ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၀)

    အားလုံးငြိမ်နေကြသည်။  ကိုအေးမေး၍ မရတိုင်း ဝါးလုံးခေါ် ကော့ကုဂျီဂွန်းဇော်က ကိုအေးခေါင်းကို ဝါးလုံးချောင်းဖြင့် ခေါက်သည်။ ကိုအေး ဝါးလုံးချောင်းဖြင့် အခေါက်ခံရသည်မှာ အကြိမ် ၂၀ ထက် မနည်းတော့ပါ။ ကိုအေးခမျာ နာလွန်း၍ မျက်ရည်များကျကာ အော်ငိုပါတော့သည်။ “ပြောလိုက်ကြပါဗျာ၊  ခင်ဗျားတို့မပြောရင် ကျုပ်သေရပါတော့မယ်”ဟုလည်း အော်သည်။ ကိုအေးအော်တိုင်း ဝါးလုံးက ကိုအေးခေါင်းကို ဝါးလုံးချောင်းဖြင့်  ရိုက်နေသည်။ ကျောင်းသားများမှာ ကိုအေးကို သနားသော်လည်း တရားခံကို  မဖော်ထုတ်ရန် အားလုံးညှိထားကြသည်။ တရားခံကို ထုတ်ဖော်လိုက်ပါက  ထိုကျောင်းသားသည် သက်သာမည်မဟုတ်ပါ။ ဝါးလုံးခေါ်  ဂျပန် ဆရာ၏ ညှဉ်းပန်းမှုကို အသေအလဲခံရပေတော့မည်။ နောက်ဆုံးတွင် ဝါးလုံးက တရားခံကိုရအောင်  မဖော်ထုတ်တော့ဘဲ  မင်းတို့အားလုံး အပြစ်ရှိတယ်ဟု ဆုံးဖြတ်ကာ တန်းစီနေသည့် ကျောင်းသားများရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ခေါင်းများကို ဝါးလုံးချောင်းဖြင့်   အသွားအပြန် ပတ္တလားတီးသလို တီးပါတော့သည်။

ကျောင်းသားတစ်ယောက် အနည်းဆုံး လေး၊ ငါးချက် အရိုက်ခံကြရသည်။ ဒေါသဖြင့် ရိုက်ခြင်းဖြစ်၍ ခေါင်းကွဲသူများ ရှိပါသည်။ ကော့ကုဂျီဂွန်းဇော်သည် ဝါးလုံးဖြင့် အရိုက်ကြမ်းလွန်းသဖြင့် ယင်းအား”ဝါးလုံး”ဟု ကျောင်းသားအားလုံးက တညီတညွတ်တည်းနာမည်ပေးကြခြင်း  ဖြစ်ပါတော့သည်။

    သင်တန်းချိန်တွင် ပါးရိုက်မခံရ၍ ဝမ်းမသာနိုင်ကြပါ။ ညနေတန်းစီချိန် အခန်းတွင် တန်းစီရသောအခါ “ဟန်ချို”ခေါ် အခန်းအုပ်တပ်ကြပ်ကြီး ရောက်လာလေ့ရှိသည်။ ဟန်ချိုသည် သတိအနေအထားဖြင့်  မျက်နှာချင်းဆိုင် တန်းစီနေသော ကျောင်းသားများရှေ့တွင်   ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်းက ခပ်တောင့်တောင့် ရပ်နေသည့် ကျောင်းသား၏ မေးစေ့ကို တွန်းကြည့်သည်။ ကျောင်းသားက တင်းမခံဘဲ နောက်သို့ယိုင်သွားလျှင် စိတ်ဓာတ်မကောင်းဟုဆိုကာ ပါးကိုရိုက်သည်။ အကယ်၍ ကျောင်းသားက တင်းခံရပ်လျှင်  သူ့ကိုအာခံသည်ဟုပြောကာ ပါးရိုက်ပြန်သည်။ ဘယ်ဘက်ကမှမသက်သာပါ။ အခန်းတွင်းရှိ ကျောင်းသားအားလုံး အပြစ်ရှိသည်ဟု ယူဆလျှင် ဟန်ချိုသည် သူ့လက်ကို အနာမခံတော့ဘဲ “ဘင်နခုဟဂျီမေ”ဟု အမိန့်ပေးလိုက်ပါက မျက်နှာချင်းဆိုင် ရပ်နေကြသော ကျောင်းသားများသည် တစ်ဦး၏ ပါးကိုတစ်ဦး အပြန်အလှန် ဘယ်ပြန်ညာပြန်ရိုက်ကြရသည်။ ရဲဘော်ချင်းမို့ ပါးမရိုက်ချင်ကြပါ။ မနာအောင် ညှာညှာတာတာ ရိုက်နှက်နေသည်ကို ဟန်ချိုတွေ့သွားလျှင် နှစ်ဦးစလုံးကို နမူနာပြအဖြစ် ပါးကွဲအောင် ရိုက်ပြပါလေသည်။ ဟန်ချိုက “ရာမေ” ဟု အမိန့်မပေးမချင်း  ရိုက်နှက်နေကြလေရာ အချို့ကျောင်းသား ရဲဘော်များ မူးမေ့လဲသည်အထိ ခံကြရပါသည်။

