ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၆)

လေ့ကျင့်ရေးကွင်းများ

   ကျောင်း၏အပြင်ဘက် အရပ်လေး မျက်နှာတွင် လေ့ကျင့်ရေးကွင်းများရှိပါသည်။ ကျောင်း၏ အနောက်ဘက်တွင် ရှိသောဘောလုံးကွင်းကို နိရှိရင်းပေဂျော ဟုခေါ်သည်။ အဆိုပါ လေ့ကျင့်ရေးကွင်းတွင် စစ်ရေးပြလေ့ကျင့်ခြင်းများ၊ ကျောင်းဖွင့်ပွဲ၊ ကျောင်းဆင်းပွဲကျင်းပခြင်းများ ပြုလုပ်ပါသည်။ ကျောင်း၏မြောက်ဘက်တွင် ရှိသော သရက်တောအုပ်ကလေးကို မန်းဂိုးဘရားရှိ ဟုခေါ်ပါသည်။ အဆိုပါနေရာတွင် ယခုအခါ မြို့ပတ်ဘူတာရုံလေးရှိနေပါပြီ။ မန်းဂိုးဘရားရှိတွင် လက်နက်ငယ်လေ့ကျင့်ခန်းများ၊ လှံစွပ်ထိုးလေ့ကျင့်ခြင်းများ ပြုလုပ်ရပါသည်။ အရှေ့ဘက်လေ့ကျင့်ရေးကွင်းသည် ကျောင်း၏အရှေ့ဘက်၊ ရန်ကုန်-မန္တလေးကားလမ်း၏ အရှေ့ဘက်နယ်မြေဖြစ်သည်။   မြောက်ဘက်သို့လားသော် ကျိုက္ကလို့ဘုရားနှင့်ပေါက်ကုန်းရွာ၊ တောင်သို့ လားသော် ချစ်တီးကုန်းရွာဖြစ်သည်။ ထိုစဉ်က အဆောက်အအုံများ လုံးဝမရှိသော ကွင်းပြင်ကျယ်ကြီး ဖြစ်ပါသည်။ တပ်စိတ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲ၊ တပ်ခွဲတိုက်ပွဲ၊ ညအချိန်လေ့ကျင့်ခန်းများကို လေ့ကျင့်ရသည်။ အရှေ့ဘက်လေ့ကျင့်ရေးကွင်းကို ဟီဂါးရှိရင်းပေဂျော ဟုခေါ်ပါသည်။ ကျောင်း၏တောင်ဘက်တွင် ရေစင်ကြီးရှိသည်။ ရေစင်ကြီး၏ တောင်ဘက်မှယခု ရန်ကုန်တိုင်း အားကစားကွင်းအထိကွင်းကြီးကို မိနာမီရင်းပေဂျော ဟုခေါ်သည်။ အဆင့်ဆင့် ပြောင်းလဲလာသော (တောင်ပိုင်းတိုင်း၊  အလယ်ပိုင်းတိုင်း၊ ရန်ကုန်စစ်ဌာနချုပ်) အဆောက်အအုံများ မရှိသေးပါ။  ကွင်းပြင်ကျယ်ကြီးဖြစ်ပါသည်။ အဆိုပါလေ့ကျင့်ရေးကွင်းတွင် တပ်စိတ်တိုက်ပွဲ၊ ညအချိန်လေ့ကျင့်ခန်း၊ ညတိုက်ပွဲများလေ့ကျင့်ရပါသည်။

