ငယ်ဘဝ

ယမန်နေ့မှအဆက်

သူတို့က  စေတနာနှင့်ကူညီ၍ စစ်ဆေးပေးကြသည်။ Book one စာအုပ်ကို ခုနစ်ရက်သာကြာသည်။

ကိုယ့်ရည်ရွယ်ချက်အရ ကိုယ့်ဆန္ဒနှင့်ကိုယ်လုပ်ခြင်း ဖြစ်၍ မပန်းပါ။ စိတ်ပါလက်ပါနှင့် ပျော်စရာပင်ကောင်းပါသည်။ စိတ်ကြည်၍ ဉာဏ်ထက်သည်။ စိတ်အားတက်၍ ဉာဏ်သွက်သည်။   လုပ်ကိုင်ရသည်များအားလုံး သွက်လက်ထက်မြက်သည်။ Book Two ကို ဆက်လုပ်သည်။ ဝါကျများပို၍ ပြည့်စုံလာပြီ။ ရှင်းလင်းရေးသား ထားသည်များကို အသေအချာလေ့လာပြီး မီးနင်းများကျက်သည်။ သင်ခန်းစာများလုပ်သည်။ ခုနစ်ရက်နှင့်ပြီးပြန်သည်။

ပို၍စိတ်အားထက်သန်လာသည်။ လှေကားတစ်ထစ် ချင်းတက်နေရသည်နှင့်တူသည်။ Book Three ကို ဆက်လုပ်သည်။ စာအုပ်ပိုထူလာသည်။ စာပိုများလာ သည်။ ဝါကျများ ပိုရှည်လာသည်။ ကတ္တား၊ ကြိယာ သာမက နာမဝိသေသနများ၊  ကြိယာဝိသေသနများ ဝိဘတ်များပါလာသည်။ တစ်ရက်သာကြာသည် ပြီးသွားပြန်၏။ အင်္ဂလိပ်စာဝါကျများကို မမှားမယွင်းအောင် ကောင်းစွာ ရေးတတ်ပြီ။

Book Four ဆက်တက်သည်။ ဟိုးရှေးရှေးတုန်းက...အစချီသော ပုံပြင်ရှည်ကြီးများကို အင်္ဂလိပ်လိုပေးလျှင် မြန်မာလိုပြန်ရသည်။ မြန်မာလိုပေးလျှင် အင်္ဂလိပ်လိုပြန်ရသည်။ ခက်သော်လည်း   အဆင့်ဆင့်တက်လာသောကြောင့် ကောင်းစွာလုပ်နိုင်ပါသည်။ တစ်လသာကြာသည်။  Book Four ပြီးပြန်သည်။ အင်္ဂလိပ်စာကောင်းစွာရေးတတ်ပြီ။ သဒ္ဒါဝါကျမှန်ကန်စွာ Essay ရေးတတ်ပြီ။ ပေးစာ Letter Writing များရေးနိုင်ပြီ။

ထိုအခါကျမှ ပြဋ္ဌာန်းစာအုပ်ကိုစတင်လေ့လာသည်။

ထိုအချိန်က ဆယ်တန်းပြဋ္ဌာန်းစာအုပ်မှာ CoralIsland များဖြစ်သည်။ ပင်လယ်ထဲမှ သင်္ဘောပျက်ပြီး သန္တာကျွန်းလေး တစ်ကျွန်းပေါ်မှာ တင်ကျန်နေသည့် လူငယ်သူငယ်ချင်းသုံးယောက်၏ အတွေ့အကြုံများနှင့် စွန့်စားခန်းများဖြစ်သည်။ ကိုယ့်ဘာသာလေ့လာရသည်။

