နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့်ကြိုးပမ်းစို့
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉ ရက်)
“မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား”ဟူသော သတင်း ခေါင်းကြီးပိုင်းကို အောက်တိုဘာ ၇ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် မနားမနေ ဆောင်ရွက်နေမှု ပုံရိပ်များကို မြင်တွေ့ရသည်မှာ ပြည်သူလူထု၏ မျှော်လင့်ချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးနေခြင်းဖြစ်ကြောင်း သိနိုင်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားများတွင် စီးပွားရေး မောင်းနှင်အားသည် အဓိကဖြစ်ပေရာ စီးပွားရေး တိုးတက်မှသာ အရာရာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
စီးပွားရေး ကောင်းမွန်နေပါက နိုင်ငံတော်တွင် လိုအပ်သော နည်းပညာများ၊ နိုင်ငံတော်ကာကွယ်ရေး အတွက် လိုအပ်သည်များ၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရေး အတွက် လိုအပ်ချက်များ အစရှိသည်ဖြင့် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား ထုတ်လုပ်သည့် နိုင်ငံဖြစ်ပေရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရန်သာ လိုအပ်သည်။ ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရေးကို နိုင်ငံတော်အစိုးရက ဦးဆောင်ကြိုးပမ်းလျက်ရှိပြီး လိုအပ်သည်များကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဆန်ကိုသာအဓိက စားသုံးကြခြင်းဖြစ်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်သည် အရေးပါဆုံး ကောက်ပဲသီးနှံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအတွက် မြေအရင်းအမြစ်၊ ရေသယံဇာတနှင့် လူသားအရင်းအမြစ်များ ပြည့်စုံပြီးဖြစ်သည့် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို စနစ်တကျစီမံ ဆောင်ရွက်ကြရန်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်မည် ဆိုပါက ဆင်းရဲမှု လျော့နည်းပပျောက်မည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ များစွာ အထောက်အကူပြုမည်ဖြစ်သည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အတွက် နိုင်ငံ၏ ရေ၊ မြေ ရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပဈေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာများရှိသည့် ပို့ကုန်များကို ပိုမိုတိုးချဲ့ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် ဆန်စပါးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အချိန်တိုအတွင်း ရလဒ်ကောင်းများ ရစေနိုင်သည့် (Quick Win) အစီအစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း” ဖြင့် အထက်ပါအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသည့် “အမျိုးသား ပို့ကုန် မဟာဗျူဟာ”၏ ဦးစားပေး ပို့ကုန်များထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ကဏ္ဍသည် ဦးစားပေး ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည်။ ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာ၏ မျှော်မှန်းချက်သည် “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေး အတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် ဆန်စပါး ထုတ်လုပ်ရေးနှင့် တင်ပို့ရေး”ပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိနေသည်။ နိုင်ငံတိုင်းက ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဦးတည်ပြီး မူဝါဒမျိုးစုံချမှတ် ကျင့်သုံးနေကြသည်။ အချို့သောနိုင်ငံများမှာ လူဦးရေက များပြားပြီး စားနပ်ရိက္ခာက မလုံလောက်မှုနှင့်ကြုံတွေ့နေကြရသည်။ အထူးသဖြင့် စားနပ်ရိက္ခာအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု မရှိသည့် နိုင်ငံ၊ နည်းပါးလှသည့် နိုင်ငံတိုင်းတွင် စားနပ်ရိက္ခာ ဖူလုံရေးမှာ အလှမ်းဝေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝက ဖန်တီးပေးထားသည့် စိုက်ပျိုးမြေများကို ပိုင်ဆိုင်ထားသည်။ မြေကြီးက ရွှေသီးသည်ဟုဆိုရလောက်အောင် စပါးစိုက်ပျိုးဖြစ်ထွန်း အောင်မြင်သည်။ စပါးနည်းတူ အခြားသော သီးနှံများလည်း ဖြစ်ထွန်းလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အခွင့်အလမ်းကောင်းများ များစွာပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်။ ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေး လုပ်ငန်းတစ်ခု အနေဖြင့် ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ့စီးပွား မြင့်မားနေမည်ဖြစ်သည်။ “အမျိုးသားပို့ကုန် မဟာဗျူဟာ”ရည်မှန်းချက်အရ မြန်မာ့ဆန်စပါး တိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မြန်မာ့ဆန်စပါး ညီလာခံ- ၂၀၂၂ ကို “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့ (Rising with Rice)” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ပေရာ သက်ဆိုင်ရာပြည်သူ တစ်ရပ်လုံးက နိုင်ငံတော် အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုနှင့်အတူ အောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။