စီးပွားရေးမောင်းနှင်အား မြင့်မားစေရေး

စီးပွားရေးမောင်းနှင်အား မြင့်မားစေရေး

နိုင်ငံတစ်ခုတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အား များမြင့်မားနေရန် လိုအပ်သည်။ အဆိုပါ မောင်းနှင်အားသုံးခုသည် တစ်ခုနှင့်တစ်ခုဆက်စပ်တည်ရှိနေသည်။ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာ အခြားသောမောင်းနှင်အားများ တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်းအားကောင်းမွန်ခြင်းမရှိပါက နိုင်ငံတစ်နိုင်ငံအတွက် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့ရမည်ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံအချို့၏ဖြစ်ရပ်များက သက်သေပြလျက် ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို စတင်ဉီးဆောင်ချိန်မှစ၍ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသောအခက်အခဲ၊ နိုင်ငံရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံ့စီးပွားရေး ပျက်ယွင်းအောင် ဆောင်ရွက်မှုများဖြစ်ပေါ်ခဲ့သည်။ စက်ရုံအလုပ်ရုံများရပ်တန့်စေရန် ဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းများကို ခြိမ်းခြောက်မှုနှင့် အကြောက်တရားများ ဖြစ်ပေါ်အောင်ဆောင်ရွက်မှုများ ရှိခဲ့သည်။

ထို့ပြင် ငွေကြေးလည်ပတ်သုံးစွဲမှုများကို ထိခိုက်အောင်၊ ဘဏ်စနစ်ပြိုလဲအောင်နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်ခြင်းများကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ ထိုအခြေအနေဆိုးအမျိုးမျိုးကို အောင်မြင်စွာကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ်မှုများ ရှိသည့်ဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကိုလည်း ထုတ်ချေးပေးလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေး ကောင်းမွန်ရေးမှာ သွင်းကုန်လျော့နည်းပြီး ပို့ကုန်များပြားစွာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ပြည်ပသို့ အဆင့်အတန်းမီ ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် စွမ်းဆောင်ကြိုးစားနေရသလို ပြည်ပမှ ဝယ်ယူတင်သွင်းမှုများကိုလည်း လျော့နိုင်သမျှလျှော့နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်သည့်အခါ ပြည်တွင်းဈေးကွက် တွင်လည်း ဈေးနှုန်းမြင့်မားခြင်းနှင့်ကြုံတွေ့ရသည်။

ထို့ကြောင့်နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်မှ စတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင်ဆီစားသုံးမှု များပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှု နည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက် များပြားနေသည်။ ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မြေ၊ ရေနှင့်လူ့စွမ်းအား အရင်းအမြစ်များ ရှိပြီးဖြစ်၍ အမှန်တကယ် အလုပ်လုပ်ကြရန်သာ ဖြစ်သည်။ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက

ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာစိုက်ပျိုးနိုင်မည် ဆိုပါကလည်း ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာ စိုက်ပျိုးနိုင်မည်ဆိုပါကလည်း ပြည်တွင်းလိုအပ်ချက်ပြည့်မီဖူလုံစေပြီး စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းနိုင်သူ အဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။

စားသုံးဆီနည်းတူ မဖြစ်မနေတင်သွင်းနေရသည်မှာ စက်သုံးဆီဖြစ်သည်။ စက်သုံးဆီကိုနှစ်စဉ် တင်သွင်းအသုံးပြုနေရသဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များ၊ ကန့်သတ်ချက်များဖြစ်ပေါ်လျက်ရှိသည်။ စက်သုံးဆီလျှော့ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားသုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များကို အ ကောင်အထည်ဖော်ဆောင်ရွက်ရေးကို အချိန်ယူ ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်လည်း လောင်စာနှင့်ဓာတ်ငွေ့များ အသုံးပြုခြင်းထက် နေရောင်ခြည်စွမ်းအင်သုံးနှင့် လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ရနကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား အောက်တိုဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးပြောကြားစဉ် ထုတ်ကုန်ပစ္စည်းများ ရောင်းချရေးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံးအမြတ်နည်းနည်းဖြင့် များများရောင်း ချနိုင်အောင် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ဈေးကွက်လည်ပတ်မှုများ ပိုမိုကောင်းမွန်ရမည် ဖြစ်ကြောင်း၊ မိမိ၏ မူဝါဒမှာ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကိုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝင်ငွေပိုမိုရရှိရေးများများ ရောင်းနိုင်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရန် အတွက်လည်း နိုင်ငံအလိုက် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက် လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် စီးပွားရေးမောင်းနှင် အားမြင့်မားစေရေးအတွက် သက်ဆိုင်သူအားလုံးက ကြိုးပမ်းလုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။