မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တို့ပြည်ထောင်စု
မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည် လွန်စွာခက်ခဲနက်နဲလှသော ပညာရပ်များဖြစ်သည့်အတွက် သင်တိုင်းမတတ်သော ပညာရပ်အဖြစ် မှတ်တမ်းပြုထားကြသည်။ ခက်ခဲနက်နဲလှသော ပညာရပ်ဖြစ်သည့်အတွက် လက်ဆင့်ကမ်းအမွေဆက်ခံသူ နည်းပါးလှသည်။ တော်သင့်ရုံ ဝါသနာပါရုံမျှဖြင့်လည်း သင်ယူ၍မတတ်မြောက်နိုင်လှပေ။ နိုင်ငံတော်အဆင့်မှ အားပေးချီးမြှောက်မှသာ ဤပညာရပ်များ ပြန့်ပွားထွန်းကားမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပြီး ရွက်ပုန်းသီးဝါသနာရှင်များ၊ ပညာရှင်များကိုဖော် ထုတ်ပေးလျက်ရှိသည်။
ယခုအခါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးဟူသော ဦးတည်ချက်များဖြင့် စတင်ကျင်းပပြီ ဖြစ်သည်။
အဆိုပါ ဦးတည်ချက်များနှင့်အညီ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပခြင်းဖြစ်သည်။ ဘာသာရပ်အလိုက် ပြိုင်ပွဲများကို အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံတို့၌ ကျင်းပမည်ဖြစ်သည်။
ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသောလူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းဟူ၍ အဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ အမှန်အားဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုသည် ဗုဒ္ဓယဉ်ကျေးမှုဟူ၍ပင်ခေါ်ဆိုထိုက်ပါသည်။ ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်သည် နယ်ပယ်ကျယ်လှသည်။ တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ထုံးဓလေ့များ၊ အနုပညာရပ်များဟူ၍လည်း ဖွင့်ဆိုနိုင်ပါသည်။
ယဉ်ကျေးမှုအစစ်သည် လူ့အနှစ် အမြုတေရတနာဖြစ်သည်။ ကောင်းမွန်သော အမျိုးသားယဉ်ကျေးမှုဟူသည် အမျိုးသားစိတ် အခြေခံရှိရပေမည်။ အမျိုးသားသဘောတရား သက်ဝင်ကိန်းအောင်းနေရမည်။ အမျိုးသားစိတ်၊ အမျိုးသားသဘောတရား ကင်းကွာဆိတ်သုဉ်းခဲ့လျှင်ဖြစ်စေ၊ ခေါင်းပါးခဲ့လျှင်ဖြစ်စေ၊ ဆန့်ကျင်ခဲ့လျှင်ဖြစ်စေ၊ မဆီလျော်ခဲ့သည်ဖြစ်စေ ဤယဉ်ကျေးမှုမျိုးသည် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဟု မဆိုနိုင်တော့ပေ။
နည်းပညာတိုးတက် ထွန်းကားလာသော ကမ္ဘာကြီးတွင် တိုးတက်ထွန်းကားမှု လျင်မြန်လာနေသလို လူတို့၏ အတွေးအခေါ်၊ အယူအဆနှင့်လူ့လောကအဆောက်အအုံ ပုံသဏ္ဌာန်သည်လည်း လျင်မြန်စွာ ပြောင်းလဲလျက် ရှိသည်။ ထိုသို့ပြောင်းလဲလာသည်နှင့်အမျှ အမျိုးသားယဉ်ကျေးမှုတွင်လည်း အပြောင်းအလဲများ ရှိလာပေလိမ့်မည်။ ခေတ်နှင့်အညီ လိုက်ပါပြောင်းလဲမှု ရှိသော်လည်း အမျိုးသားရေး စိတ်ဓာတ်ကင်းမဲ့သော၊ အမေကျော်ထွေးတော်လွမ်းသော၊ မဆီလျော် မအပ်စပ်သောပြောင်းလဲခြင်းမျိုး မဖြစ်စေရန် အထူးသတိပြုသင့်သည်။ ဥပမာအားဖြင့် တောင်ရှည်ပုဆိုး၊ ကုတ်အင်္ကျီနှင့်ခေါင်းပေါင်းတို့ကို တွဲဖက်ဝတ်ဆင်ခြင်းမျိုးသည် လိုက်ဖက်လှသော ဝတ်စားဆင်ယင်မှုမဟုတ်၊ ကြည့်၍မြင်၍မကောင်းလှပေ။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပညာရပ်များမှာ ပျူခေတ်ကပင် ထွန်းကားနေသော ပညာရပ်များဖြစ်သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဟူသည့်တူရိယာငါးပါးသည် မြန်မာတို့၏ ကိုယ်ပိုင်တူရိယာများဖြစ်သည်။ မြန်မာတို့သည် မြန်မာ့ဂီတကိုလွန်စွာမြတ်နိုးတန်ဖိုးထားကြသည့်အတွက် ဘာသာရေး၊ လူမှုရေးပွဲလမ်းသဘင်များ၊ မင်းခမ်းမင်းနားများတွင် ဂီတအနုပညာကိုမပါမဖြစ် မင်္ဂလာယူထည့်သွင်း အသုံးပြုခဲ့ကြသည်။ အရေးဘာသာရပ်ဖြစ်သော စာပေသီချင်းရေးသားမှုများမှာလည်း ကိုယ်ပိုင်စာပေအရေးအသား၊ ကိုယ်ပိုင်သံစဉ်များဖြင့် ရေးသားခဲ့ကြောင်းကို မဟာဂီတသီချင်းကြီးများတွင် ထင်ရှားစွာတွေ့မြင်ရသည်။
ထိုမဟာဂီတများသည် ယနေ့လူငယ်တို့သုံး၍မကုန်နိုင်သောပညာအမွေများဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေးကို နိုင်ငံတော်က ဦးဆောင်ကြိုးပမ်းနေသည်မှာ နိုင်ငံနှင့်လူမျိုး အတွက်များစွာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုယဉ်ကျေးမှုအမွေအနှစ်များ၊ ပညာရပ်များ မတိမ်ကော မပျောက် အောင်ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ မြန်မာ့တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။