ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၂)

ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ဒုတိယပိုင်း) မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း (ခန်းဘုဂေါဟောဆေ့တိုက်)၏ ဒုတိယပတ်သင်တန်းကို ၁၉၄၃ ခုနှစ် မေ ၁၀ ရက်တွင် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်လှစ်ပေးခဲ့ပါသည်။ ဗိုလ်ချုပ်က သူသည် စစ်သေနာပတိ ကိုယ်စားလာရောက်သည်ဟုပြောသည်။ စစ်သေနာပတိချုပ်မှာ အဓိပတိ ဒေါက်တာဘမော်ဟု သိရပါသည်။

ဒေါက်တာဘမော်သည်   နိုင်ငံတော်၏အဓိပတိဖြစ်၍ စစ်သေနာပတိနေရာယူထားခြင်းဖြစ်ပါသည်။ စစ်မတိုက်ဖူးသူ၊ စစ်သားမဟုတ်သူက စစ်သေနာပတိဖြစ်နေသည်ကို ဗိုလ်ချုပ်ကိုယ်စား ကျွန်တော်တို့ မခံချိမခံသာဖြစ်ရပါသည်။

သင်တန်း၏ပထမပိုင်းခြောက်လတာကာလအတွင်း ကျွန်တော်သည် တပ်ခွဲ(၂)၊တပ်စု(၂)   အခန်း(၃)တွင်  သင်တန်းတက်ခဲ့ရပါသည်။ တပ်ခွဲ(၂)၊ တပ်စု(၂)သည် စက်သေနတ်ကြီးတပ်စုဖြစ်ပါသည်။

စက်သေနတ်ကြီးတပ်စိတ်မှူး၊ တပ်စုမှူး၊တပ်ခွဲမှူးအဆင့်အထိ   ကွပ်ကဲနိုင်ရန် အဓိကထား၍ သင်ကြားပေးခြင်း ဖြစ်ပါသည်။ စက်သေနတ်ကြီးသင်ခန်းစာများကို သင်ကြားပေးသည့်ဆရာများမှာ ဟတချူးအိဟုခေါ်သော ဗိုလ်ဟတဖြစ်ပါသည်။

တပ်စုတပ်ကြပ်ကြီး ဆရာမှာ ပထမပိုင်းတွင် တေရအူချီဂွန်းဇော် ခေါ် တပ်ကြပ်တေရအူချီဖြစ်ပြီး နောက်ပိုင်းတွင် အိုနုမာဂွန်းဇော် ခေါ် တပ်ကြပ်အိုနုမာဖြစ်ပါသည်။ ဂျပန်အရာခံတပ်ကြပ်(တစ်လိုင်း)၊ တပ်သားကြီး (ကြယ်သုံးပွင့်)နှင့် တပ်သား(ကြယ်နှစ်ပွင့်)များလည်း ဆရာများအဖြစ် ရှိနေကြပါသည်။

သင်တန်းသား  ကျောင်းသားများတွင် ဂျပန်စာသင်ကျောင်းတက်ခဲ့ရ၍  ဂျပန်စကားကို အနည်းငယ်နားလည်ပြီး ဂျပန်စကားကို အနည်းငယ်ပြောဆိုတတ်သူများ ပါရှိသော်လည်း များသောအားဖြင့် ဂျပန်စကားနားမလည်၊ မပြောတတ်သူများပါသည်။ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ  ဂျပန်ဆရာများက ဂျပန်ဘာသာဖြင့်သာ  သင်ကြားပို့ချပေးကြသည်။  တစ်ခါတစ်ရံ   ပထမပတ်ကျောင်းဆင်းဖြစ်သူ တပ်စုမှူး ဗိုလ်လေးကျော်ညွန့်က ဘာသာပြန်ပေးရသည်။

ဗိုလ်လေးကျော်ညွန့်သည် ကျွန်တော်တို့ နားမလည်သည့် သင်ခန်းစာများကိုများစွာ အထောက်အကူ ပေးခဲ့ပါသည်။

ထို့ပြင် ဗိုလ်လေးကျော်ညွန့်သည် မီးတုတ်ကြီးသီချင်းဆိုပြကာ   ကျွန်တော်တို့ကို မျိုးချစ်စိတ်နိုးကြား တက်ကြွလာစေရန် လှုံ့ဆော်ပေးခဲ့သည်။ မီးတုတ်သီချင်းသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ  မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီက မြန်မာမျိုးချစ်သခင်များ သီဆိုခဲ့သောသီချင်းဖြစ်ပါသည်။ ဗိုလ်လေးကျော်ညွန့်သည် သီချင်းဆိုကောင်းသည်။

