တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ တိရစ္ဆာန်မွေးစားခြင်း (Animal Adoption) အစီအစဉ်တွင် ကျွေးမွေး စောင့်ရှောက်သူဦးရေ ၁၂၀ ကျော်အထိရှိ

မြန်မာနိုင်ငံ၌ ပထမဆုံးအနေဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ မိတ်ဆက်ခဲ့သည့် တိရစ္ဆာန်မွေးစားခြင်း  (Animal Adoption) အစီအစဉ်သည် လူအများကြား စိတ်ဝင်စားမှုများပြားပြီး စတင်မိတ်ဆက်သည့် ရက်မှ လက်ရှိအချိန်ထိ အဖွဲ့အစည်းများအပါအဝင် တစ်ဦးချင်း ကျွေးမွေးစောင့်ရှောက်သူဦးရေ ၁၂၀ ကျော် အထိရှိကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ သိရသည်။

“တိရစ္ဆာန်တွေကို   ယာယီကျွေးမွေး စောင့်ရှောက်တဲ့ Animal Adoption အစီအစဉ်က ပထမဆုံး စတင် လုပ်ဆောင် တဲ့အစီအစဉ်ဖြစ်ပါတယ်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)ကို ခေတ္တပိတ်ထားရတဲ့အတွက် လာရောက်လည်ပတ်သူတွေနဲ့ တိရစ္ဆာန်လေးတွေ အဆက် အသွယ်မပြတ်သွားစေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ လက်ရှိတိရစ္ဆာန်တွေကို ယာယီကျွေးမွေး စောင့်ရှောက်သူ ၁၂၀ ကျော်ရှိနေပါပြီ” ဟု  Htoo Zoos and Gardens မှ Chief Executive Officer ဒေါ်ကြည်ဖြူဇော် ကပြောသည်။

အဆိုပါ အစီအစဉ်ကို သြဂုတ် ၂၁ ရက် မှစတင်ခဲ့ပြီး တိရစ္ဆာန်များကို ခေတ္တမွေးစားခြင်းဖြင့် Animal Adoption အစီအစဉ်အကြောင်း ပိုမိုနားလည်သိရှိရန်နှင့် တိရစ္ဆာန်များအတွက် အစားအစာနှင့် တခြားလိုအပ် သည့် အထောက်အပံ့များကို ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၏ Animal Adoption အစီအစဉ်တွင် ကျွေးမွေးစောင့်ရှောက်နိုင်သည့်  တိရစ္ဆာန်များမှာ  ဆင်၊ ကျား၊ ခြင်္သေ့၊ ဟိမဝန္တာဝက်ဝံ၊ ပသျှူးဝက်ဝံ၊ ပန်ဒါနီ၊  ကြယ်လိပ်၊  မျောက်လွှဲကျော်၊ ဖျံ(ဘဲလက်)၊ ကြံ့ဖြူ၊  ရေမြင်း၊  ရေမြင်းပု၊  ချန်ပန်ဇီနှင့်  ဝံကြောင်တို့ဖြစ်ပြီး  ယင်း တိရစ္ဆာန်များကို တစ်လ၊ သုံးလ၊ ခြောက်လ စသည်ဖြင့်  ယာယီကျွေးမွေးစောင့်ရှောက် နိုင်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ တိရစ္ဆာန်များကို ယာယီစောင့်ရှောက်လိုသူများ သို့မဟုတ် အစာကျွေးမွေးလို သူများအနေ ဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ဖုန်း- ၀၉- ၆၈၂၀၁၁၁၇၀ သို့  ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။      

ဆုလာဘ်