ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၁)

ကျောင်းသားများသည် ကြိုတင်နိုးနေကြသော်လည်း အိပ်ရာအတွင်း၌သာ နေကြရသည်။ အိပ်ရာထခရာ မှုတ်သံကြားမှထကာ အမြန်တန်းစီကြရပါသည်။ ဤသို့တန်းစီရသဖြင့် ခြင်ထောင်များ မဖြုတ်ခဲ့ရခြင်း၊ စောင်များမခေါက်ခဲ့ရခြင်းကြောင့် နောက်ပိုင်းတွင်    ခြင်ထောင်ဖြုတ်၍ ခေါက်ခြင်း၊ စောင်ခေါက်ခြင်းကို မြန်မြန်

လုပ်ပြီးမှ  ပြေး၍တန်းစီကြရပါသည်။

ခုတိုက်တော်ရီရှင်မာရီခေါ် တပ်စုအလှည့်ကျ တာဝန်ကျကျောင်းသားက လူစစ်ဆေးရသည်။ ထို့နောက် တာဝန်ကျကျောင်းသားက တာဝန်မှူးကိုသတင်းပို့သည်။ သတင်းပို့ရာတွင် တပ်စုရှိရင်း ဘယ်နှယောက်၊ တန်းစီ ဘယ်နှယောက်၊   ပျက်ကွက်ဘယ်နှယောက်၊ ပျက်ကွက်များမှ ဖျားနာဘယ်နှယောက်၊ တာဝန်ကျ ဘယ်နှယောက်စသည်ဖြင့် ဂျပန်ဘာသာနှင့်သတင်းပို့ရသည်။ ဂျပန်လို သတင်းပို့နည်းကိုအလွတ်ကျက်ထားရသည်။ မှားလျှင် အရိုက်ခံရသည်။ ခုတိုက်တော်ရီရှင်မာရီ၏တာဝန်မှာ ကြီးလေးများပြားလှသဖြင့် ကျောင်းသားများမှာ မိမိအလှည့်ကျရောက်မည့်ကာလကို စိတ်ဆင်းရဲစွာ စောင့်မျှော်နေကြရပါသည်။   တာဝန်မှူးက စစ်ဆေးပြီးလျှင်တာဝန်ကျကျောင်းသားက ထမင်းယူတာဝန်၊ သန့်ရှင်းရေးတာဝန် စသည်တို့ကို တာဝန်ဝေခွဲယူပြီးနောက် ကျန်းမာရေးလေ့ကျင့်ခန်းများကို တာဝန်ကျကျောင်းသားက ဂျပန်လိုအမိန့်ပေးကာ လေ့ကျင့်ကြပါသည်။ ဂျပန်လို အမိန့်ပေးခြင်းဖြစ်၍ မမှားသည့်အခါမရှိ၊  အရိုက်မခံရသည့်အခါ မရှိ။ ကျန်းမာရေးလေ့ကျင့်ချိန်တွင် ၄  မိုင်ခန့်ပြေးရသည်မှာ နေ့စဉ်လိုပင်ဖြစ်သည်။ ထမင်းယူတာဝန်ကျသူများသာ ကျန်းမာရေး လေ့ကျင့်ခန်းလွတ်သည်။ သို့ဖြစ်၍ မကျန်းမာသူ၊ ခြေနာသူများကို ထမင်းယူ တာဝန်ပေးရပါသည်။ ကျန်းမာရေးအချိန်အတွင်း အိုတာကေဘီတိုက် သို့ တက်ရောက် အလေးပြုကြရပါသေးသည်။

ကျန်းမာရေးလေ့ကျင့်ခန်းများကို နာရီဝက်ခန့်ပြုလုပ်ပြီးနောက် တန်းဖြုတ်သောအခါ အခန်းတွင်းရှိပစ္စည်းများ တန်းစီခြင်း(Kit Layout) ခင်းကျင်းကြရသည်။

ပြီးလျှင်   အိမ်သာရေဆေးသူကဆေး၊ အခန်းတွင်း အခန်းပြင် အမှိုက်လှည်းသူက လှည်း၊   အမှိုက်ကောက်သူ ကကောက်၊ အိပ်ဆောင်ပတ်ဝန်းကျင်  သန့်ရှင်းရေးလုပ်သူက လုပ်ကြရသည်။ ထိုအချိန်ကလေးအတွင်းတွင်  အပေါ့အလေးကို အပြေးအလွှားသွားကြရသည်။  အချိန်တိုလေးအတွင်း   အိမ်သာတစ်နေရာအတွက်   စောင့်စားရသည်မှာလည်း သေးငယ်သောဒုက္ခမဟုတ်ပါ။

