ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၂၉)

    အချို့ဂျပန်ဆရာများက အကွယ်တစ်နေရာမှ ပုန်းနေပြီး  ကျောင်းသားများ လွန်သွားမှ ပြန်ခေါ်ကာ ရိုက်လေ့ရှိသည်။    မတရား သက်သက်ခံကြရခြင်းဖြစ်ပါသည်။

ကျန်းမာရေး လေ့ကျင့်ရာတွင် သေနတ်မပါဘဲ ပြေးရသည်လည်း ရှိပါသည်။ စက်သေနတ်ကြီးကိုထမ်း၍  ပြေးရသည်လည်းရှိသည်။

အနည်းဆုံး သုံး၊ လေးမိုင်ခန့်ပြေးရခြင်းဖြစ်ရာ အမောဆို့၍ မပြေးနိုင်ဘဲ လဲကျသူများမှာ ပါးရိုက်ခံရခြင်း၊ ခြေထောက်ဖြင့် အကန်ခံရခြင်းများ အလူးအလဲခံကြရပါသည်။

စာသင်ချိန် အိပ်ငိုက်လျှင်လည်းကောင်း၊ စာမရလျှင်လည်းကောင်း အရိုက်ခံကြရပြန်သည်။ စာသင်ချိန်၊ သင်တန်းဆင်းချိန် စကားလုံးဝမပြောရ၊  တစ်ယောက်စကားပြောလျှင် စကားပြောသူ အရိုက်ခံရပြီး တပ်စုတစ်စုလုံးလည်း ဒဏ်ပေးခံကြရပါသည်။

သေနတ်လွတ်ကျလျှင်   ဂျပန်ဆရာများ အလွန်စိတ်ဆိုးကြသည်။ သေနတ်တွင် “ဂိုးမွန်းရှော”ခေါ် ဂျပန်ရှင်ဘုရင်၏  တံဆိပ်ပါသဖြင့် သေနတ်ကို ရိုသေလေးစားရသည်။ သေနတ်လွတ်ကျသူ ကျောင်းသားသည် ပါးကွဲအောင် အရိုက်ခံရပါသည်။ သေနတ်ကို ပြောင်အောင် တိုက်မထား၍ သေနတ်တွင် ကြေးညှော်ကလေး အနည်းငယ်တွေ့လျှင် ထိုကျောင်းသား မသက်သာပါ။ သေနတ်မှ   အစိတ်အပိုင်းလေး တစ်ခုပျောက်လျှင်  မတွေ့တွေ့အောင် ရှာရသည်။ တစ်ခါတစ်ရံဆရာများက သေနတ် အစိတ်အပိုင်းလေးတစ်ခုကို ခိုးယူဝှက်ထားပြီး  ကျောင်းသားများကို   အပြစ်ရှာကာ ရိုက်နှက်လေ့ ရှိပါသည်။

သင်တန်းစပြီးနှစ်လကြာမှ အပြင်ထွက်ခွင့်ရသည်။ နံနက် ရှစ်နာရီခန့် ကျောင်းမှထွက်ရပြီး ညနေ လေးနာရီ ပြန်လည်သတင်းပို့ရသည်။ အပြန်နောက်ကျသူများ  ပါးရိုက်ခံရသည့်အပြင် ဒဏ်ပေးခြင်းလည်း ခံကြရသည်။

