တရားမဝင် ကုန်သွယ်မှု တားဆီး/ဖမ်းဆီးနိုင်ရေး အတွက် တားဆီး/ဖမ်းဆီးဆုငွေနှင့် သတင်းပေး ဆုငွေချီးမြှင့်နိုင်ရေး အသိပေး ထုတ်ပြန်ခြင်း
၁။ မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်း အသီးသီးမှ စားသုံးရန် မသင့်သည့် စားသောက်ကုန်များ၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်းများ၊ တရားမဝင် ဆေးဝါးများနှင့် အခွန်ပေးဆောင်ထားခြင်း မရှိသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဝင်ရောက်မှုအား ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ ဖွဲ့စည်း၍ တားဆီး/ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂။ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင် ကုန်သွယ်မှုကြောင့် တရားဝင် လုပ်ကိုင်နေသော လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်း နည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များ၌ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၃။ တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့် ပတ်သက်၍ တားဆီး/ဖမ်းဆီး ပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေ တပ်ရိုက်ခြင်း သို့မဟုတ် လေလံတင် ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းအား ဖမ်းဆီးသူများအား လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအား လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက် ရှိပါသည်။
၄။ တရားမဝင် တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက တင်သွင်း/တင်ပို့ ပစ္စည်းများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီးနိုင်သည့် သတင်းအချက်အလက် တိတိကျကျဖော်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များထံသို့ တရားမဝင် တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေး လျှို့ဝှက်လုံခြုံစွာ သတင်းပေး၊ တိုင်ကြားနိုင်ပါသည်။
၅။ သတင်းပေးပို့သူနှင့် ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်း ထားရှိမည်ဖြစ်ပါသည်။ သတင်းပေးပို့ခြင်းအတွက် ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာ ဆက်သွယ် အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆက်သွယ် ထုတ်ပေးသွားမည့်အပြင် သတင်းပေးသူအား လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်း ရရှိပါသည်။
၆။ သတင်းပေး ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-