ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၂၅)
တစ်နေ့တွင် ထမင်းသုံးကြိမ် စားရသည်။ ထမင်းစားချိန်မှာ မနက်စာ နံနက် ၆ နာရီခွဲမှ ၇ နာရီအထိ၊ နေ့လယ်စာ ၁၂ နာရီမှ ၁၂ နာရီခွဲ၊ ညနေစာ ၅ နာရီမှ ၆ နာရီအထိဖြစ်ပါသည်။ စားရသောဟင်းများမှာ ကျောင်းသို့ရောက်စ တစ်ရက်နှစ်ရက်နှင့် အခါကြီးရက်ကြီးများတွင်သာ ဟင်းကောင်းကောင်း ကျွေးသော်လည်း နေ့စဉ်စားရသည်မှာ ရေလုံပြုတ်ဟင်းများသာ ဖြစ်ပါတော့သည်။ ဂျပန်ထမင်းချက်များ ချက်ပြုတ်ပုံမှာ စေတနာ လုံးဝမပချေ။ ဆင်းဆင်းရဲရဲ စားသောက်တတ်အောင် တမင်လေ့ကျင့်ပေးနေသည်လား မသိပါ။ ကန်စွန်းရွက်ချက်လျှင် ရေထည့်ထားသော မိုးပြဲဒယ်ကြီးထဲသို့ ကန်စွန်းရွက်များကို အစည်းလိုက် ပစ်ထည့်လိုက်သည်။ ယင်းကန်စွန်းရွက် အစည်းကြီးများမှာ အစည်းကိုဖြေ၍ ရေဖြင့်ဆေးကြောသန့်စင်ခြင်း မရှိသဖြင့် တီကောင်များ၊ ဖားကလေးများ၊ ခရုကလေးများပင် ပါလာတတ်ပါသည်။
ဆီ၊ ဆားလုံးဝမထည့်ပါ။ ပြုတ်သည်ဆိုရုံသာဖြစ်ပါသည်။ ပဲလင်းမြွေသီး(ပုံလုံသီး) အရင့်ကြီးများ၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး အရင့်ကြီးများကိုလည်း အကြမ်းခုတ်ထစ်ပြီး ဆားမပါ၊ ဆီမပါ ရေလုံပြုတ် ထားခြင်းဖြစ်ပါသည်။ ပဲပင်ပေါက်ရေလုံပြုတ်မှာ ကျောင်း၏နာမည်အကြီးဆုံး ဟင်းအမည်တစ်ခွက် ဖြစ်ပါတော့သည်။
အမဲသား၊ ဝက်သား၊ ငါး စသော အသားငါးများသည် ကျွန်တော်တို့အား ကျွေးရန် ရိက္ခာတွင် ပါရှိပါသည်။ အမဲသား၊ ဝက်သားများကို ဆူအီဂျီဘားတွင် မိုးပြဲဒယ်ကြီးများနှင့် ပြုတ်ထားသည်ကို တွေ့ရသော်လည်း တစ်ခါတစ်ရံသာ ကန်စွန်းရွက်၊ ကျောက်ဖရုံသီးများဖြင့် ရောနှောကာ မျက်စိလည်ပြီး ပါလာသည်ကိုမြင်ကြရပါသည်။ အမဲသား၊ ဝက်သားတုံးများ ပါလာသည့်အခါ ဝေငှရာတွင် ပြဿနာတက်လေ့ ရှိသဖြင့် မေရှိတောဘန်းများ ခေါင်းခဲကြရပါသည်။
အဝေမတည့်၍ မည်သူမှမစားဘဲ သွန်ပစ်ရသည့် အကြိမ်များလည်း ရှိပါသည်။ ထမင်းဟင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နိုင်ငံတော်မှကျွေးသည့် အသက်သခင် ထမင်းကို အလေးပြုပြီး စားကြရပါသည်။
စာသင်ခန်း၊ စာကြည့်ခန်း
အိပ်ဆောင်များ၏ အနောက်တောင်ထောင့် အူးတင်းတိုက်ဆောဂျောနှင့် အိုတာကေဘီတိုက်၏ နောက်ဘက်တွင် စာသင်ခန်းနှင့် စာကြည့်ရန် ဘားတိုက်တစ်လုံး ရှိပါသည်။ အဆိုပါတိုက်ကို “ဂွန်းနင်း”ဟု ခေါ်ပါသည်။ “ဂွန်းနင်း” တွင် စစ်ပညာကို စာတွေ့ပို့ချပါသည်။ ဂျပန်စာကိုလည်း သင်ကြားပေးသည်။ တစ်လတွင် တစ်ကြိမ်စာမေးပွဲပြုလုပ်ပြီး အရည်အချင်းကို စစ်ဆေးသည်။ ဂျပန်ဘာသာဖြင့် သင်ကြားပို့ချခြင်းဖြစ်ပြီး ဂျပန်ဘာသာဖြင့် ဖြေကြားရခြင်းဖြစ်ရာ ကျောင်းသား တော်တော်များများ အခက်အခဲတွေ့ကြပါသည်။
