ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများနှင့် အစပြု
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်)
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ပညာရေး ပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု” ဟူ၍ဖြစ်သည်။ ဆရာဆိုသည်မှာ ပညာသင်ကြားပေးသူ၊ သွန်သင် ဆုံးမနည်းလမ်းပြသူဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ မည်သည့်လူသားမျှ မွေးကတည်းက အတတ်ပညာ၊ အသိပညာကိုယ်စီ ပါလာကြသည်မဟုတ်ဘဲ နားလည်သိတတ်စ အရွယ်မှစ၍သာ လေ့လာသင်ယူမှုဖြင့် တတ်မြောက်ကြသည်ချည်းဖြစ်သည်။ ဆရာသည် စရိယဟူသော အကျင့်သီလ၊သိက္ခာတို့၌ တပည့်များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည်။
ဆရာကိုသုံးမျိုးခွဲခြား သိမြင်နိုင်သည်။ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးသော သင်ဆရာ(မုတာစရိယ)၊ လုပ်ကိုင်နေသည်ကို မြင်တွေ့ရုံဖြင့် တတ်မြောက်ခြင်းဖြစ်စေသော မြင်ဆရာ (ဒိဋ္ဌာစရိယ)၊ ပြောဆိုရွတ်ဖတ် နေသည်ကိုကြားရသဖြင့် တတ်မြောက်ခြင်းရှိစေသော ကြားဆရာ(သုတစရိယ)တို့ပင်ဖြစ်သည်။ မည်သည့် ဆရာမဆို မိမိအား တစ်စုံတစ်ခုသော အတတ်ပညာ၊ အသိပညာကိုပေးခဲ့သော် မိမိ၏ ကျေးဇူးရှင်သာဖြစ်သည်။ ထိုဆရာသုံးမျိုးအနက် သင်ဆရာသည်တပည့်တို့အား အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ် အသိအလိမ္မာနှင့် စိတ်ဓာတ်ရေးရာမြင့်မားအောင် သင်ကြားညွှန်ပြပေးရာ ထိုဆရာသည် တပည့်တို့အတွက် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ပင်ဖြစ်သည်။
ဆရာမပြနည်းမကျ၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားရပ်များမှာ ဆရာ၏အရေးပါမှုကို ညွှန်းဆိုခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ဆရာတို့၏ အခန်းကဏ္ဍသည် လွန်စွာမြင့်မားစွာ တည်ရှိသည်။ ဆရာတို့ကို တင်စားဖွဲ့ဆိုရာတွင် ဆီမီးတိုင်နှင့် လည်းကောင်း၊ ဥယျာဉ်မှူးနှင့် လည်းကောင်း၊ ဓားသွေးကျောက်နှင့် လည်းကောင်း နှိုင်းဖွဲ့ကြသည်။ ဆီမီးတိုင်သည် မိမိကိုယ်တိုင် လောင်ကျွမ်းမှုခံကာ လူသားအားလုံးကို အလင်းရောင်ပေးသည်။ မိမိထံမှမည်မျှပင် အလင်းရောင်ကူးယူပါစေ မငြိုငြင်တတ်ပါ။
ထွန်းလင်းတောက်ပစေပါသည်။ မီးစာကုန်ဆီခန်းအထိ အလင်းရောင်ပေးပါသည်။
ဥယျာဉ်မှူးသည်လည်း မိမိထွန်ယက် စိုက်ပျိုးပြုစုသော ပန်းဥယျာဉ်မှ ရောင်စုံဖြာ၍ ဖူးပွင့်ကြသော ပန်းမျိုးစုံတို့၏အလှအပကို ကြည်နူးနှစ်ခြိုက်စွာခံစားပါသည်။ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာတတ်ကြသည်။
စိုက်ပျိုးသောပန်းတိုင်းဖူးပွင့်စေချင်သည်။ ပွင့်သောပန်းတိုင်း လှပမွှေးပျံ့သော ရနံ့များနှင့် ပြည့်စုံစေချင်သည်။ ထို့အတူ မိမိမွေးထုတ် သင်ကြားလိုက်သော တပည့်များ ကြီးပွားချမ်းသာသည်ကို ကြားသိမြင်တွေ့ရလျှင် ဆရာ တို့မှာ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရသည်။ ဆရာတို့ကို ဓားသွေးကျောက်နှင့် ပမာနှိုင်း ဆိုသည်မှာလည်း ဆရာတို့၏ အနစ်နာခံတတ်မှုကို ဖော်ညွှန်းလိုက်ခြင်းဖြစ်သည်။