ဘာသာပြန်စာအုပ်နှင့် တိုက်ဖတ်ရသည်။ Notes On ခေါ် ရှင်းလင်းချက်စာအုပ်နှင့် တိုက်ဖတ်သည်။ မီးနင်းများထုတ်ပြီး ကျက်မှတ်သည်။ အစအဆုံး တစ်ခေါက်ဖတ်မှတ် လေ့လာပြီးသောအခါ    စာအုပ်နောက်ကျောဖုံးမှာ မောင်ငြိမ်းချမ်း အခြစ်ကလေးတစ်ချက် မှတ်ထားလိုက်သည်။

အစမှပြန်ဖတ်သည်။ ပေးထားသော မေးခွန်းများဖြေသည်။ အခန်းအလိုက် Summary ပြန်ရေးသည်။

နောက်တစ်ခေါက်ပြီးတော့    နောက်ကျောဖုံးမှာ နောက်တစ်ခြစ်၊   မောင်ငြိမ်းချမ်း၏ စာအုပ်နောက်မှာ အခြစ်ကလေး ပေါင်း  ၂၅ ခုရှိသည်။  စာတစ်ပုဒ်ကိုပြောလျှင် စာမျက်နှာပါမှတ်မိသည်။ အမှန်ဆိုရသော် ၂၅ ခေါက်မကပါ။ မေးခွန်းဖြေရန် ပြန်ဖတ်ခြင်းအကျဉ်းချုပ်ရေးရန် အကြိမ်ကြိမ် ပြန်ဖတ်ရခြင်းတို့အတွက် အခြစ်ကလေးများ မမှတ်မိတော့ပါ။ စာတစ်အုပ်လုံး ညက်ညက်ကျေနေပါသည်။ မောင်ငြိမ်းချမ်း ယခင်က တစ်ခါမျှ   ဤသို့မလုပ်ဖူးပါ။  ဤသို့သာလုပ်လျှင် လူတိုင်းကောင်းစွာ အောင်မြင်ကြမည်။ ဘာကြောင့်မလုပ်ကြပါလိမ့်ဟုပင် အံ့သြစိတ်ဖြစ်မိသည်။

အင်္ဂလိပ်စာအကူအညီပေးကြသော ဆရာဦးဖေသန်းနှင့် မကြည်ကြည်တို့က အင်္ဂလိပ်စာရိုက်ချရင်တောင် မကျနိုင်တော့ဘူး ဟု ပြောသည်။

ထိုအခါကျမှ မောင်ငြိမ်းချမ်း ကျောက်ဆည်ခရိုင်ပညာဝန်ရုံးသို့သွား၍ ကျန်ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို တောင်းသည်။ ခရိုင်ပညာဝန်ရုံးက ထုတ်ပေးသည်။  မောင်ငြိမ်းချမ်း  အမှားမခံနိုင်ပါ။

ခြောက်နှစ်ကြာအောင် နောက်ကျသွားပြီ။ အကောင်းဆုံး ပြည့်စုံအောင် လုပ်ချင်သည်။ သင်ရိုးညွှန်းတမ်းပါသည် များအားလုံးကို ညက်ညက်ကျေအောင် ကျက်မှတ်ပါသည်။ သူ့အချိန်နှင့်သူ စနစ်တကျ သတ်မှတ်ထားသည့်အတိုင်း မှန်မှန်လုပ်သွားခြင်းဖြစ်၍ လုံးဝမပင်ပန်းပါ။

ကိုယ့်ဟာနှင့်ကိုယ် ခရီးရောက်သည်မှာ သိသာ၍ စိတ်အားတက်ကြွနေသောကြောင့် ရွှင်လန်းဝမ်းသာပင် ဖြစ်နေပါသေးသည်။