ရဲဘော်ကျောင်းသားများ၏ ခံစားချက်များကို ရင်ဖွင့်ရာ၊ စိတ်ဖြေရာနေရာကလေး တစ်နေရာတော့ရှိပါသည်။ ထိုနေရာကလေးမှာ  စာကြည့်ဆောင်၊   စာသင်ဆောင် နောက်ဘက်တွင်ရှိသည့် အခန်းလေး တစ်ခန်းအတွင်းဖြစ်ပါသည်။ ထိုနေရာတွင် နံရံ၌ မီးသွေးခဲများဖြင့် မိမိတို့အာဘော်များကို ရေးသားထားကြသည်။ ဂျပန်ဆရာများ မတွေ့မီ   မိမိရေးလိုသည်များကို ရေးထားကြသည်မှာ နံရံအပြည့်ပင် ရှိနေပါသည်။  ရေးသားထားသည့်ရဲဘော် ကျောင်းသားများ၏ ခံစားနေရပုံများ သရုပ်ပီပြင် ပေါ်လွင်လှပါသည်။

ရဲဘော်တိုင်း၏ ပါးတို့သည် ဆုကေမိုးနို (ချဉ်ဖတ်)ဖြစ်ကုန်လေပြီ။ နေ့စဉ်ပါးအရိုက်ခံရသည်ကို ပေါ်လွင်အောင် ဖော်ပြထားသည့် စာဖြစ်၏။

“ရဲဘော်တို့   ပြန်ထိုးကြစို့လား”ဟု တစ်ယောက်က အဖော်ညှိပြီး နောက်တစ်ယောက်က “မရဲဘဲနှင့်ကျွဲပြဲမစီးပါနဲ့”ဟု ရေးသားထားပါသည်။

ယင်းစာတန်းအောက်တွင် “အဖေအိုကြီးအား ငဲ့ညှာ၍ အရာရာကို သည်းခံကြလော့”ဟု တိုက်တွန်းထားပြန်သည်။

“နေ့စဉ်စားသောက်ဖွယ်များသည် အဖမြန်မာပြည်ကြီး၏ ထမင်းအစစ်များမဟုတ်၊ ထမင်းအတုများသာဖြစ်သည်”ဟူ၍ ထမင်းဟင်း ညံ့ဖျင်းပုံနှင့် တိုင်းပြည်က ကျွေးသမျှ မစားရဘဲ ဂျပန်တွေဖြတ်စားလျှပ်စား လုပ်နေပုံကို စာတင်ထားသည်လည်း တွေ့ရသည်။

“စာကြည့်သူများနှင့်လုံးဝမဆိုင်၊ ဤအခန်းသည် ဂွန်းဇော် ခန်းမဆောင်ဖြစ်၍ စာကြည့်သူများမဝင်ရ”ဟု စာမသင်ချင်လို့ စစ်ထဲဝင်လာတာ၊ စာကြည့်ခိုင်းမနေပါနဲ့၊ စာမေးပွဲမဖြေနိုင်လို့ ဂွန်းဇော်ခေါ် တပ်ကြပ်အဆင့်ဖြင့် ကျောင်းဆင်းရမည့် သူများ၏ ခံစားချက်ကို သရုပ်ဖော်ထားပြန်ပါသည်။

နေရစ်တော့ ကျွန့်ချစ်ဆွေ၊ ခူးရာခေါ်မသာသံနှင့် နာခံကာ မျိုးချစ်ဇွဲကို မြဲရစ်တော့လေး ဆိုသည်မှာ ဂွန်းဇော်ခေါ် တပ်ကြပ်အဆင့်ဖြင့် ကျောင်းဆင်းရတော့မည့် ရဲဘော်၏ မှာတမ်းဖြစ်ပါသည်။

မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းကြီး သည် ဗမာ့တပ်မတော်တွင်  အရာရှိ၊ အကြပ်များဖြင့် တာဝန်ယူကြမည့် ကျွန်တော်တို့ကို စစ်ပညာသာမက စည်းကမ်းရှိအောင်၊ အမိန့်နာခံတတ်အောင် လေ့ကျင့်သင်ကြား ပေးလိုက်သော ကျောင်းကြီးအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ကျေးဇူးတကယ်တင်ထိုက်သော ကျောင်းကြီးလည်းဖြစ်

တယ်။ ငယ်ရွယ်နုနယ်၍ ပျော့ပျောင်းသော ရွှံ့စေးပမာ တင်စားနိုင်သည့် ကျွန်တော်တို့ကို အသားကျသွားအောင် ပုံသွင်းပေးလိုက်သော ကျောင်းကြီးဖြစ်ပါသည်။ ဂျပန်ဆရာတို့ ရိုက်နှက်ပုံသွင်းပေးလိုက်သော စံသည်   ဤကျောင်းမှ ဆင်းကြသည့် ရဲဘော်များအားလုံး   အရိုးထိအောင် စွဲသွားကြသည်မှာ    သေသည်အထိ မေ့ပျောက်နိုင်မည်မဟုတ်ပါ။

ကျောင်းတွင် အချိန်ဇယားဖြင့် အတိအကျ လှုပ်ရှားလုပ်ကိုင်ကြရပါသည်။

နံနက် ငါးနာရီတွင် အိပ်ရာထ ခရာမှုတ်သည်။         

ဆက်လက်ဖော်ပြပါမည်