အပြစ်တစ်ခုအတွက် ဒဏ်ပေးပုံမှာ ရက်စက်လွန်းပါသည်။ ကိုလှမော်(ဗကပ-တောတွင်းကျဆုံး)၊ ကိုစိုးမောင်(ဗကပ-ဗိုလ်မှူးချစ်ကောင်း) နှင့် ကိုဘဆက်(ရွှေဘိုသား)တို့  အပြစ်တစ်ခုကြောင့်   ဒဏ်ပေးခံရသည်။ ဒဏ်ပေးပုံမှာ ဟင်းထည့်သော ဒန်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ခိုင်းထားပြီး   ယင်းဒန်ခွက်အတွင်းသို့ ကျိုက်ကျိုက်ဆူနေသည့် ရေနွေးများ လောင်းထည့်ပါသည်။ ခွက်လွတ်ကျပါက  ပါးကိုဘယ်ပြန်ညာပြန် ရိုက်နှက်ပါသည်။ ရေနွေးများအေးသွားလျှင်သွန်ပြီး ရေနွေးပူများကို လောင်းထည့်ပြန်သည်။ ကြံဖန်ပြီး ရက်စက်စွာ ဒဏ်ခတ်ခြင်းဖြစ်သည်။ ကိုလှမော်၊ ကိုစိုးမောင်နှင့် ကိုဘဆက်တို့ အပြစ်ပေးခံရခြင်းမှာ  တနင်္ဂနွေနေ့ အပြင်ထွက်ခွင့်ရချိန်  သူတို့သုံးဦးသည် ခွင့်ပြုချိန်လွန်မှ ကျောင်းသို့ ပြန်ရောက်သောကြောင့်ဟု သိရပါသည်။ ကိုစိုးမောင်ကတော့ မသွားရဟု  သတ်မှတ်ထားသောနေရာ သွားသည်ကို ဂျပန်ဆရာတွေ့သွား၍ဟု သိရပါသည်။  သူတို့သုံးဦးသည် မြေအောက်ဖက်ဆစ် တော်လှန်ရေးအဖွဲ့နှင့်    သွားရောက် တွေ့ဆုံခဲ့သည်ဟု နောက်ပိုင်းတွင် သတင်းထွက်လာပါသည်။

ကတ်သီးကတ်သတ် ဒဏ်ပေးပုံတစ်ခု ရှိသေးသည်။ ဒဏ်ပေးခံရသူသည် လေးပေခန့်မြင့်သော တန်းအောက်သို့ ဝင်ရသည်။ တန်းအောက်သို့ဝင်လိုက်သည်နှင့်   ဒူးမှာတစ်ဝက်ကွေးဖြင့်သာ ရပ်နေနိုင်ပါသည်။ ဒူးတစ်ဝက်ကွေးဖြင့် မည်သူမျှ ကြာကြာမရပ်နိုင်ပါ။ ဆယ်မိနစ်ခန့် ကြာလျှင် ဒူးတုန်လာပါမည်။ ယင်းသို့ တုန်လာလျှင် မငြိမ်လို့ဟုအော်ကာ ပါးရိုက်သည်။ လဲကျသွားလျှင် ခြေထောက်ဖြင့်ကန်သည်။

တပ်စုတစ်စု၊ အခန်းတစ်ခန်းမှ ကျောင်းသားတစ်ယောက် အပြစ်ကျူးလွန်လျှင် တပ်စုတစ်စုလုံး၊ အခန်းတစ်ခန်းလုံး အပြစ်ပေးခံကြရပါသည်။ တစ်ခါက စာကြည့်ချိန် စာကြည့်ဆောင်တွင် ကျောင်းသားတပ်စုအလိုက် စာကျက်နေကြသည်။ ထိုအချိန်တွင် ”ဝါးလုံး”ခေါ် ကော့ကုဂျီဂွန်းဇော်   စာသင်နေသော အခန်းကို ကျောင်းသားတစ်ယောက်  ချောင်းကြည့်ရာ ဝါးလုံးက မြင်သွားသည်။ ဝါးလုံးက   တပ်ခွဲတစ်ခွဲလုံးကို တန်းစီပြီး  ချောင်းကြည့်သည့် ကျောင်းသားမည်သူနည်းဟု   မေးသည်။

မည်သူကမျှ   ချောင်းကြည့်သည်ဟု ဝန်မခံကြပါ။  ဝါးလုံးက ထပ်ကာတလဲလဲ မေးသော်လည်းမရသဖြင့် အလွန်စိတ်ဆိုးလာပြီး အလှည့်ကျ တာဝန်ခံကျောင်းသား ကိုအေး(ဒုတိယပတ် ဂျပန်ပြန်၊ ဗိုလ်မှူး-တိုက်ပွဲကျဆုံး)ကို မြန်မာလို မေးခိုင်းသည်။ ကိုအေးက မြန်မာလိုမေးသော်လည်း ကျောင်းသားများ တုတ်တုတ်မျှ မလှုပ်ကြပါ။               

ဆက်လက်ဖော်ပြပါမည်