ငဝန်မြစ်အတွင်း ငါးသားပေါက် ၃၅၀၀၀၀ မျိုးစိုက်ထည့်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေးအတွက် ငါးသားပေါက် ကောင်ရေ ၃၅၀၀၀၀ ငါးမျိုးစိုက်ထည့်ပေးခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီတွင် အမှတ်(၂)ရပ်ကွက် ကန္နားလမ်းရှိ ငဝန်မြစ်ရေဆိပ်၌ ဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးမျိုးသိန်းက ငါးစားသုံးမှုမြင့်မားလာပြီး ငါးသယံဇာတ တိုးပွားလာစေရေး၊ငါးထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားလာစေပြီး ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး ရည်ရွယ်ချက်ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၃ ဦးမောင်မောင်၊ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်းသား ပေါက်ကောင်ရေ ၃၀၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၅၀၀၀၀ တို့ကို စုပေါင်းစိုက်ထည့်ပေးကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)