စဉ်ဆက်မပြတ်အောင်မြင်မှုဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်ရေး   

စဉ်ဆက်မပြတ်အောင်မြင်မှုဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်ရေး   

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲ  (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ  (3rd World  Cadet Games -2022) တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

မိမိတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ၏ အောင်မြင်မှုရလဒ်များကို ပြန်လည် သုံးသပ်ကြည့်ပါက တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုမြင့်တက်လာသည်ကိုတွေ့ရှိရသဖြင့် နိုင်ငံတော်နှင့် တပ်မတော်ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့အဆင့် တိုးတက်လာခြင်းသည် တစ်ဦးချင်း၏လေ့ကျင့်သားပြည့်ဝမှုနှင့် စုစည်းညီညွတ်မှုရလဒ်များကြောင့်ပင် ဖြစ်ကြောင်း၊ မည်သည့်အားကစားမဆို ယှဉ်ပြိုင်ခြင်းသည် အဓိက ဟုဆိုသော်လည်း နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်ဟူသည့် ပြင်းပြသည့်ရည်မှန်းချက်ထားပြီး တပ်မတော်သားပီပီ နိုင်ငံတော်နှင့်တပ်မတော်အတွက် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ တပ်မတော်သား များတွင်ရှိပြီး ကောင်းမွန်သည့်ယုံကြည်ချက်၊ ခံယူချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲမျိုးစုံတွင်  အောင်မြင်မှုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ကြခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ လုံ့လ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေနိုင်သည်။ အားကစားပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ရာတွင် တပ်မတော်သားများ အနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကိုအရင်းခံသည့် အားကစားစိတ်ဓာတ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်သည်။ တိုင်းပြည်ချစ်စိတ်ရှိနေမှလည်း မိမိတိုင်းပြည်ကို ကာကွယ်လိုစိတ်ရှိမည်ဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်ခံရသူများမှာ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကို ကာကွယ်လိုစိတ်အပေါ် အရင်းခံကာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရှိအောင် စွမ်းဆောင်နိုင်ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲက အသိအမှတ်ပြုဂုဏ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ အောင်မြင်သူတို့အတွက် ဝမ်းမြောက်ဖွယ်ဖြစ်သကဲ့သို့ အောင်မြင်မှုမရသေးသူများအနေဖြင့် အောင်မြင်မှုကို ရရှိအောင်ကြိုးစားလိုစိတ် ဖြစ်ပေါ်လာမည်ဖြစ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံတော်ကိုစွမ်းအားပြည့် ကာကွယ်စောင့်ရှောက်ရေးအတွက် ခေတ်မီတပ်မတော်များအဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက်ရှိကြသည်။ အရည်အသွေးပြည့်ဝသည့် စစ်အသုံးအဆောင်ပစ္စည်းများဖြင့် အားဖြည့်ရုံသာမကဘဲ စွမ်းရည်ထက်မြက်သည့်တပ်မတော်တစ်ရပ် ဖြစ်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မလျှော့သောဇွဲ၊ လုံ့လရှိမှုများ အပြင် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရေးအတွက် အစဉ်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထိရောက်ထက်မြက်စွာ ထမ်းဆောင်နိုင်ရေး အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောက်ရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   ခေတ်နှင့်အညီခေတ်မီနေမှလည်း နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း၊ ပြည်ပရန်စွယ်မှန်သမျှကို ကာကွယ်စောင့်ရှောက်ရေး တို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ဂုဏ်ကိုလည်း ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်သည်။

တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ   နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်သည်။   နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင် နေခြင်းဖြစ်သည်။ လူသားမျိုးနွယ်ဆိုသည်မှာ လူကြီးတို့၏နေရာတွင် လူငယ်တို့က စဉ်ဆက်မပြတ်ဆက်လက်တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်။

ယနေ့အောင်မြင်မှုမှန်သမျှသည် နောင်မျိုးဆက်သစ်လူငယ်များအတွက် ဂုဏ်ယူလေးစားဖွယ် စံနမူနာကောင်းများဖြစ်သည်။ ထိုစံနမူနာကောင်းများကို လက်ဆင့်ကမ်းသယ်ဆောင်နေကြမှသာ နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်သိက္ခာ ထာဝရမြင့်မားနေမည်ဖြစ်သည်။ ဆုရအားကစားသမား များအနေဖြင့် လက်ရှိရရှိထားသည့်အောင်မြင်မှုထက် ပိုမိုအောင်မြင်မှုရရှိအောင် မိမိကိုယ်မိမိ စဉ်ဆက်မပြတ် တည်ဆောက်သွားကြရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် အမျိုးကိုချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို   စဉ်ဆက်မပြတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။