ခြောက်နာရီမှ ခုနစ်နာရီအထိ နံနက်စာစားချိန်ဖြစ်ပါသည်။ အချိန်တစ်နာရီခန့်ရသော်လည်း ထမင်းကို ကပျာကသီစားပြီးနောက် ထမင်းစားပွဲနှင့် ထမင်းစားခန်းကို  သန့်ရှင်းရေးလုပ်ရခြင်း၊ အိပ်ခန်းအတွင်း ပစ္စည်းထားသိုမှုများကို အမှားအယွင်း၊ ချို့ယွင်းချက်မရှိအောင် စစ်ဆေးမွမ်းမံရခြင်း၊ သင်တန်းအတွက် ဝတ်စားပြင်ဆင်ရခြင်း စသည်တို့ကို မနားမနေဆောင်ရွက်ရင်း သင်တန်းတက်ရန် တန်းစီချိန်သို့ ရောက်ရှိသွားပါတော့သည်။ နားချိန်လုံးဝမရ၊ တန်းစီချိန်မီရန် အပြေးအလွှား လုပ်ကြရသည်။

ဝရး၃၀ နာရီမှ ၁၂ း၀၀ နာရီအထိ သင်တန်းချိန်ဖြစ်ပါသည်။

၁၂း၀၀ နာရီမှ ၁၃း၀၀ နာရီအထိနေ့ခင်းထမင်းစားချိန်ဖြစ်ပါသည်။၁၃း၀၀ နာရီမှ ၁၆း၀၀ နာရီအထိ သင်တန်းပြန်တက်ကြရပါသည်။

၁၆း၀၀ နာရီမှ ၁ရး၀၀ နာရီအထိ ကိုယ်ပိုင်အချိန်ရပါသည်။ သို့သော် ထိုအချိန်လေးတွင် အားကစားပြိုင်ပွဲများ ဆင်နွှဲကြရပါသည်။  ပြီးတော့ ရေချိုးနိုင်သည်။ အဝတ်လျှော်နိုင်သည်။ အချိန်ပိုလျှင်   ကျောင်းအတွင်းဖွင့်ထားသော စားသောက်ဆိုင်သို့သွားနိုင်သည်။ စားသောက်ဆိုင်ကို ဂျပန်လို ရှူဝေါ ဟု ခေါ်သည်။ ကျွန်တော်တို့ကတော့ ကင်န်းတင်း ဟုသာ လွယ်လွယ်ခေါ်လိုက်ကြသည်။

၁ရး၀၀ နာရီမှ ၁၈း၀၀ နာရီအထိမှာ ညနေထမင်းစားချိန်ဖြစ်သည်။

၁၈း၀၀ နာရီမှ ၂၀း၃၀ နာရီအထိ စာကြည့်စာကျက်ချိန်ဖြစ်သည်။ စာကြည့်ဆောင်သို့ တန်းစီသွားရောက်ပြီး စာကျက်ကြရပါသည်။ ၂၁း၀၀ နာရီတွင်  အိပ်ခန်းအတွင်း၌ တန်းစီသစ္စာငါးချက်ဆိုရသည်။

တန်းစီရာတွင် အခန်းအုပ်(ဟန်ချို)လာ ရောက်လေ့ရှိပြီး ဟန်ချိုမလာရောက်လျှင် အခန်းအလှည့်ကျ တာဝန်ကျကျောင်းသားကြီးက ကြီးကြပ်ဆောင်ရွက်ရသည်။ ဟန်ချိုသည် ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက်စေရန်အတွက် များသောအားဖြင့် မပျက်မကွက်ကြွရောက်လာလေ့ရှိပါသည်။

၂၁း၀၀ နာရီတွင် အိပ်ချိန်မီးပိတ်ခရာမှုတ်သည့်အခါ မီးမှိတ်၍ အိပ်ကြရပါတော့သည်။ မီးပိတ်ခရာမှုတ်ပြီးလျှင် မည်သည့်လှုပ်ရှားမှုမှမရှိရပါ။ ကျောင်းကြီးတစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတော့သည်။ မီးပိတ်သွား၍ တကယ်တမ်း စိတ်မအေးရသေးပါ။ တစ်ခါတစ်ရံဂျပန်ဆရာများ လာရောက်ဒုက္ခပေးတတ်ပါသည်။

သူတို့ကတော့ ပုံသွင်းလေ့ကျင့်ပေးသည်ဟု ပြောကြပါလိမ့်မည်။

တပ်ခွဲ(၂)တပ်စု(၂)သည် စက်သေနတ်ကြီးတပ်စုဖြစ်ပါသည်။   သင်ကြားသည့် ဆရာများမှာ မေလ ၂၉ ရက်မှစ၍ ဟတချူးအိခေါ် ဗိုလ်ဟတက ကျောင်းဆင်းသည်အထိ တာဝန်ယူပါသည်။ တပ်စုတပ်ကြပ်ကြီးမှာ တေရအူချီဂွန်းဇော်ဖြစ်ပါသည်။ဇူလိုင်လ ၅ ရက်မှစ၍ အိုနုမာဂွန်းဇော်က တာဝန်ယူသည်။ မြန်မာတပ်စုမှူးအဖြစ် အစပိုင်းတွင်  ဗိုလ်လေးကျော်ညွန့်က တာဝန်ယူပြီး ဇွန်လ ၁၆ ရက်မှစ၍ ဗိုလ်လေးရန်လင်းက ဆက်လက် တာဝန်ယူပါသည်။          

ဆက်လက်ဖော်ပြပါမည်