ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၇)

သို့ဖြစ်၍-

  ဘဝိတ္တံမေ- မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ခန်းဘုဂေါဟောဆေ့တိုက်)သည် ကျွန်တော့်ဘဝ၏ ကြီးပွားရာ၊ အောင်မြင်ရာနေရာကြီးဟူ၍ ထာဝစဉ်စွဲမှတ်ထားမိပါတော့သည်။

 ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ပထမပိုင်း)

ခန်းဘုဂေါဟောဆေ့တိုက် မင်္ဂလာဒုံရှိ     အရာရှိအတတ်သင်ကျောင်း သို့မဟုတ် မင်္ဂလာဒုံဗိုလ် သင်တန်းကျောင်းသို့ ဒုတိယအပတ် သင်တန်းတက်ကြမည့် ကျောင်းသားများသည် ၁၉၄၃ ခုနှစ်ဧပြီလ ၂၉ ရက်တွင် ရောက်ရှိကြပါသည်။

၁၉၄၃ ခုနှစ် မေလတွင် သင်တန်းစတင်ပြီး အောက်တိုဘာလ၌ တပ်ကြပ် (တစ်လိုင်းနှစ်ပွင့်) အဆင့်ဖြင့် ကျောင်းဆင်းရပါသည်။ နိုဝင်ဘာလမှစ၍ ဗိုလ်သင်တန်းသို့ ဆက်တက်ကြရမည့် ဗိုလ်လောင်းများသည် သင်တန်းလေးလကို ဆက်လက်တက်ကြရမည်ဖြစ်ပါသည်။

ကျောင်းဖွင့်ပွဲကို ကျောင်းဝင်းတွင်းရှိ အူးတင်းတိုက်ဆောဂျော ခေါ်သံရုံးကြီးအတွင်းတွင် မေလ ၁၀ ရက်၌ ကျင်းပပါသည်။ ကျောင်းဖွင့်ပွဲသို့ တပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားဖွင့်လှစ်ပေးပါသည်။

ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာတွင် ရဲဘော်တို့သည် အမျိုးချစ်စိတ်ဖြင့်   တိုင်းပြည်အတွက် အသက်ပေးရန် တပ်မတော်သို့ ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊  ယခုအချိန်တွင် တိုင်းပြည် လွတ်လပ်ရေး မရသေးသော်လည်း  လွတ်လပ်ရေးရလာသည့်အခါ တိုင်းပြည်တွင် အင်အားတောင့်တင်းသော တပ်မတော်ကြီးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်တွင် စစ်မှုထမ်းကြမည့် ရဲဘော်တို့သည် စစ်ပညာသင်ကြားတတ်မြောက်ခြင်း မရှိသေးသော်လည်း စစ်ပညာကိုမည်သူ့ထံသင်ရသင်ရ ပညာရှာ ပမာသူဖုန်းစား ဆိုသည့် စကားပုံလို ပညာရအောင် ကျိုးနွံစွာသင်ကြားဆည်းပူးရမည်ဖြစ်ကြောင်း၊ အရာရာကို သည်းခံကြရမည် ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ပင်ပန်းမည်၊ ဆင်းရဲမည်၊ ဒါတွေကို တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးကို ချစ်သောစိတ်ဖြင့် ကြံ့ကြံ့ခံကာ ဇွဲ၊ လုံ့လ၊ဝီရိယအပြည့်အဝဖြင့် ကြိုးစားသင်ကြားရမည်ဖြစ်ကြောင်း စသည်ဖြင့် တိုတိုနှင့်လိုရင်းကို ခပ်ပြတ်ပြတ် ပြောကြားသွားပါသည်။

ဗိုလ်ချုပ်စကား တိုတောင်းသော်လည်း ကျွန်တော်တို့ သဘောပေါက်ကြသည်။ စိတ်ထဲတွင် စွဲစွဲမြဲမြဲမှတ်သားထားကြသည်။

ဗိုလ်ချုပ်၏ ဝါဒအတိုင်း ကျွန်တော်တို့လိုက်နာနားထောင်ခဲ့ကြပါသည်။ ပညာရှာ ပမာသူဖုန်းစား}} ဆိုသည့်စကားအတိုင်းခြေသုတ်ပုဆိုး   မြွေစွယ်ကျိုးသကဲ့သို့ ကျင့်ကြံအားထုတ်နေထိုင်ခဲ့ကြပါသည်။

ဗိုလ်ချုပ်က ပင်ပန်းမည်၊ ဆင်းရဲမည်၊ သည်းခံရမည်ဟူသော စကားကလေး သုံးလုံးကိုသာ ပြောသွားခဲ့သည်။ သင်တန်းကာလအတွင်း ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ သည်းခံရခြင်းများကို အကျယ်ချဲ့၍ ဋီကာဖွဲ့ရမည်ဆိုပါလျှင် ပြောမဆုံးပေါင် တောသုံးထောင် ဆိုရလောက်အောင်ပင် စာဖွဲ့ကုန်နိုင်မည်မဟုတ်ပါ။