အသံကောင်းသဖြင့်  မီးတုတ်သီချင်းကို သီဆိုရာတွင်  သံပြိုင်သီဆိုရမည့်နေရာသို့ရောက်လျှင် ကျွန်တော်တို့ ကျောင်းသားများက စိတ်တက်ကြွစွာ အသံကုန်ဟစ်၍လိုက်ဆိုကြပါသည်။ မီးတုတ်သီချင်းစာသားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ကျားသွေး ကျားစိတ်  ထိတ်ထိတ်ကြဲသတ္တိပါ၊  ဗိုလ်မထားဘူးဟေ့  တို့ဗမာ(မီးတုတ်...ရှို့)(သံပြိုင်)။

တို့သခင်လက်စွဲ ရဲရဲတောက်မီးတုတ်ကြီးပါ၊ ဓနရှင်ခေတ်အခါ ဆူးငြောင့်ခလုတ်ပမာ...အဓမ္မလောကကို သဘောမကျဘူးဟေ့...အကုန်ရှို့မယ့်သခင်မီးတုတ်ပါ။

သုံးမရဓနရှင်လောကပါ။ (ကြိတ်ပေးနှိပ်ပေး)(သံပြိုင်) ပြာကျအောင်ရှို့မယ့် မီးတုတ်ပါ။  (ချဟာ ဆော်ဟာ)(သံပြိုင်)သခင်ကိုမထိနဲ့ မိုးကိုမီးလောင်မှာ(ဟေ့ တို့ဗမာ)(သံပြိုင်) ဘုံဝါဒ အစစ်ပါခင်ဗျာ၊   တိုင်းသစ်ပြည်သစ် အခြေအမြစ်နဲ့ ထူထောင်ဖို့ရာဘာပြောတာလဲဗျို့ ငိုသံပါလားဗျ၊ မကြားချင်လိုက်တာ လျှောမွေးမိန်းမလျာ၊ နှာသံပါလေးတွေ၊ ခုခေတ်တွင်းမှာ ရှင်းမယ့်မီးတုတ်ပါ။ (တို့ဗမာ ဟေ့ တို့ဗမာ)၂ (သံပြိုင်)ဆင်းရဲသားအလုပ်သမားနဲ့ လယ်လုပ်တောင်ယာတကယ်တို့ခေတ်တော့ ရောက်တော့မှာ၊ သုခပြည့်စုံစွာ။ အကုန်ချမ်းသာ၊ လူလိုနေလူလိုစားပြီး လူလိုသွားနိုင်မှာ၊ လောကနိဗ္ဗာန်ဖြတ်လမ်းသာ နိုင်ငံရေးဆိုတာ သေရေးရှင်ရေးပါ၊ ခုတော့ သွေးစုပ်ကောင်တွေ တွဲဖြူကြီးနဲ့ (ခြေရှည်တာ)၂၊ နိုင်ငံရေးကိုဗန်းပြကာ ဝမ်းဝအောင် လက်ငှားရှာ မီးကိုရက်တာ၊  (သြော်...အချောင်ပဲ ရှာကြအောင်နက်ဝါဒ ကျုပ်တို့မသတီပါ)၂ (သံပြိုင်)ထမင်းသာ ဝအောင်စားထားကြ၊ ကောင်းသူကယ်မှာ မကောင်းသူပယ်မှာ ရှုပ်ရဲရင် ရှုပ်ကြပါ...မီးတုတ်ကြီးသုတ်သင်ဖို့ပေါ်လာ၊ မီးတုတ်ကြီးထိန်ထိန်ဖြာ၊ အလင်းရောင်ဆိုတာ ရဲစိတ်ရဲသွေး အားပေးတာမို့ ကြောက်သွေးမပါ၊ မီးပွင့်သွားမယ် ဟေ့စမ်းစမ်းပါ။ (သံပြိုင်)ခေတ်ပြောင်း အရေးတော်ပုံအောင်ရမည်။

ဗိုလ်လေးကျော်ညွန့်သည် ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ရန် ကျောင်းသားများထဲမှ စိတ်ချရသူများ တိတ်တဆိတ်စည်းရုံးခဲ့သော မြေအောက်တော်လှန်ရေးသမားတစ်ဦးဖြစ်ပါသည်။ ဗိုလ်လေးကျော်ညွန့်သည် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် မြန်မာသင်တန်းဆရာအဖြစ် တော်လှန်ရေးပြုလုပ်သည့် အချိန်အထိ ရှိနေခဲ့သည်ဟု သိရပါသည်။ ဗမာ့တပ်မတော်တွင်ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ အမှုထမ်းခဲ့ပါသည်။ ယခုအချိန်အထိ  သက်ရှိထင်ရှားရှိနေပါသည်။

ဟတချူးအိ ခေါ်  ဗိုလ်ဟတသည် ကျွန်တော်တို့အား ခြောက်လတာကာလဂွန်းဇော် ခေါ် တပ်ကြပ်အဖြစ် သင်တန်းဆင်းသည်အထိ စက်သေနတ်ကြီးသင်တန်းဆရာ  တပ်စုမှူးအဖြစ်လည်းကောင်း၊ ဗိုလ်သင်တန်းတွင် သင်တန်းဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။