မောင်ငြိမ်းချမ်း၏အလုပ်ချိန်မှာ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိဖြစ်သည်။ အလုပ်ချိန်မှာ အပြည့်အဝတာဝန်ယူရ၍ အလုပ်ချိန်အတွင်း စာကျက်နိုင်ခြင်း လုံးဝမရှိပါ။ မောင်ငြိမ်းချမ်း စာမေးပွဲဖြေရန် ဆုံးဖြတ်ပြီးသည့်နေ့မှစ၍ နေ့စဉ် မနက် ၅ နာရီအိပ်ရာမှထသည်။ မဂ္ဂဇင်းဝတ္ထုဖတ်ခြင်းကို အလွန်နှစ်သက်သော်လည်း လုံးဝမဖတ်ဘဲနေသည်။ စာမေးပွဲဖြေပြီးသည်နှင့် ဖတ်မည်ဟုဆုံးဖြတ်၍ ဝယ်နေကျမဂ္ဂဇင်းများနှင့် ဖတ်ချင်သော ဝတ္ထုများအားလုံးကို   ဝယ်ပြီး သိမ်းဆည်းထားသည်။

မနက် ၅ နာရီမှ ၇ နာရီထိ ရေးရန်ရှိသော လေ့ကျင့်ခန်းများကို ရေးသည်။ ဖတ်ရန်ရှိသည်များကို ဖတ်သည်။

ညနေ ၄ နာရီခွဲမှ  ၆ နာရီကျက်စရာရှိသောစာများကို ကျက်သည်။ ၆ နာရီခွဲတွင် ထမင်းလစာပေးစားသော ဆိုင်သို့သွားရင်း အင်္ဂလိပ်မီးနင်းများကျက်သည်။

မနက် ၁၀ လုံး၊ ညနေ ၁၀ လုံး ကျက်ရင်း နှစ်တစ်ဝက်ကျော်မှာ မီးနင်းအားလုံးကျက်ပြီးသွားသည်။

နေ့စဉ် မင်းရမြောင်သို့ ရေချိုးသွားတိုင်း မြန်မာစာပေါရာဏ ၁၀ လုံးကျက်သည်။ နှစ်ဝက်မှာပင် ကုန်သွားပြီ။ ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ ရေးသည်၊ ဖတ်သည်၊ ကျက်သည်။ ၁၀ နာရီခွဲမှာအိပ်သည်။ တစ်နေ့လျှင် ၇ နာရီအချိန်ရသည်။ အချိန်ကိုကောင်းစွာ အသုံးချနိုင်၍ လုံလောက်သောအချိန်ဖြစ်သည်။

စာမေးပွဲမတိုင်မီ တစ်လအလိုမှာ မောင်ငြိမ်းချမ်း စာအားလုံးကျက်မှတ်၍ ပြီးပါသည်။ မောင်ငြိမ်းချမ်းက မိတ္ထီလာစာစစ်ဌာနမှာ ဖြေရန်တင်ထားသည်။ ခုံနံပါတ်လည်းရပြီ။ ကျက်မှတ်ထားပြီးသည့် စာများကို ပြန်လည်လေ့ကျင့်သည်။ တစ်ပတ်အလိုတွင် သဲတောဝမ်းတွင်းမှ သိမ်တောင်ကျောင်းတိုက်သို့သွား၍ အပြီးသတ် ပြန်ကျက်၊ ရေးဖို့လိုသည်တို့ကို ပြန်ရေးလေ့ကျင့်သည်။

သိမ်တောင်ကျောင်းတိုက်တွင် တိုက်အုပ်ဆရာတော်မှာ ဦးကောသိယ၊ ဒုတိယဆရာတော်ဖြစ်သည့် တိုက်ကြပ်ဆရာတော် ဦးအဂ္ဂဝံသမှာ မောင်ငြိမ်းချမ်း၏ အဖေကြီးနှင့်ညီတော်သူဖြစ်သည်။ မောင်ငြိမ်းချမ်းကို မန္တလေးမိဘမဲ့ကျောင်းသို့ ပို့ပေးသော ဘဘဘုန်းဘုန်းဖြစ်သည်။

