လူသားစိတ်ကင်းမဲ့နေသူများကင်းစင်ရေး
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေစည်းမျဉ်းများတွင် (နိုင်ငံ တကာပဋိပက္ခ/နိုင်ငံတကာ အရေးအခင်း မဟုတ်သောလက်နက်ကိုင်ပဋိပက္ခ)တွင် အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍စည်းမျဉ်း ၁ အဖြစ် ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းများသည် အရပ်သားများနှင့်တိုက်ပွဲဝင်စစ်သည်များအကြား အမြဲတစေခွဲခြားရမည်။ တိုက်ပွဲဝင်စစ်သည် များကိုသာ ဦးတည်တိုက်ခိုက်ရမည်။ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟူ၍ လည်းကောင်း၊ စည်းမျဉ်း ၂ တွင် အရပ်သားလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အဓိကရည်ရွယ်လုပ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများအား တားမြစ်ကြောင်းဟူ၍ လည်းကောင်း ဖော်ပြပါရှိသည်။
ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ် (Four Geneva Convention) ကိုအခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict) သို့မဟုတ် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law)တွင် မည်သည့်လက်နက်ကိုင်ပဋိပက္ခမျိုး (နိုင်ငံတကာလက်နက်ကိုင် ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ)တွင် အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် ပြဋ္ဌာန်းထားရှိသည်။
မြန်မာနိုင်ငံမှာ လက်နက်ဆို၍ အပ်တိုတစ်ချောင်းမျှမရှိသည့်အရပ်သားများကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် CRP၊ NUG၊ PDF အဖွဲ့များကို ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီးနာကြည်းနေပြီ ဖြစ်သည်။ အများပြည်သူများ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသောအဆောက် အဦများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အဦ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင်ပစ္စည်းများကို ဖြစ်စေပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုမှာ အကြမ်းဖက်မှုဖြစ်သည်။ ထိုလုပ်ရပ်များကို ကျူးလွန်သူများမှာ အကြမ်းဖက်အဖျက်သမား၊ လူသားစိတ်ကင်းမဲ့နေသူများသာ ဖြစ်သည်။
CRP၊ NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့အထိ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု ၃၉၉၇ ကြိမ်၊ စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဗုံးခွဲတိုက်ခိုက်မှု ၄၉၈၁ ကြိမ်၊ မီးရှို့တိုက်ခိုက်မှု ၆၅၃ ကြိမ်၊ စာသင်ကျောင်းနှင့်ပညာရေး အဆောက်အဦများဖျက်ဆီးမှု ၇၂၅ ကြိမ်၊ အုပ်ချုပ်ရေးရုံးများ တိုက်ခိုက်ခံရမှု ၂၅၄ ကြိမ်၊ စက်ရုံများတိုက်ခိုက်ခံရမှု ၅၈ ကြိမ်၊ ဆက်သွယ်ရေးတာဝါ တိုင်များဖောက်ခွဲ ဖျက်ဆီးခံရမှု ၄၂၁ ကြိမ်၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရမှု ၁၄ ကြိမ်၊ ကိုဗစ်ကုသရေးစင်တာများ တိုက်ခိုက်မှု ၁၁ ကြိမ်ရှိခဲ့သည်။ ဤသည်မှာ အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာနှင့်သက်ဆိုင်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော မော်လမြိုင်မြို့ WHO ရုံးခွဲမှ ဝန်ထမ်း ဦးမျိုးမင်းထွဋ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်သမားများက လမ်းပေါ်မှာ ပစ်သတ်ခဲ့သည်။ သာမန်အပြစ်မဲ့ပြည်သူတစ်ဦးဖြစ်သည့်အပြင် ကုလသမဂ္ဂ၏ တရားဝင်ဝန်ထမ်းတစ်ဦး ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ အကြမ်းဖက် အဖျက်သမားများ၏ လူသားစိတ်ကင်းမဲ့စွာ ရက်ရက်စက်စက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား သေဆုံးသူဦးရေ ၃၆၆၄ ဦးရှိပြီဖြစ်သည်။ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုများအပြင် ပြည်တွင်း အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အချို့နှင့်ပူးပေါင်းပြီး လူအများအပြား သေကျေပျက်စီးစေနိုင်သည့် လူမဆန်သည့် အကြမ်းဖက်ရာဇဝတ်မှုများအထိ ကျူးလွန်လျက်ရှိသည်။
စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်-နေပြည်တော်-လွိုင်ကော်ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာ့ အမျိုးသားလေကြောင်းလိုင်း (ြဗြ) မှခရီးသည်လေယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ် ဝမ်းဗိုက်ပိုင်းပေါက်ထွက်ပြီး ခရီးသည်တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ခရီးသည်လေယာဉ်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုမြောက်သည့်ရိုင်းစိုင်းယုတ်မာသော အကြမ်းဖက်မှုကျူးလွန်ခြင်း ဖြစ်သည်။ လေယာဉ်ထိခိုက်ခဲ့မှု ရှိသော်လည်း လေယာဉ်အမှုထမ်းများ၏ ကြိုးစားဆင်းသက်မှုကြောင့် လေယာဉ်မှာ လွိုင်ကော်လေဆိပ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းမှာ ဝမ်းသာဖွယ်ဖြစ်သည်။
အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူအများ ဒုက္ခရောက်စေရန် ကျူးလွန်မှုများမှာ ပြည်သူတစ်ရပ်လုံးက လုံးဝလက်မခံနိုင်သောလုပ်ရပ်များဖြစ်သည်။ နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်လျက် ပြည်သူများ၏ စိတ်အေးချမ်းသာစွာ ခရီးသွားလာ မှုကိုနှောင့်ယှက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်သည်။ နိုင်ငံတွင်းရှိ အဖွဲ့အစည်း အသီးသီးကလည်း ထိုသို့သော အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်လျက်ရှိသည်။ လူသားစိတ်ကင်းမဲ့နေသူများ လူမှုပတ်ဝန်းကျင်တွင် ကင်းစင်နေမှသာ လူမှုစီးပွားဘဝများ သာသာယာယာရှိမည် ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးက လူသားစိတ်ကင်းမဲ့သူများ ကင်းစင်ရေးအတွက် ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။