ပေကျင်း၊ ကျန်းမာရေး
တရုတ်နိုင်ငံအရှေ့ပိုင်း ကျားရှင်းမြို့၌ အတည်မပြုရသေးသည့် စမ်းသပ်ဆဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်လုံးကို ယွမ် ၄၀၀ ဖြင့် ရောင်းချနေကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။
ကျားရှင်းမြို့ရှိ အရေးပေါ်လိုအပ်ချက်များရှိသော အသက် ၁၈ နှစ်နှင့် ၅၉ နှစ်ကြားရှိဒေသခံများအနေဖြင့် ဆီနိုဗက်ကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခွင့်ရရှိရန် ဆရာဝန်များနှင့် တိုင်ပင်နိုင်ကြောင်း ထိုမြို့မှတာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
ကျားရှင်းမြို့သို့ ချထားပေးသောဆေးများမှာ ကျန်းမာရေးဝန်ထမ်းများကဲ့သို့ ကာကွယ်ဆေး အရေးတကြီး လိုအပ်သူများ အတွက်ဖြစ်ကြောင်း သိရသည်။ သို့သော် အရေးပေါ်လိုအပ်ချက်ရှိသူဟုဆိုရာတွင် မည်သည့် အချက်များပါဝင်ကြောင်း ကျားရှင်းမြို့ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားခြင်း မရှိပေ။
အလားတူ ထိုကာကွယ်ဆေးကိုထိုးပြီး သူမည်မျှရှိသည်ကိုလည်း တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးသည် ၂၈ ရက်ခြား၍ နှစ်ကြိမ်ထိုးရခြင်း ဖြစ်သည်။ တရုတ်အစိုးရသည် နိုင်ငံတစ်ဝန်းရှိ အန္တရာယ်များသော ဒေသများ၊ ဆေးရုံများနှင့် ဆိပ်ကမ်းများမှ အခြေခံအလုပ်သမား သိန်းပေါင်းများစွာကို စမ်းသပ်ဆဲကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးထား ကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံက ဖော်စပ်ထုတ်လုပ်ထားပြီး လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေသည့် ကာကွယ်ဆေး ၁၁ မျိုးရှိသော်လည်း လေးမျိုးကသာ နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုဆေးများအနက် အချို့ကို အစိုးရက အရေးပေါ်အသုံးပြုခွင့် ပေးထားပြီး ကာကွယ်ဆေးများ သည်ပြင်း ထန်သော ဆိုးကျိုးသက်ရောက်မှုများ မရှိကြောင်း တာဝန်ရှိသူများက ပြောထားသည်။
Ref: TST