မောင်ငြိမ်းချမ်း ဘဘဘုန်းဘုန်းကို လျှောက်ထားပါသည်။ ဆိတ်ငြိမ်စွာ စာကျက်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်။  မနက်စာ၊  ညစာမှစ၍ စားခြင်းကိစ္စကို ကျောင်းတိုက်မှာ တာဝန်မရှိစေချင်ကြောင်း၊ ဝမ်းတွင်းမြို့သို့ လမ်းလျှောက်သွားပြီး စားလိုပါကြောင်း ခွင့်တောင်းသည်။ ဘဘဘုန်းဘုန်းသဘောတူခွင့်ပြုပါသည်။

ဘဘဘုန်းဘုန်းသည် တောင်ပေါ်ဘုရားကြီးတိုက်မှာ သီတင်းသုံးသည်။ မောင်ငြိမ်းချမ်းတောင်ပေါ်တိုက်မှာပင် ဘဘဘုန်းဘုန်းနှင့်အတူ လိုက်နေရသည်။ နေ့ခင်းဘဘဘုန်းဘုန်း စာသွားချချိန်တွင် ဘုရားကြီးတိုက်မှာ မောင်ငြိမ်းချမ်း တစ်ယောက်တည်းဖြစ်သည်။ ဆိတ်ငြိမ်လွန်း၍ပင်နေသည်။ စာကျက်၍ အလွန်ကောင်းပါသည်။

ရပြီးသောစာများကို အကြိမ်ကြိမ်ပြန်ကျက်နေပါသည်။

ညတွင်တောင်ပေါ်ဘုရားကြီးကို မီးပူဇော်ပြီး စာမေးပွဲ အောင်ပါစေကြောင်း ဆုတောင်းသည်။

မိတ္ထီလာမှာတည်းခိုရန် အသိမရှိ။ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ တည်းခိုခွင့်ရနိုင်ရန် ဘဘဘုန်းဘုန်းကို လျှောက်ထားသည်။ ဘဘဘုန်းဘုန်းက ကျောင်းတိုက်ရှိ စာချဆရာတော် ဦးကေဝလ၏ မိခင်ဒေါ်အေးရင်၏ အိမ်မှာတည်းရန် စီစဉ်ပေးသည်။ အဖေကြီးကျောင်းဆရာလုပ်ခဲ့စဉ်က ကျောက်ဆည်မှာ ပညာအုပ်ဖြစ်ခဲ့သည်ဟုဆိုသည်။ ပညာအုပ်က ဆုံးသွားပြီ။ ဇနီးနှင့်သမီးရှိသည်။ သားက သိမ်တောင်ကျောင်းတိုက်မှာ စာချဆရာတော်ဖြစ်သည်။

တည်းရုံသာတည်းပြီး ထမင်းကိုအပြင်မှာ စားလိုကြောင်း   ဘဘဘုန်းဘုန်းကို  လျှောက်ထားသည်။

ဘဘဘုန်းဘုန်းကဖြစ်ပါသည်။ မိတ္ထီလာရောက်လျှင် အိမ်ရှင်ဒကာမကြီးကို ပြောပြပါဟု မိန့်သည်။

မောင်ငြိမ်းချမ်း မိတ္ထီလာသွားခါနီးတွင် ဘဘဘုန်းဘုန်းကို ကန်တော့သည်။

ဘဘဘုန်းဘုန်းက လူတော်လူကောင်းဖြစ်အောင် ကြိုးစားရန် လူတော်ဆိုသည်မှာ အရည်အချင်းရှိဖို့၊ လူကောင်း ဆိုသည်မှာ စိတ်သဘောထားကောင်းဖို့၊ လူတော်လူကောင်းဖြစ်လျှင် နေရာတိုင်းက အလိုရှိကြောင်း မိန့်ကြားပြီး    လူတော်လူကောင်းဖြစ်စေဖို့ ဆုပေးသည်။ ဘဘဘုန်းဘုန်းက သူဖြစ်စေချင်သည်ကို ဆုအဖြစ်ပေးလိုက်ခြင်း ဖြစ်ပါ၏။

