မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိပြသ

မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိပြသ

ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာအဆင့်ရှိသည့် ယဉ်ကျေးမှုတစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာမှသမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီကြည့်ရှု လေ့လာနိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီယဉ်ကျေးမှုဇုန်ဖြစ်ရမည် ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည်  ခရီးသွားလုပ်ငန်းအတွက် အရေးကြီးသည့် နေရာများဖြစ်ပြီး

လာရောက်လေ့လာသူ များပြားလာပါက ဖြစ်ပေါ်လာနိုင်မည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးဆိုင်များ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြိုတင်စီမံထားရန်လိုကြောင်း၊ ထိုကဲ့သို့နိုင်ငံတကာမှ လာရောက်လေ့လာသည့် ပညာရှင်များ၊ ဝါသနာရှင်များမှတစ်ဆင့် မြန်မာ့သမိုင်းကို ကမ္ဘာ၌ထည်ဝါစေရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၅ ရက်က သရေခေတ္တရာမြို့ဟောင်းသို့ ရောက်ရှိစဉ် ရှေးဟောင်းသုတေသနနည်းပညာသင်ကျောင်း၊ ဧည့်ခန်းမ ဆောင်၌ လမ်းညွှန်ပြောကြားခဲ့သည်။

သရေခေတ္တရာ မြို့ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိသည့် ပျူမြို့ဟောင်းများအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးမြို့ဖြစ်သည်။ သရေခေတ္တရာဟူသော အမည်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောမြို့ဟု အဓိပ္ပာယ်ရရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင်တည်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းသည် အဝန်းအဝိုင်းပုံသဏ္ဌာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာရှိကြောင်းသိရသည်။ မြို့ဟောင်းအတွင်း မှော်ဇာရွာအပါအဝင်ကျေးရွာပေါင်း ၁၇ ရွာတည်ရှိသည်။

ဒေသရာဇဝင်များအဆိုအရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော်သက္ကရာဇ် ၁၀၁ ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ကုမ္ဘာဏ်၊ စန္ဒီ၊ ပရမေသုရာ စသည့်သူမြတ် ၇ ဦးတို့သည် မြတ်စွာဘုရား ဗျာဒိတ်တော်ရှိသည်နှင့်အညီ မြို့ကိုတည်အံ့သောအကြောင်းကိုစုရုံးတိုင်ပင်ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ်  သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင်  နဂါးကိုစက်ကြိုးပြု၍ ပတ်စေခဲ့ကြောင်း၊ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာမြို့တော်၏ပမာဏအဖြစ်စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင်မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့သည်။

သရေခေတ္တရာမြို့ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုးကဲ့သို့သော အဆောက်အဦအကြွင်းအကျန်များနှင့်အတူ လက်ရှိအချိန်အထိ လူနေထိုင်ဆဲ မြို့ပြတစ်ခုဖြစ်သည်။ မြို့ဟောင်းတူးဖော်မှုလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်းများကို ၁၉၀၇ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ လူ့ယဉ်ကျေးမှု ထွန်းကားလာချိန်မှစ၍ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နိုင်ငံနှင့်လူမျိုးအလိုက် သမိုင်းဆိုင်ရာ အမွေအနှစ်များ ပေါ်ထွန်းလာခဲ့သည်။

မြေပေါ်မြေအောက်ရှာဖွေဖော်ထုတ်ကာတွေ့ရှိလာသည့် အမွေအနှစ်များကိုထိန်းသိမ်းလာကြသည်။

လူနေမှုအသိုက်အဝန်းတစ်ခု၏ ယဉ်ကျေးမှုလက္ခဏာများပါရှိနေပြီး  သမိုင်းဆိုင်ရာအရေးပါမှုများနှင့် အတိတ်ကာလမှ ယနေ့တိုင်ကျန်ရှိနေသည့် ဒြပ်ရှိဒြပ်မဲ့ပစ္စည်းများကို အမွေအနှစ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။

မြန်မာနိုင်ငံသည် ရှည်လျားသည့် သမိုင်းကြောင်းရှိထားပြီး ပျူခေတ်ကာလမှ စတင်၍ မြန်မာနိုင်ငံဒေသ အသီးသီးတွင် မြို့ပြအိမ်ရာများကို တည်ထောင်နေထိုင်ခဲ့ကြသည်။ အဆိုပါရှေးဟောင်းမြို့ပြများအနက် အချို့သည် ယနေ့တိုင်ကျန်ရှိနေပြီး အချို့မှာပျောက်ကွယ်လျက်ရှိသည်။ ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာရှင်များနှင့် သုတေသီများ၏ ရှာဖွေဖော်ထုတ်မှုကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ဟောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရှေးဟောင်းမြို့ပြများအနက် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့်ဟန်လင်းတို့ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည့်ယူနက်စကိုအဖွဲ့၏ ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံက အဆိုပါရှေးဟောင်းမြို့ပြသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့အမွေအနှစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ့ပျူမြို့ဟောင်းများကို ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးဆန်းစစ်ရာတွင် ခိုင်မာမှုရှိခြင်းနှင့်စစ်မှန်မှုရှိခြင်းတို့နှင့်လည်း ကိုက်ညီကြောင်း သိရှိရသည်။

ပျူမြို့ဟောင်းများတူးဖော်မှုတွင် တွေ့ရှိရသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမှာ မူလအခြေအနေအတိုင်း ရှိနေသည့်အပြင် မြေအောက်တူးဖော်မှုအထောက်အထားများသည်လည်း ပျက်စီးမှု နည်းပါးကာ မူလအတိုင်းနီးပါးကျန်ရှိနေကြောင်း သိရှိရသည်။ သရေခေတ္တရာမြို့ရိုးအပြင်၌ ရှေးဟောင်းစေတီသုံးဆူသည် တြိဂံပုံသုံးပွင့်ဆိုင်တည်ရှိနေသည်။ မြို့ဟောင်း၏တောင်ဘက်တွင် ဘောဘောကြီးစေတီ၊ အနောက်မြောက်ဘက်တွင် ဘုရားကြီးစေတီနှင့် အရှေ့မြောက်ဘက်တွင် ဘုရားမာစေတီတို့ တည်ရှိသည်။ အရှေ့တောင်အာရှဒေသ၏ မြို့ပြယဉ်ကျေးမှုအစဖြစ်သည့် သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဒေသသည် မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှုဇုန် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။   ။