ပထမဆုံး စာသင်ခန်းသို့ သွားကြရသည့်နေ့က ဂျပန်ဆရာက ကျောက်သင်ပုန်းပေါ်တွင် မြေဖြူဖြင့် ရေးပြပါသည်။
နောက်ဒက်စတာနှင့် ဖျက်ပြသည်။ ဒီလိုရေးလျှင် ထင်သည်၊ ဒီလိုရေးတာကို ဒီလိုဖျက်လျှင် ပျက်သည်ဟု ပြသည်ဟု ထင်မှတ်ကြပါသည်။ နောက်မှ သိကြရသည်မှာ ကျောက်သင်ပုန်းပေါ်တွင် စာရေးပြီးလျှင် ဖျက်ပစ်ရမည်။ ကျောက်သင်ပုန်းသည် အမြဲသန့်ရှင်း ပြောင်စင်နေရမည်ဟု သင်ကြားခြင်း ဖြစ်ကြောင်း သိကြရပါသည်။
စာကြည့်ချိန်၊ စာကျက်ချိန်မှာ ည ၆ နာရီခွဲမှ ၈ နာရီခွဲအထိဖြစ်ပါသည်။ စာကျက်ချိန်တွင် မိမိထိုင်ခုံ၌ ငြိမ်သက်စွာ စာကျက်ကြရသည်။ ဂျပန်ဆရာများ စောင့်ကြပ်လျက်ရှိပြီး မသိလျှင်မေးပါက သင်ကြားပြသပေးကြပါသည်။ ဂျပန်ဆရာများ မစောင့်နိုင်သည့် အခါများတွင် အလှည့်ကျတာဝန်ယူရသော “ခုတိုက်တော်ရိရှင်မာရီ” ခေါ် အလှည့်ကျ ကျောင်းသားခေါင်းဆောင်က ကွပ်ကဲထိန်းသိမ်း ရပါသည်။
ဂျပန်ဆရာမရှိပါလျှင် ကျောင်းသားများ စည်းကမ်းမရှိတတ်ကြပါ။ ဟိုဟိုဒီဒီသွားခြင်း၊ အချင်းချင်း စကားပြောခြင်း၊ ဆူညံခြင်းများ ပြုလုပ်ကြသောအခါ အခြားအတန်းများတွင် စောင့်နေသော ဂျပန်ဆရာရောက်လာပြီး တာဝန်ကျကျောင်းသား ခေါင်းဆောင်ကို ပါးရိုက်ဆုံးမသည့် အပြင် အတန်းအတွင်း တပ်စုတစ်စုလုံးကိုပါ ဒဏ်ပေးခြင်း ပြုလုပ်ပါသည်။ တပ်စုတစ်စုလုံး ခေါင်းကိုဝါးလုံးဖြင့် အရိုက်ခံရသည့် အကြိမ်မနည်းပါ။
စားသောက်ဆိုင်
မုန့်ပဲသရေစာ၊ လက်ဖက်ရည်၊ ကော်ဖီများရောင်းသော စားသောက်ဆိုင် ကလေးတစ်ဆိုင် အိပ်ဆောင်(ဘားတိုက်)များ၏အနောက်အစွန်းတွင် ရှိပါသည်။ ဂျပန်လို”ရှူဝေါ” ဟုခေါ်သည်။ မြန်မာကျောင်းသားများက လွယ်လွယ်ပင် “ကင်တင်း”ဟုခေါ်ကြသည်။ ရှူဝေါတွင် ဂျပန်ခေတ် အကောင်းဆုံးမုန့်များ ဖြစ်ကြသည့် ဖွဲနုမုန့်၊ မရွေးမုန့်၊ ပဲကြီးလှော်၊ လက်ဖက်ရည်၊ကော်ဖီများ ရောင်းပါသည်။ ဆိုင်ဖွင့်ချိန်မှာ ညနေတစ်နာရီခန့်သာ ဖြစ်ပါသည်။ ထမင်းနှင့် မတင်းတိမ်ကြသဖြင့် လက်ထဲတွင် ပိုက်ဆံလေး ရှိနေပါက ညနေစာ ထမင်းစားပြီးလျှင် သွားရောက်တိုးဝှေ့ ဝယ်ယူစားသောက်နိုင်ပါသည်။ မုန့်တစ်ခုလျှင် ၁၀ ဆင့်၊ လက်ဖက်ရည်၊ ကော်ဖီတစ်ခွက် ၂၅ ဆင့်ဖြစ်ပါသည်။ မုန့်တစ်ခု၊ လက်ဖက်ရည်တစ်ခွက် ရရှိရန် အသေအလဲတိုးရသည်။ စာကြည့်ချိန်တန်းစီ အမီပြန်ရမည်ဖြစ်၍ တစ်ခါတစ်ရံ မုန့်မဝယ်ရဘဲ ပြန်ပြေးခဲ့သည်လည်း ရှိကြပါသည်။
ဆက်လက်ဖော်ပြပါမည်။