သူ့အိမ်မှာ သူ့စည်းကမ်းဆရာတော်ဦးအဂ္ဂဝံသရေးပေးသောစာနှင့်  ဦးဇင်းဦးကေဝလရေးပေးသော စာတို့ကိုယူပြီး  မိတ္ထီလာမြို့မှ ဒေါ်အေးရင်အိမ်သို့ သွားပါသည်။ မိတ္ထီလာကန်ပေါင်အနီး ဖောင်တော်ဦးစေတီနားမှ ဝင်းနှင့်ခြံနှင့် နှစ်ထပ်အိမ်ဖြစ်သည်။ စာနှစ်စောင်ပေးလိုက်သည်နှင့်ဖတ်ပြီး အိမ်မှာနေရာချထားပေးသည်။

မောင်ငြိမ်းချမ်းက တည်းရုံသာတည်းပြီး စားသည်ကိုတော့ အပြင်မှာစားမည်ဖြစ်ကြောင်း ပြောပြသည်။

ဒေါ်အေးရင်က အေးဒီအိမ်မှာတည်းပြီဆိုရင်တော့ ဒီအိမ်ရဲ့စည်းကမ်းလိုက်နာရမှာပေါ့ကွ...။ အဒေါ်တို့ အိမ်မှာတည်းတဲ့ ဧည့်သည်ကို အပြင်မှာ စားခွင့်မပြုနိုင်ဘူးကွ...ဟု ပြောသည်။

မောင်ငြိမ်းချမ်း ဘာမျှမတတ်နိုင်ပါ။ သူ့အိမ်မှာတည်း မိပြီဆိုတော့ သူ့စည်းကမ်းကို လိုက်နာရုံသာရှိသည်။

နောက်မှတစ်ခုခုကန်တော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။

အားမနာပါနဲ့ကွာ...မင်းတို့အဖေကြီးနဲ့က ပညာရေးဌာန လုပ်ဖော်ကိုင်ဖက်တွေပဲ။ ဆရာတော်မြေးဆိုတော့လည်း အဒေါ်တို့က ဆရာတော်ရဲ့တပည့်ဒကာမတွေပါ။

ထိုအိမ်မှာနေရစားရ အဆင်ပြေရုံမက ဆယ်တန်းအဖော်နှစ်ယောက်လည်းရှိသည်။ ဒေါ်အေးရင်၏ သမီးဆရာမ မခင်ညွန့်လည်းဖြေမည်။ တူဖြစ်သူမောင်တင်ဝင်းလည်း ဖြေမည်။ စာမေးပွဲဖြေရမည့် အထက်တန်းကျောင်းနှင့်လည်း နီးသည်။ ခြေကျင်လျှောက်သွားလျှင် ၁၀ မိနစ်ခန့်သာကြာသည်။

မြန်မာစာနေ့မှာ စိတ်ကြိုက်ဖြေနိုင်သည်။ အင်္ဂလိပ်စာနေ့တွင် ခက်၍မဖြေနိုင်သူများသည်။  အိမ်ရှေ့အိမ်မှ မောင်မြင့်အောင်က ဝေးပေမယ့်မောင်ကြီးဖြေနိုင်တယ်...တွံတေးသိန်းတန်၏ ထွေးညိုသီချင်းတစ်ပိုင်းတစ်စကို အော်နေသည်။ မောင်ငြိမ်းချမ်းက သဘောကျစွာပြုံးမိသည်။ ကိုယ်တိုင်လည်း ဖြေနိုင်၍ဖြစ်ပါသည်။

