အသင်းခေါင်းဆောင် ကိုကိုနိုင်အပါအဝင် ကစားသမား ၁၀ ဦးခန့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဟံသာဝတီ ယူနိုက်တက်အသင်းစီစဉ်

ရန်ကုန်၊ အားကစား

မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီ ယူနိုက်တက်အသင်းသည် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အသင်းခေါင်းဆောင် ဂိုးသမားကိုကိုနိုင်အပါအဝင် ကစားသမား ၁၀ ဦးခန့်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း အဆိုပါအသင်း အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်း၏ အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင် ကိုကိုနိုင်၊ ဟိန်းထက်အောင်၊ လာဒင်မော်ရာနှင့် ရွှေလှိုင်ဝင်းအပါအဝင် ကစားသမား ၁၀ ဦးခန့်သည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။

လက်ရှိတွင် ယင်းကစားသမားများကို အသင်း၏ မူဝါဒအရလေ့ကျင့်ရေး ပြန်မစမီအထိ လစာပေးထားပြီး ရာသီသစ်အတွက် လေ့ကျင့်မှုပြန်စပါက သက်တမ်းတိုးရန် ဆွေးနွေးမည်ဖြစ်သည်။

“ဒီနှစ်ကုန်မှာ အသင်းခေါင်းဆောင် ကိုကိုနိုင်အပါအဝင် ကစားသမား ၁၀ ဦး လောက်  စာချုပ်သက်တမ်း ကုန်မှာပါ။ အသင်းကို ကစားအားစုစည်းမှုမပျက်ချင်တဲ့အတွက် အဲဒီကစားသမားတွေကို သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။ အသင်းရဲ့ မူဝါဒအရ ဒီဇင်ဘာလအထိ ဘတ်ဂျက်ဆွဲထားပြီး ကစားသမားတွေကို လေ့ကျင့်ရေး ပြန်မစခင် လစာပေးထားပါတယ်။ လေ့ကျင့်ရေးပြန်စတာနဲ့ စာချုပ်သက်တမ်းကုန်တဲ့ ကစား သမားတွေကို သက်တမ်းတိုးစာချုပ် ချုပ်ဖို့ဆွေးနွေးမှာပါ” ဟု ဦးထွန်းထွန်းလင်း ကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး အအောင်မြင်ဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဟံသာဝတီယူနိုက်တက်အသင်းသည် အသင်းသမိုင်းတစ်လျှောက် အာရှအဆင့် AFC Cup ခြေစစ်ပွဲ အဆင့်ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။                 

ကိုရဲ