၁၉၄၃ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ခန်းဘုဂေါဟောဆေ့တိုက် ခေါ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသို့ ရောက်ရှိကြသော ကျွန်တော်တို့ဗိုလ်လောင်းကျောင်းသားများသည် ဧပြီလ ၃၀ ရက်တွင် နေထိုင်ရမည့်ကျောင်းဆောင်များသို့  ဝင်ကြရပါသည်။ ကျွန်တော်ရောက်ရှိသွားသော တပ်ခွဲ(၂)တပ်ဖွဲ့မှူးမှာ ဗိုလ်တာကာဟာရှိ တာအိုရုဖြစ်ပါသည်။ တပ်စုမှူးအဖြစ် တာဝန်ကျမည့်   ဗိုလ်ဟတမရောက်မီ ဂျပန်ဗိုလ်တစ်ယောက်က တပ်စုမှူးအဖြစ် ခေတ္တတာဝန်ယူထားပါသည်။ အခန်းအုပ်(ဟန်ချို)မှာ တပ်ကြပ်တေရအူချိ(တစ်လိုင်းနှစ်ပွင့်)ဖြစ်ပါသည်။ ပထမပတ်ကျောင်းဆင်းထဲမှ မြန်မာအရာရှိများကိုလည်း တပ်စုမှူးအဖြစ်တွဲဖက်ပေးထားရာ ကျွန်တော်တို့တပ်စုမှူးမှာ    ဗိုလ်လေးကျော်ညွန့်(ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)ဖြစ်ပါသည်။ ကျောင်းဖွင့်ပွဲကို မေလ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်ပါသည်။ ကျောင်းဖွင့်ပွဲမလုပ်သေးသော်လည်း ကျောင်းသားများနေ့စဉ်ကျန်းမာရေးလေ့ကျင့်ခြင်း၊ စစ်ရေးပြလေ့ကျင့်ခြင်းများကို    ပြုလုပ်ရသည်။

ကျန်းမာရေးလေ့ကျင့်ချိန်တွင် မီတာ ၁၀၀ အပြေးစံချိန်ယူခြင်း၊ အလျားခုန်စံချိန်ယူခြင်း၊ လက်ပစ်ဗုံးပစ်ရခြင်း စသောကြံ့ခိုင်မှု စစ်ဆေးခြင်းများ ပြုလုပ်ပါသည်။ ကျန်းမာရေးစစ်ဆေးခြင်းများလည်း ပြုလုပ်ပါသည်။

ဂျပန်စာသင်ကြားခြင်း သင်ခန်းစာများလည်း စတင်ပါသည်။ ဂျပန်စာသင်ကြားခြင်းဖြင့် ကျောင်းသားများ သင်တန်းတွင် လိုက်နာနိုင်မည့် အရည်အချင်းကို စမ်းသပ်ခြင်းဖြစ်ပါသည်။

စစ်ဝတ်စုံအဟောင်းနှစ်စုံနှင့် အသစ်တစ်စုံ၊ ဒေါင်းရုပ်အဝါပတ်နှင့် ဦးထုပ်တစ်လုံး၊ ကြေးကြယ်တစ်စုံ၊ စစ်ဖိနပ်နှင့်ခြေအိတ်၊ ခုံဖိနပ်၊ စစ်လွယ်အိတ်တစ်လုံး၊ ထမင်းစားရန် သံပန်းကန်တစ်ချပ်နှင့် ဟင်းဇလုံတစ်ခု၊ ဗလာစာအုပ်နှစ်အုပ်နှင့်ခဲတံများကိုလည်းထုတ်ပေးပါသည်။

ကျောင်းဖွင့်ပွဲမပြုလုပ်မီ လူတွေ့မေးမြန်းခြင်း၊  လက်တွေ့စစ်ဆေးခြင်းများ ပြုလုပ်ပြီး အချို့ရဲဘော် ကျောင်းသားများ တပ်ရင်းသို့ ပြန်လွှတ်ခြင်း ခံကြရပါသည်။

လူ့ကုသိုလ်ကံဆိုသည် အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းလှပါသည်။ မိမိ၏ အကောင်းအဆိုးကံကြမ္မာကို ဖန်တီးယူ၍မရပါ။ ဘဝကုသိုလ်ကသာအကျိုးပေးပါလိမ့်မည်။ ကျွန်တော်သည် တပ်ရင်း(၄)စစ်သင်တန်းတွင် ဖိနပ်ပေါက်ပြီးခြေထောက်တွင်အနာဖြစ်ကာ အနာရင်းခဲ့ပါသည်။

