ငြိမ်းချမ်းစွာယှဉ်တွဲ ချစ်ကြည်မြဲလျက်          

ငြိမ်းချမ်းစွာယှဉ်တွဲ ချစ်ကြည်မြဲလျက်                                               

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ထာဝစဉ်ခိုင်မြဲသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ကို ၁၉၅၄ ခုနှစ်တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံခေါင်းဆောင်များက ချမှတ်ခဲ့ကြခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇွန် ၂၈ ရက်တွင် နယူးဒေလီမြို့၌ တရုတ်နှင့်အိန္ဒိယ ခေါင်းဆောင်များသည် လည်းကောင်း၊ ၁၉၅၄ ခုနှစ် ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ မြန်မာနှင့်တရုတ်ခေါင်းဆောင်များသည် လည်းကောင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါမူကြီးငါးချက်ကို လေ့လာကြည့်ပါက (၁) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်။ (၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုလုပ်ရန်။ (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်။ (၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံတန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရန်။ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်တို့ဖြစ်ကြောင်း သိရှိရသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် အဆိုပါငြိမ်းချမ်းစွာအတူယှဉ်တွဲရေး မူကြီး(၅)ချက်နှင့်အညီ နေထိုင်ကြသည့်အတွက် မြန်မာတို့၏ ထာဝရမိတ်ဆွေများ ဖြစ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်အဝင်အထွက်လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့်နံရံများ၌ Polycarbonate  တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပခဲ့သည်။ အဆိုပါလှူဒါန်းမှုမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ လှူဒါန်းခြင်းဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ၏ကြာရှည်လှသည့် ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံပထဝီတည်နေရာနီးစပ်ပြီး ပြည်သူများရင်းနှီးချစ်ကြည်၍ ယဉ်ကျေးမှုတူညီကြခြင်းမှာ အခြေခံဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ခေတ်အဆက်ဆက် ချစ်ကြည် ရင်းနှီးသည့် အနှစ်သာရဂုဏ်ရောင်ကို တိုးပွားစေလျက်ရှိသည်။

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကား ပြန့်ပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုလှူဒါန်းမှုသည်လည်း တစ်ခုပါဝင်သည်။ နှစ်နိုင်ငံသည် ဗုဒ္ဓရေစက် ဓမ္မသံယောဇဉ်ကို အမွေဆက်ခံပြန့်ပွားအောင်ဆောင်ရွက်လျက်ရှိပေရာ နတ်လူသာဓုခေါ်ဖွယ်ကောင်းမှုကုသိုလ်များလည်း ဖြစ်သည်။ ဘာသာရေး၊ ယဉ်ကျေးမှုအရတူညီမှုရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ခြင်းကြောင့် နှစ်နိုင်ငံပြည်သူတို့၏ဆက်ဆံရေးမှာ နွေးထွေးပျူငှာမှုရှိသည်။

၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေးပညာရည်ချွန်ဆုချီးမြှင့်ခြင်းကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့်အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့အားပေးမှုဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြားရှိ ရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာစေလျက်ရှိသည်။

ယခုပညာသင်ဆုပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှယဉ်ကျေးမှု နှင့်အနုပညာဘာသာရပ် အထူးပြုကျောင်းသား၊ ကျောင်းသူများကို ပထမဆုံးအကြိမ်ပေးအပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးနှင့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးအမွေဆက်ခံရေးအတွက် အရေးပါသည့်ခွန်အားများဖြစ်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှ အသိုက်အဝန်းအတူ တည်ဆောက်ရေး လမ်းကြောင်းမှာ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

တရုတ်-မြန်မာဆက်ဆံရေး ယနေ့တိုင်ခိုင်မြဲနေသည်မှာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ ဆက်ဆံခြင်း၊ ဆွေမျိုးရင်းချာစိတ်ထားရှိနေခြင်း၊ ကိုးကွယ်မှုဘာသာတရားနှင့် ယဉ်ကျေးမှု တူညီခြင်းတို့ကြောင့်ဟုဆိုနိုင်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှု ရှိနေခြင်းသည်လည်း ဆက်ဆံရေးခိုင်မြဲခြင်း၏ အဓိကအချက်တစ်ခုဖြစ်သည်။ ဘာသာရေးအရ ယဉ်ကျေးသိမ်မွေ့မှု ရှိကြသည့်အတွက်လည်း နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာနိုင်ငံသို့ လေးကြိမ်တိုင်တိုင်အပူဇော်ခံကြွရောက်ခဲ့သည်မှာလည်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေခြင်းဖြစ်သည်။

၁၉၅၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၁၉၅၆ ခုနှစ် ဇွန် ၈ ရက် အထိ ပထမအကြိမ်၊ ၁၉၉၄ ခုနှစ် ဧပြီ၂၀ ရက်မှ ဇွန် ၈ ရက်အထိ ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၉၉၇ ခုနှစ် မတ် ၅ ရက်အထိ တတိယအကြိမ်၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ စတုတ္ထအကြိမ်ကြွရောက် အပူဇော်ခံနိုင်မှုတို့သည်   နှစ်နိုင်ငံပြည်သူတို့ စိတ်နှလုံးရွှင်ပြုံးမွေ့လျော်စေခဲ့သည်မှာ  ငြိမ်းချမ်းစွာ ယှဉ်တွဲပြီး ချစ်ကြည်မှုခိုင်မြဲခြင်းကို ဖော်ညွှန်းခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။