုင်းပေါက် မြောက်အောင်မြင်မည် ဖြစ်သည်။ ထိုသို့အောင်မြင်ရေးအတွက် နိုင်ငံတော်တစ်နံတစ်လျားမည်သည့် နေရာဒေသမျိုးတွင်မဆို ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးတို့မရှိမဖြစ် လိုအပ်သည်။

ထိုအခြေအနေမျိုး ရောက်ရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ကောင်းဖြင့် ပြည်သူ့အတွက် ဦးထိပ်ထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တိုင်းပြည်အတွက် တစ်နည်းဆိုသော်ပြည်သူ့အတွက် ပြည်သူအတွင်းမှ မွေးဖွားလာသော သားသမီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။ ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်မည့် တပ်ဖွဲ့ဖြစ်ပေရာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ပြောင်းလဲတိုးတက်လာပြီ ဖြစ်သည်။

ခေတ်မီနည်းပညာများ တိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကိုလည်း မြင့်မားစေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် အဖွဲ့အစည်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးနေခြင်းမှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝပိုမို တိုးတက်မြင့်မားအေးချမ်းရေးအတွက်ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ၂၁ ရာစုကာလတွင် အဓိကခြိမ်းခြောက်လာသည့်မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ အကြမ်းဖက်လူသတ်ဓားပြတိုက်မှုများ၊ လူကုန်ကူးမှုများ၊ သက်ငယ်မုဒိမ်းမှုများ၊ ယာဉ်မတော်တဆမှုများ၊ တရားမဝင်ကုန်သွယ်မှုများ အစရှိသည်တို့အား   တားဆီး ကာကွယ်ဖော်ထုတ် လျက်ရှိသည်။ မှုခင်းများစွာမှာ နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သည့်အတွက် ၂၀၀၄ ခုနှစ် မတ် ၃၀ ရက်တွင် ကုလသမဂ္ဂနိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲစာချုပ်များ လက်မှတ်ရေးထိုးကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ထားသည့်အတိုင်း နိုင်ငံတကာနှင့် အနီးကပ်ချိတ်ဆက် ပူးပေါင်းဖော်ထုတ်လျက်ရှိသည်။

ဒီမိုကရေစီခေတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတိုက်ဖျက် သူများအဖြစ် သာမက လူ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်ပေးသူများ၊ နိုင်ငံသားများအားလုံး ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် နေ့/ညမပြတ်စောင့်ရှောက်ပေးရသူများ၊ ကူညီပါရစေ ဆောင်ပုဒ်အတိုင်းပြည်သူကို ကူညီရန် အမြဲအသင့်ဖြစ်နေကြသူများ ဖြစ်ကြသည်။ ဒီမိုကရေစီထွန်းကားရေး အတွက်ဆိုလျှင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်နေပြီ ဖြစ်သည်။

နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုတည်းကသာ ဆောင်ရွက် အောင်မြင်နိုင်မည့် ကိစ္စရပ်မဟုတ်ပေ။ ပြည်သူတစ်ရပ်လုံးကလည်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ဆောင်ရွက်ကြရမည် ဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်တွင် အကြမ်းဖက်အဖျက်သမားများ ရှိနေပါက မိမိတို့ဘဝသည် လုံခြုံအေးချမ်းမည် မဟုတ်ပေ။အကြမ်းဖက်အဖျက်သမားတို့၏သတင်းကို တစ်နည်းနည်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြရမည်ဖြစ်သည်။ ပြည်သူမပါလျှင် တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ယနေ့အောက်တိုဘာ ၁ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်ပေရာ မွန်မြတ်သည့်ရဲ၊ ပြည့်အသည်းတွေ၊ အောင်ပွဲများစွာ၊ ရပါစေကြောင်း၊ ဘေးပေါင်းရန်ကွာ၊ ရှိပါစေကြောင်း၊ မကောင်းသူတွေ၊ ဖမ်းမိစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။