ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၈)

ဂျပန်ဆေးတပ်သားသည် ကျွန်တော့်အနာကို အရက်ပြန်ဆွတ်ထားသည့် ဂွမ်းစဖြင့် တအားပွတ်လေရာ အသားနီများလန်ပြီး   သွေးစိမ်းရှင်ရှင်ထွက်လာပါသည်။

အသည်းခိုက်အောင်နာလွန်းသဖြင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပါသည်။

ကျွန်တော်အသံမထွက်မိအောင် အံကြိတ်ထားသော်လည်း မျက်ရည်များတပေါက်ပေါက်ကျလာပါသည်။ ဂျပန်ဆေးတပ်သားက  ကျွန်တော့်မျက်နှာကိုကြည့်ပြီး ဂျပန်လိုရေရွတ်လေရာ  ကျွန်တော်နားမလည်သဖြင့် ဟိုက် ဟိုက်ဟုသာ ပြန်ပြောရသည်။ပြန်မပြောလျှင် ကျွန်တော့်ကိုထပြီး ပါးရိုက်မလားမသိပါ။ ဂျပန်ဆေးတပ်သားသည် စေတနာမပါဘဲ  ခပ်ကြမ်းကြမ်းရက်စက်စွာ ကုသနေခြင်းဖြစ်ရာ ကျွန်တော်လည်း စိတ်ဆိုးနေပါသည်။

အနာဆေးထည့်ပြီး ဆေးခန်းပေါက်မှ ထွက်လိုက်သည်နှင့် ကိုရွှေဂျပန်၏ ဒေါသတကြီး အော်ဟစ်သံကိုကြား၍ လှည့်ကြည့်လိုက်ရာ ကျွန်တော့်ကိုပြန်လာရန် ခေါ်နေသည်ဟု နားလည်မိပါသည်။ ကျွန်တော့်အနာကြောင့် ဂျပန်ဆေးတပ်သားရှေ့သို့ လျှောက်သွားပြီး သတိအနေအထားဖြင့် ရပ်လိုက်သည်နှင့်တစ်ပြိုင်နက်   ဂျပန်သူကောင်းသားသည် ကျွန်တော့်ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်တရစပ်ရိုက်နှက်ပါတော့သည်။ အချက် ၂၀ ခန့်ရှိမည်ထင်ပါသည်။စိတ်ဆိုးနေသော ကျွန်တော့်အမူအရာကို ဂျပန်ကမြင်၍ ဒေါသဖြင့်ရိုက်ခြင်းဖြစ်ပါသည်။  ကျွန်တော်၏ နှုတ်ခမ်းလည်း ကွဲပါတော့သည်။ သွေးထွက်လာသဖြင့် ကျွန်တော်ဒေါသထောင်းခနဲ ထွက်လာသည်။ သို့သော် စိတ်လိုက်မာန် ပါမလုပ်မိရန် ကိုယ့်ကိုယ်ကိုယ်ထိန်းရပါသည်။ တက်ကြွသော လူငယ်ဘဝတွင် ကိုယ်လုပ်ချင်တာမလုပ်ရဘဲ  ချုပ်တည်းထားရခြင်းလောက် အခံရခက်သည်မရှိပါ။ အရှုံးပေးရလေပြီ။ ဝမ်းနည်းလွန်း၍ ရှိုက်ကာရှိုက်ကာငိုမိပါသည်။

ကျွန်တော်အရိုက်ခံရသည့်အပြစ်မှာ ဆေးခန်းမှအထွက်တွင်   ကိုရွှေငပုကို အလေးမပြုဘဲ ထွက်ခဲ့ခြင်းကြောင့် ဖြစ်မှန်းနောက်မှ သိရပါသည်။

ဗိုလ်လေးကျော်ညွန့်ကို ကျွန်တော်ပါးရိုက်ခံရကြောင်း ပြန်လည်သတင်းပို့တိုင်ကြားသောအခါ ဗိုလ်လေးက အချိန်မကျသေးဘူးကွ...သည်းခံလိုက်ဦး၊ နောက်ပြီး ဒီကျောင်းမှာ ပါးရိုက်ခံရတာပထမတော့ မခံချင်ဖြစ်ကြပေမယ့် နောက်တော့လည်း ရိုးသွားလိမ့်မယ် ဟု ဆုံးမစကားပြောပါသည်။