အဆိုပါအနာသည် ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ဇွဲရှိမှုကိုစမ်းသပ်သော အုတ်ခဲသယ်ပွဲကြီးတွင် ပို၍ဆိုးရွားလာခဲ့ပါသည်။ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ခန်းဘုဂေါဟောဆေ့တိုက်)သို့ ရောက်ရှိသောအခါ ဖိနပ်မစီးနိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ပါသည်။ ကျောင်းသို့ရောက်ပြီး ကျန်းမာရေး ဆေးစစ်သောအခါ ထိုအနာကြောင့် တပ်ရင်းသို့ပြန်အပို့ခံရမည်ကို စိုးရိမ်ပူပန်မိခဲ့ပါသည်။ သို့သော် ဆေးစစ်သူများ မျက်စိလျှမ်း၍လားမသိ၊ ကျွန်တော်ဆေးစစ်အောင်ခဲ့ပါသည်။ ကြံ့ခိုင်မှုစစ်ဆေးရာတွင်လည်း အပြေး၊ အခုန်၊ အပစ်များကိုအခြားသူများထက်သာအောင် ြေထောက်နာနေသည့်ကြားမှ ကြိုးစားစွမ်းဆောင်နိုင်ခဲ့ပါသည်။ နံနက် ကျန်းမာရေးလေ့ကျင့်ရန် တန်းစီချိန်တွင် မခိုမကတ်ဘဲ ဝင်ရောက်တန်းစီခဲ့သော်လည်း ဂျပန်ဆရာများက ရောင်ရမ်းနေသော ကျွန်တော့်ခြေထောက် အနာကို စစ်ဆေးပြီး အနားပေးထားခဲ့ပါသည်။ ကျွန်တော်သည် အခြားကျောင်းသားများ နည်းတူမလုပ်နိုင်ခဲ့သဖြင့် တပ်ရင်းသို့ပြန်အပို့ ခံရမည်ကို အလွန်စိုးရိမ်ပူပန်မိပါသည်။ သို့သော် ကျွန်တော်သည်ဗိုလ်သင်တန်းတက်ရန်နှင့်  နောက်ဆုံးအချိန်အထိရရှိခဲ့သော ရာထူးအဆင့်အထိ ရောက်ရှိရန် ဇာတာပါလေ၍လားမသိတပ်ရင်းသို့ ပြန်အပို့မခံခဲ့ရပါ။ ကျောင်းဖွင့်ပွဲအခမ်းအနားကိုပင်မတက်ရဘဲ ဆရာများက ကျွန်တော့် အားသက်ညှာစွာဖြင့် အခန်းစောင့် တာဝန်ပေးပြီး အနားပေးထားလိုက်ပါသည်။  မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ခန်းဘုဂေါဟောဆေ့တိုက်)သည် ပန်းခင်းထားသောလမ်းမဟုတ်ပါ။ အစားဆင်းရဲသည်။ အနေအထိုင်ဆင်းရဲသည်။

ပင်ပန်းလွန်းလှသည်။ ဂျပန်ဆရာများ၏မတရား   ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ပါးရိုက်နှိပ်စက်ခြင်းကို နေ့စဉ်နှင့် အမျှခံကြရသည်။ တင်းကျပ်သော စည်းကမ်းအတွင်းနေရသည်။ မတရားချုပ်ချယ်ခြင်းကိုခံရသည်။   ထိုကြမ်းတမ်းသောလမ်းခရီးကို ရဲဘော်ရဲဘက်များနှင့်အတူကျွန်တော် ကျော်လွှားအောင်မြင်ခဲ့ပါသည်။             

ဆက်လက်ဖော်ပြပါမည်။