မြတ်ဆရာဆိုသည်မှာ တပည့်များအပေါ် အသိပညာသက်သက်ကိုသာ ပေးသည်မဟုတ်ပေ။ အတတ်ပညာနှင့် အလိမ္မာတို့ကိုလည်း ပေးပါသည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွင်လည်း သင့်လျော်မည့် အလုပ်ခွင်သို့ရောက်သည်အထိ သင်ကြားပြသပေးကြသည်။ ဆရာဟူသည် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာသုံးနာနှင့် ပြည့်စုံညီညွတ်သည်သာမက တပည့်များအပေါ် ချစ်ခင်နှစ်သက် ကောင်းစားစေလိုသော မေတ္တာ၊ သနားကြင်နာတတ်သော ကရုဏာ၊ ဝမ်းမြောက်ဖွယ်ရာရှိက ဂုဏ်ယူ ဝမ်းမြောက်တတ်သော မုဒိတာနှင့် အကျိုးရှိစေတတ်သော ဥပေက္ခာတို့နှင့်လည်း ပြည့်စုံညီညွတ်သည်။ ထို့ကြောင့် ဆရာတို့သည် လူသားကောင်းကျိုးအတွက် စံနမူနာပြ အကောင်းဆုံး ပံ့ပိုးဖြည့်ဆည်းပေးကြသူများ ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံတိုင်း၊ နေရာဒေသတိုင်း၌ ဆရာများရှိကြသည်။ နိုင်ငံအလိုက် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းမှအစ အသွင်အမျိုးမျိုး ကွဲပြားခြားနားကြသော်လည်း နိုင်ငံနှင့်လူမျိုးတိုးတက်ရေး၊ စည်ပင်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်း သာယာရေးတို့အတွက် ပညာပြည့်ဝနှလုံးလှသော မြတ်ဆရာအပေါ်တည်မှီနေသည်မှာ တူညီသော အချက်ဖြစ်သည်။ ဆရာသည်တပည့်များအား လမ်းမှန်ပေါ်သို့ ပို့ဆောင်ပေးနိုင်သလို လမ်းမှားသို့လည်း ပို့ဆောင်ပေးနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအတွက် ဆရာတို့၏ အခန်းကဏ္ဍသည်လွန်စွာ အရေးကြီးလှသည်။
ဆရာဆိုသည်မှာ ပညာရေးနယ်ပယ် တစ်ခုတည်းတွင်သာ ရှိနေသည်မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဆရာရှိနေစမြဲဖြစ်သည်။ ယနေ့လူငယ်နောင်ဝယ် လူကြီးဆိုသည့်အတိုင်း အနာဂတ်တွင် ဦးဆောင်ကြမည့် လူငယ်များ အရည်အချင်းပြည့်ဝရေး အတွက် ဆရာများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ ယနေ့ ၂၁ ရာစုခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဆရာများ၏ အရည်အသွေး မြင့်မားမှုက အဓိကဖြစ်လာသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပညာရေးကဏ္ဍကို အထူးအလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။ ကမ္ဘာတွင် ၁၉၆၇ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားများ ကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံတွင်ကား လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဆရာများကို အလေးထားကာ ဆရာကန်တော့ပွဲများ ကျင်းပခဲ့ကြသည်။ “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ” ဆိုသည်မှာ ဆရာကောင်းတို့၏ တပည့်များအပေါ် မှန်သော လမ်းပြစိတ်ထားဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံအတွက် ဆရာကောင်းများ၊ တပည့်ကောင်းများ များစွာပေါ်ထွန်းပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် နိုင်ကြပါစေကြောင်း။ ။