လူတို့တွင် ယုံကြည်ချက်၊ ရည်မှန်းချက်များရှိနေလျှင် ပင်ပန်းခြင်း၊ ဆင်းရဲခြင်းနှင့် သည်းခံခြင်းတို့ကို ကောင်းကောင်းခံနိုင်ရည်ရှိကြပါသည်။ ကိုယ်စိတ်နှလုံးသုံးပါးတို့အား   ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံနိုင်ကြပါသည်။ သို့ရာတွင် ဂျပန်ဆရာတို့၏  တရားသဖြင့်မဟုတ်သော အနိုင်ကျင့်ခြင်း၊   မတရားသက်သက် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံကြရသည့်အခါ လူမျိုး၏ဇာတိမာန်သည် ခေါင်းထောင်ကြွလာပါတော့သည်။ ထိုအခါတွင် ဗိုလ်ချုပ်၏ မျက်နှာကိုမြင်ယောင်ကြပြီး ဗိုလ်ချုပ်မှာကြားစကားများကို သတိရကြ၍ မာန်ကို ချရ လျှော့ရပါသည်။

မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် ဂျပန်ဆရာများ ပါးအရိုက်ကြမ်းသည်ကိုကျွန်တော်တို့ ကြိုတင် သိထားကြပါသည်။

ဘယ်အချိန် ဈေးဦးပေါက်မည်ကိုသာတထိတ်ထိတ်နှင့် စောင့်စားနေခဲ့ကြရသည်။ ဂျပန်ဆရာကိုမြင်လျှင် ကိုယ်ကအပြစ်မလုပ်ပါဘဲနှင့် အပြစ်ရှာရိုက်နှက်မည်ကို လန့်နေကြရသည်။

ကြာကြာမစောင့်ကြရပါ။ ကျောင်းသို့ရောက်၍ ညအိပ်ပြီး နောက်တစ်နေ့ နံနက်စောစော အိပ်ရာထ ခရာမမှုတ်မီ ကျွန်တော်တို့ အိပ်ရာအတွင်းရှိနေစဉ် တဘုန်းဘုန်းတဒိုင်းဒိုင်း ပါးရိုက်သံများကို နားဆင်ကြရပါသည်။ အိပ်ရာထ ခရာမမှုတ်မီ အန္တရာယ်ကို လွယ်မထားနိုင်သူများ တပိုတပါးထသွားမိကြသောကြောင့် တာဝန်မှူးက ပညာပေးနေခြင်း ဖြစ်ပါသည်။ အိပ်ရာထခရာမမှုတ်မီမည်သည့် လှုပ်ရှားမှုမှမရှိရပါ။

ခရာမှုတ်မှ ဗြုန်းခနဲထကာ အမြန်ဆုံး တန်းပြေးစီကြရမည်ဟု ယမန်နေ့ညနေ တန်းစီတွင် ပြောထားပြီးဖြစ်ပါသည်။ ဂျပန်စကားနားမလည်၍ လည်းကောင်း၊ နားလည်သော်လည်း စည်းကမ်းမလိုက်နာသူများ ဦးဦးဖျားဖျား ပါးရိုက်ခံကြရခြင်း ဖြစ်သည်။

ကျောင်းသို့ရောက်ပြီးနောက် ဆယ်ရက်ကြာသည်အထိ ကျွန်တော်ပါးအရိုက်မခံရသေးဘဲ လွတ်နေပါသည်။ သို့သော်ဆယ်ရက်မြောက်နေ့တွင် ကျွန်တော်ဈေးဦးပေါက်တော့သည်။ ကျွန်တော့်ခြေထောက်မှ ဖိနပ်ပေါက်သော အနာမှာရင်းပြီး တစ်ကျပ်တန်ဒင်္ဂါးဝိုင်းခန့် အနာနှုတ်ခမ်းများထူကာ ဖက်ခွက်နာပုံမျိုးဖြစ်ပါသည်။

အနာသည် ခြေဖမိုးအပေါ် ခြေချင်းဝတ်အကွေး၊ အဆန့်နေရာတွင် ရှိနေသဖြင့် ဖိနပ်မစီးနိုင်အောင် အလွန်နာနေပါသည်။

တပ်စုမှူး ဗိုလ်လေးကျော်ညွန့်(ပထမပတ်ကျောင်းဆင်း၊ ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)က ဆေးခန်းသို့သွားရန် ညွှန်ကြားပါသည်။

ဆေးခန်းသို့ ကျွန်တော် ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်လာခဲ့ပါသည်။ ဆေးခန်းအဝင်တွင် သင်ကြားထားသည့်အတိုင်း အပေါက်မှ အလေးပြုပြီး ဟိုက်တေးမိုရောခုမာရိမတ်စ်ကား ဟုပင် ခွင့်ပြုရန် ခွင့်တောင်းလိုက်သောအခါ ဂျပန်ဆေး တပ်သားက  မျက်နှာထားတင်းတင်းဖြင့် ရောရှ် ဟုပြောမှ ဆေးခန်းတွင်းသို့ ဝင်ရပါသည်။ 

ဆက်လက်ဖော်ပြပါမည်။