မလေးရှား၌ နည်းပညာမြင့်ဦးထုပ်များဖြင့် ကိုဗစ်-၁၉ လူနာများကိုရှာဖွေထောက်လှမ်း

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များက နည်းပညာမြင့် ဦးထုပ်များဖြင့် ကိုဗစ်-၁၉ လူနာများကိုရှာဖွေ ထောက်လှမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ နိုင်ငံ၏အကြီးဆုံး မီးရထားကုမ္ပဏီဖြစ်သော ကီရက် တာပီတာနာက ၎င်းတို့၏ မီးရထားရဲတပ်ဖွဲ့ဝင်များကို နည်းပညာမြင့် ဦးထုပ်များ ထောက်ပံ့ကာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ခြင်း ဖြစ်သည်။

ယင်းဦးထုပ်သည် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းကဲ့သို့ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်နေဖွယ်ရှိ သူများကို ရှာဖွေထောက်လှမ်းနိုင်သည်ဟု ယင်းကုမ္ပဏီက ပြောသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်အပူချိန်ကို ၃ မီတာအကွာမှနေ၍ ထောက်လှမ်းနိုင်ပြီး ၉၉ ဒသမ ၉ ရာခိုင်နှုန်းတိကျမှုရှိကြောင်း သိရသည်။ ခရီးသည် တစ်ဦးအနေဖြင့် သာမန်ထက်ပို၍ အပူချိန်မြင့်တက်နေပါက ဦးထုပ်က ရဲတပ်ဖွဲ့ဝင်ကို အချက်ပေး မည်ဖြစ်သည်။

ထိုဦးထုပ်များသည် အားသွင်းစနစ်ဖြစ်သောကြောင့် တစ်ကြိမ်အားသွင်းပြီးပါက အနည်းဆုံး ခုနစ်နာရီကြာ အသုံးပြုနိုင်သည်။ လက်ရှိတွင် ယင်းနည်းပညာမြင့်ဦးထုပ်များကို ကွာလာလမ်ပူဘူတာရုံနှင့် မီးရထားအချို့ တွင် စမ်းသပ်အသုံးပြုနေခြင်း ဖြစ်သည်။

ယခုကဲ့သို့သော နည်းပညာကို အသုံးပြုခြင်းကြောင့် ရထားစီးနင်းသူများအနေဖြင့် ၎င်းတို့၏မီးရထားလိုင်းကို    စိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မီးရထားကုမ္ပဏီက ပြောထားသည်။  

Ref: TST