ပြည်တွင်းစီးပွားရေး အထူးအားပေးလျက်ရှိ

ပြည်တွင်းစီးပွားရေး အထူးအားပေးလျက်ရှိ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးစက်မှုဇုန် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် စက်တင်ဘာ ၂၉ ရက်နေ့တွင် တွေ့ဆုံ၍ (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားစဉ် "အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီစက်ကိရိယာများ၊ နည်းပညာများ၊ လူသားအရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ကြောင်း၊ ထုတ်ကုန်ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုးရေးအတွက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့နိုင်သည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်ရန် လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်းစီးပွားရေးကို အားပေးခြင်းဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ် နိုင်ရမည်ဖြစ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်လျက်ရှိရာ လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်သာယာ ဝပြောခြင်းဖြစ်သည်။ စားရေရိက္ခာပေါများရေးနှင့် ပတ်သက်၍ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် စားသောက်ဖွယ်ရာများသာမက တစ်ကိုယ်ရေသုံး ပစ္စည်းများသည်လည်း စားရေရိက္ခာတွင် ပါဝင်သည်။ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးက ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေးအတွက် ဦးဆောင်ကြိုးပမ်းလျက် ရှိရာတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်ကြရမည်။ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးမှာ ကုန်ကြမ်းများ ပေါများရေး၊ သွင်းအားစုများ လုံလောက်စွာရရှိရေး၊ အရင်းအနှီးများ ရရှိရေးနှင့် လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေး တို့လိုအပ်သည်။ ကုန်ကြမ်းကို ပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာရရှိရန် လိုအပ်သကဲ့သို့ သွင်းအားစုနှင့် ပတ်သက်၍လည်း ပြည့်စုံစွာ ရရှိမည်ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများအတွက် အရေးပါသည်မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးဖြစ်သည်။ ဤသည်ကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ် များစွာရှိသည်။ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းသည် အရင်းအနှီး ကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို မကြာမီတွင် မြင်တွေ့ရတော့မည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးတွင် ရေအားလျှပ်စစ်နှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ရမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့်ကဏ္ဍစုံတွင် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးမှာ ပြည်သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ လုပ်ငန်းတိုင်း အောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် သွင်းအားစုများ ဖြည့်တင်းပေးနိုင်ရေးမှာလည်း အရေးပါလှသည်။ စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေနှင့်မြေသြဇာ၊ မွေးမြူရေး လုပ်ငန်းအတွက် တိရစ္ဆာန်အစားအစာ၊ စက်မှုလုပ်ငန်း အတွက် လျှပ်စစ်ဓာတ်အားတို့ ရရှိမှသာ လုပ်ငန်းများ ပိုမိုအောင်မြင်မည်ဖြစ်သည်။ လုပ်ငန်းများ လည်ပတ်ရန်အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရန် ကာလကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(MSME) လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍ရှိရာ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုများပြားခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတဘဲ ကုန်ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိရာ သက်ဆိုင်သူများ အနေဖြင့် မိမိတို့၏ (MSME)လုပ်ငန်းများ အောင်မြင်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။