ကျန်သည့်ရက်များတွင် ကျန်ဘာသာအားလုံးကိုလည်း ကောင်းစွာဖြေနိုင်ပါသည်။

စာမေးပွဲပြီးသည့်နေ့တွင် ဒေါ်အေးရင်ကို ပါတိတ်လုံချည်တစ်ထည်ကန်တော့ပါသည်။

ဘာလဲ...ထမင်းဖိုးပေးတာလားကွမေးပါသည်။

မောင်ငြိမ်းချမ်းက မဟုတ်ကြောင်းပြောပါသည်။

မင်းကန်တော့တာကို အဒေါ်လက်ခံပါတယ်...ဟုပြောပြီး ဆုတွေပေးပါသည်။  ပြီးမှ ကဲ အဒေါ်က မင်းအမေကြီးကို ပြန်ကန်တော့လိုက်ပါတယ်ကွာ... မောင်ငြိမ်းချမ်းငြင်းသော်လည်းမရ။ မင်းကန်တော့တာကို အဒေါ်လက်ခံတယ်လေ။ အဒေါ်က မင်းအမေကြီးကို   ကန်တော့တာ မင်းငြင်းလို့ဘယ်ဖြစ်မလဲ။ မင်းသတိရရင်ပေါ့ကွာ...မင်းတို့အရပ်ဒေသမှာ အောင်ဒင်ဦးသရက်ပေါ်ရင် ပို့ပေးလိုက်ပါဟုပြောသည်။

မောင်ငြိမ်းချမ်း ပို့ပါမည်ဟုကတိပေးပြီး  ပြန်လာခဲ့ရ၏။

ဝါသနာနှင့်ရည်မှန်းချက်

မောင်ငြိမ်းချမ်း ၁၀ တန်းစာမေးပွဲဖြေပြီးသည့်နောက် ကျောက်ဆည်မှာလုပ်နေသောကျောင်းမှ နုတ်ထွက်ပြီး အမေကြီးနှင့် ဦးလေးရှိရာ   ရွာသို့ပြန်လာခဲ့သည်။

မိတ်ဆွေသူငယ်ချင်းအချို့က ၁၀ တန်းအောင်၊ မအောင်စောင့်ကြည့်စေချင်သည်။ အောင်ပြီးမှထွက်သင့်သည်ဟု ပြောကြသည်။ ကိုယ့်ဘက်က သေချာအောင်အကြံပြုကြခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်းက မစောင့်ချင်။ သူတို့မှာ အလွတ်ပညာသင်ကျောင်းဖြစ်သည်။ မောင်ငြိမ်းချမ်းမလုပ်လျှင် သင့်လျော်မည့်ဆရာထပ်ရှာရမည်။ ဆရာတစ်ယောက် ရဖို့ဆိုသည်မှာ ချက်ချင်းအဆင်ပြေဖို့မလွယ်။ ကြိုကြိုတင်တင် ရှာနိုင်အောင် အချိန်ပေးသင့်သည်။

အောင်စာရင်းထွက်သောအခါ  မောင်ငြိမ်းချမ်းအောင်ပါသည်။ အမှတ်စာရင်းများထွက်လာသောအခါ မောင်ငြိမ်းချမ်း၏ ရမှတ်များ ကောင်းပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့်  တိုက်ဆိုင်ကြည့်သောအခါ ကြိုက်ရာအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်သောအမှတ်ဖြစ်သည်။

သို့သော် မောင်ငြိမ်းချမ်းအတွက် ဘာမျှတွေဝေ စဉ်းစားနေစရာ အကြောင်းမရှိ။ ကိုယ့်ဝါသနာ ရည်မှန်းချက်နှင့်ကိုက်ညီရာ တက္ကသိုလ်ကိုသာ တက်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ဆရာကြီးပီမိုးနင်း၏ စာအုပ်များကို ဖတ်စဉ်ကတည်းက မိမိဝါသနာဗီဇစရိုက်နှင့် ကိုက်ညီသည်ကိုသာ ဘဝရည်မှန်းချက်အဖြစ် သတ်မှတ်ထားရှိရန် ဆရာကြီးက အကြံပြုသည်။            

ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်