အချိန်မကျသေးဘူးကွ ဆိုသောစကားကို ကျွန်တော်ထိုစဉ်က သေချာသဘောပေါက်နားလည်ခြင်းမရှိပါ။ (ဗမာ့တပ်မတော်သည် မြန်မာပြည်ကိုဂျပန်တို့ သိမ်းပိုက်ပြီးသည့်အချိန်မှစ၍  ဂျပန်တို့ကိုပြန်တိုက်ရန်   အစီအစဉ်များပြုလုပ်ခဲ့ကြောင်း ကျောင်းတက်နေစဉ်အတွင်းမှာပင် သိကြရပါသည်။ ဒီကျောင်းမှာ ပါးရိုက်ခံရတာနောက်တော့ ရိုးသွားလိမ့်မယ် ဆိုသည်ကိုတော့ မကြာမီအချိန်အတွင်း ကျွန်တော်တို့ ကောင်းကောင်းသဘောပေါက်ခဲ့ကြပါသည်။ကျွန်တော်တို့ သင်တန်းတက်ခဲ့ရသော ခြောက်လတာကာလအတွင်း ပါးရိုက်မခံရသောရက် တစ်ရက်မှမရှိဟုပင် ဆိုရမည်ဖြစ်ပါသည်။

ရိုက်နှက်ဆုံးမရာတွင် ပါးကိုလက်ဝါးဖြင့် ရိုက်နှက်ခြင်းသည် အရိုက်ခံရသူ မနစ်နာစေလိုဟု ဂျပန်ဆရာတို့က ဆင်ခြေအပြည့်ဖြင့် ပြောတတ်ကြပါသည်။ လက်ကိုရိုက်၍   လက်ကျိုးလက်နာသွားလျှင်အလုပ်မလုပ်နိုင်သဖြင့် နစ်နာမည်။ ခြေထောက်ကိုရိုက်၍ ခြေကျိုးခြေနာသွားလျှင် လမ်းမလျှောက်နိုင်သည်အထိဖြစ်ပြီး နစ်နာမည်။ လက်သီးဖြင့်ထိုးလျှင်လည်း ကွဲနိုင်သည်။ ကျိုးနိုင်သည်။  သို့ဖြစ်၍ လက်ဝါးကိုအသုံးပြုခြင်းဖြစ်သည်။ လက်ဝါးဖြင့်ရိုက်ရန် အကောင်းဆုံး၊ အသင့်တော်ဆုံးနေရာမှာလည်း ပါးပြင်ပင်ဖြစ်ကြောင်း၊ ပါးကိုရိုက်၍ ပါးနာသွားလျှင်လည်း အလုပ်အကိုင်မပျက်နိုင်ကြောင်း လက်သံပြောင်သော ဂျပန်ဆရာများက အကြောင်းပြကြပါသည်။ ဂျပန်ဆရာများ၏ စေတနာကိုသိရသောအခါ ပါးရိုက်ခံရသော ကျွန်တော်        တို့မှာ   သူတို့ကိုပင်ကျေးဇူးတင်ရမလိုဖြစ်နေပါသည်။

ဂျပန်ဆရာများ ဤသို့စေတနာဗရပွဖြင့် ပြောသော်လည်း ကျွန်တော်တို့၏ ခေါင်းတုံးပြောင်ပြောင်မှာ  ဝါးလုံးဖြင့်သော်လည်းကောင်း၊ မော့ခုဂျူး ခေါ် သစ်သားသေနတ်ဖြင့်သော်လည်းကောင်း၊ လက်သုံးတော် ဓားအိမ်ဖြင့် သော်လည်းကောင်း အခေါက်ခံရသည့်အကြိမ်ပေါင်း မရေမတွက်နိုင်ပါ။

ခြေထောက်များကိုလည်း စစ်ဖိနပ်ဖြင့် မကြာခဏအကန်ခံကြရပါသည်။ အလွန်စိတ်ဆိုးလျှင်   မျက်နှာကိုလက်သီးဖြင့် ထိုးတတ်သည်။ စေတနာနှင့် ဆုံးမခြင်း မဟုတ်ဘဲ ဘာမှပြန်မလုပ်နိုင်သူကို အနိုင်ကျင့်ခြင်းဖြစ်ပါသည်။

ကျွန်တော်တို့ ကျောင်းသားများသည် အပြစ်ရှိ၍ အရိုက်ခံရသည်ထက် အပြစ်မရှိပါဘဲနှင့် သက်သက်မဲ့ အကြောင်းမရှိ အကြောင်းရှာ အရိုက်ခံရသည်က များပါသည်။ အရိုက်ခံရသည့် အကြောင်းများကို ဋီကာမချဲ့လိုသော်လည်း အကြမ်းအားဖြင့်တော့ ပြောပြလိုပါသည်။ မနက်တန်းစီရာတွင် နောက်ဆုံးမှ ရောက်သူနှစ်ယောက်မှာ အမြဲအရိုက်ခံရသည်။ ဂျပန်ဆရာကို မမြင်၍ အလေးမပြုမိလျှင် အရိုက်ခံရသည်။  သို့ဖြစ်၍   ကျောင်းသွားလျှင်၊ ကျောင်းအတွင်း   လှုပ်ရှားသွားလာလျှင် ဂျပန်ဆရာများကိုဦးအောင်   ကျီးကန်းတောင်းမှောက် ရှာဖွေကြည့်ရှုသွားလာကြပါသည်။

ဆက်လက်ဖော်ပြပါမည်