ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၂)

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း

ကျွန်တော်တို့ တက်ရောက် သင်ကြားရမည့် ကျောင်းအဝင်ဝ ဘယ်ဘက်တွင်  “အရာရှိ အတတ်သင်ကျောင်း” ဟု ဆိုင်းဘုတ်ရေးထားပါသည်။  ညာဘက်တွင်  “ဘိရုမာခန်းဘုဂေါဟောဆေ့တိုက်”ဟု ဂျပန်လိုဒေါင်လိုက် ရေးထားသော  ဆိုင်းဘုတ်တစ်ခု ရှိပါသည်။

ကျွန်တော်တို့ စီးလာသော မော်တော်ယာဉ်များ လမ်းမကြီးမှ ဘယ်ဘက်သို့ချိုးပြီး ကျောင်းအတွင်းသို့ ဆိုင်းဘုတ်နှစ်ခုကြားမှ ဝင်ရောက်သွားသောအခါ အဝင်ဝမှ ကင်းစောင့်ရဲဘော်က သေနတ်မြှောက် အလေးပြုပါသည်။ ဗဟိုကင်းရှေ့သို့ ရောက်သောအခါ အသင့်တန်းစီထားသော ဗဟိုကင်းက  သေနတ်မြှောက် အလေးပြုကြသည်။

ကျောင်းမှာ  စစ်ပြီးခေတ် အင်္ဂလိပ်စစ်တပ်များ နေခဲ့သော (Alexandra Barracks) တပ်နေရာဖြစ်ပါသည်။ လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ဗဟိုနိုင်ငံရေး တက္ကသိုလ်ဖွင့်လှစ်ခဲ့သော နေရာဖြစ်ပါသည်။ ခိုင်ခံ့သော နှစ်ထပ်အုတ်တိုက် အဆောက်အအုံများဖြစ်သည်။

တိုက်တစ်လုံးတွင် တပ်ခွဲတစ်ခွဲ နေရာချထားနိုင်သည်။ တပ်စုအလိုက်နေနိုင်ရန် အခန်းများဖွဲ့ထားပါသည်။  အောက်ထပ်၊ အပေါ်ထပ်ရေချိုးခန်း၊ အိမ်သာများရှိသည်။

ကျွန်တော်တို့ စီးလာသောမော်တော်ယာဉ်များ  စစ်တန်းလျား အဆောက်အအုံများကို ဖြတ်ကျော်ပြီး တစ်နေရာတွင် ရပ်လိုက်သောအခါ ဘယ်ဘက်တွင် သံရုံအဆောက်အအုံကြီးတစ်ခုကိုတွေ့ရပါသည်။ ကြီးမားသော သံရုံအဆောက်အအုံကြီးတွင် သွပ်များမိုးထားပြီး အကာအရံများမရှိပါ။ ကျွန်တော်တို့မော်တော်ယာဉ်များပေါ်မှ ဆင်းကြပြီး သံရုံကြီးအတွင်း တန်းစီကြရပါသည်။  တန်းစီ၊  လူစစ်ပြီး တန်းဖြုတ်သောအခါ သံရုံကြီးအတွင်းတွင်ပင် အနားပေးထားလိုက်ပါသည်။

(သံရုံကြီးကို  ဂျပန်လို  “အူတင်းတိုက်ဆောဂျော”ဟုခေါ်ပါသည်။ မိုးလုံအားကစားရုံ ဖြစ်ပါသည်။ အလျားပေ ၁၅၀၊ အနံပေ ၆၀ ခန့်ရှိသည်။  ဂဝံကျောက်များ ခင်းထားသည်။

ယခုအခါ အဆိုပါသံရုံ အဆောက်အအုံကြီး မရှိတော့ပါ။  လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် သံရုံကြီးကိုဖျက်၍ ၎င်းနေရာတွင် အစည်းအဝေးခန်းမကြီး ဆောက်လုပ်ထားပြီး   တပ်မှူးညီလာခံ ကျင်းပရာတွင် လည်းကောင်း၊ ပါတီညီလာခံ  ကျင်းပရာတွင် လည်းကောင်း အသုံးပြုခဲ့ပါသည်။)

သံရုံကြီးနှင့်ကပ်လျက်  တောင်ဘက်တွင်”အိုတာကေဘီတိုက်”ဟုခေါ်သော တောင်ကုန်းကလေးရှိသည်။ အိုတာကေဘီတိုက် ဆိုသည်မှာ ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်များ၏ အထိမ်းအမှတ်နေရာဖြစ်၍ ကျောင်းဝင်းအတွင်း အမြင့်ဆုံးနေရာတွင် သတ်မှတ်ထားခြင်းဖြစ်ပါသည်။

ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်တွင် “အိုတာကေဘီတိုက်”ရှိသည်။ ဘုရင့်စစ်တက္ကသိုလ်ရှိ အိုတာကေဘီတိုက်သည် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသော ဘုရင့်စစ်တက္ကသိုလ်ဆင်း  ကျောင်းသားများအတွက် အထိမ်းအမှတ်နေရာဖြစ်ပါသည်။  တစ်နည်းအားဖြင့်   စစ်တက္ကသိုလ်ဆင်း ကျောင်းသားများ၏   အာဇာနည် ဗိမာန်ဖြစ်ပါသည်။

အိုတာကေဘီတိုက်သည် အေးချမ်းသာယာလှပသော ထင်းရှူးတောအုပ် ကလေးအတွင်းတွင် ရှိပါသည်။  အိုတာကေဘီတိုက်သို့ သွားရာ  လမ်းတစ်လျှောက် လိပ်သည်းကျောက်ခဲကလေးများ ခြေမျက်စိမြုပ်လောက်အောင် ခင်းထားပါသည်။   အိုတာကေဘီတိုက်သို့ စစ်တက္ကသိုလ်ဗိုလ်လောင်းများ  နံနက်တိုင်း တစ်ဦးချင်းသွားရောက် အလေးပြုကြရသည်။

“သင်တို့ကဲ့သို့ ငါတို့လည်း နိုင်ငံတော်အတွက် အသက်ကို စွန့်လွှတ်ပါမည်”ဟု   အဓိဋ္ဌာန်ပြု တိုင်တည်ကြရသည်။  အိုတာကေဘီတိုက်သည် စစ်တက္ကသိုလ်ဆင်း ကျောင်းသားများ၏   သူရဲကောင်း အာဇာနည်ဗိမာန်သာဖြစ်၍ တစ်နိုင်ငံလုံး၏   သူရဲကောင်း အာဇာနည်များ အတွက် “ရာဆကုနီဂျင်းဂျား”ခေါ် အာဇာနည်ဗိမာန်မှာ တိုကျိုမြို့တွင် ရှိပါသည်။

မင်္ဂလာဒုံဗိုလ် သင်တန်းကျောင်းရှိ  အိုတာကေဘီတိုက်သည်လည်း ဂျပန်ဘုရင့် စစ်တက္ကသိုလ်ရှိ အိုတာကေဘီ တိုက်ကဲ့သို့ပင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသော ဗိုလ်သင်တန်းကျောင်းသားများ၏  သူရဲကောင်း စိတ်ဓာတ်ဝိညာဉ်များ စုစည်းကိန်းအောင်းရာ ဟူ၍ စွဲမှတ်ထားကြသည်။ တောင်ကုန်းပေါ်အမြင့်ဆုံးနေရာရှိ ကျောက်တုံးကြီးမှာ အထွတ်အမြတ်   အထိမ်းအမှတ်ပင်ဖြစ်ပါသည်။

အိုတာကေဘီတိုက်သို့ တက်ရခြင်းဖြင့် စစ်သွေးစစ်စိတ်များ တက်ကြွလာစေသည်။ မင်္ဂလာဒုံဗိုလ် သင်တန်းသို့ တက်ရောက်ရသော ကာလအတွင်း  ကျောင်းသားများ အိုတာကေဘီတိုက်သို့  ညနေတိုင်းတက်ကြရသည်။ အိုတာကေဘီတိုက်ပေါ်သို့ ရောက်တိုင်း “ငါတို့သည် နိုင်ငံတော်အတွက် အသက်ပေးလှူပါမည်”ဟု အဓိဋ္ဌာန်ပြုပြီးသကဲ့သို့  မှတ်ယူကြရသည်။  

အိုတာကေဘီတိုက်ပေါ်တွင်   စစ်သွေးကြွစစ်သီချင်းများ   သံကုန်ဟစ်သီဆိုကြသည်။  

စစ်မိန့်ပေး လေ့ကျင့်ခြင်းများကိုလည်း လိပ်ခေါင်းထွက်မတတ် အော်ဟစ်လေ့ကျင့် ကြရပါသည်။

မင်္ဂလာဒုံဗိုလ် သင်တန်းကျောင်းရှိ  အိုတာကေဘီတိုက် တောင်ကုန်းကလေးမှာ ယခုအခါမရှိတော့ပါ။ တောင်ကုန်းကလေးကိုဖြို၍ မြေညှိပြီး အဆောက်အအုံသစ်များ ဆောက်လုပ် ထားကြောင်း သိရပါသည်။

ဆက်လက်ဖော်ပြပါမည်။