ရုရှားနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦးတို့ ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကျင်းပရေး ကော်မတီ ဥက္ကဌ၏ အတွင်းရေးမှူးနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦးတို့ ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကျင်းပရေး ကော်မတီ ဥက္ကဌ၏ အတွင်းရေးမှူးနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

နေပြည်တော်  အောက်တိုဘာ  ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည်   ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ဖိုရမ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါး ရှာတီရော့နှင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် မော်စကိုမြို့ရှိ   Crowne  Plaza Hotel တွင်  အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာတွင် အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါး     ရှာတီရော့က  ယခင်ကျင်းပခဲ့သော ဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ ဆွေးနွေးမှု နောက်ဆက်တွဲ အဖြစ် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည် စွမ်းအင်နှင့် ပတ်သက်သော ထွက်ကုန်များ ထုတ်လုပ်သော နိုင်ငံဖြစ်ပါကြောင်း၊ ယခုရုရှား စွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက် ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဖိုရမ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌသည်လည်း မကြာမီမြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါကြောင်း၊  ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သော ကိစ္စများအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ   သမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးသည်။

ယင်းနောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြန်လည်ဆွေးနွေးရာ၌ နိုင်ငံတော်အကြီးအကဲမှ တာဝန်ပေးစေလွှတ်ခဲ့၍ ဤဖိုရမ်သို့ တက်ရောက်လာခြင်း ဖြစ်ပါကြောင်း၊ ဖိုရမ်တွင် ရုရှားနိုင်ငံမှ  အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍ ကိစ္စများသာမက  လျှပ်စစ်စွမ်းအား ကဏ္ဍကိစ္စများကိုပါ    ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြီး ရုရှားနိုင်ငံ ဖိုရမ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့  မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အခြေအနေများကို    ညှိနှိုင်းဆွေးနွေးသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမျိုးမြင့်ဦးကလည်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စများကို ဖြည့်စွက်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်  ဦးမျိုးမြင့်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့အနီး  ကာလုဂါပြည်နယ်ရှိ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်တွင် တည်ထားကိုးကွယ်သည့် ရွှေစည်းခုံ ပုံတူစေတီတော်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့် ဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။

ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီမှ ဥက္ကဋ္ဌ မစ္စတာအီဗန် ပိုလီကော့ဖ်နှင့်အဖွဲ့က တည်ခင်းဧည့်ခံသည့်  အလွတ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရှား-မြန်မာချစ်ကြည်ရေး ပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက်     မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေး စင်တာ(Emergency Response Center) တည်ထောင်နိုင်ရေး အတွက်    မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်   လာရောက်မည့် ခရီးစဉ်အတွင်း  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးလိုသည့် ကိစ္စ၊   ရန်ကုန်နယ်နိမိတ် ဧရိယာအတွင်း  ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် စက်မှုဇုန် တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ  ထုတ်လုပ်သွားနိုင်ရေး ကိစ္စများ၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေ တူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံး ပစ္စည်းများ တင်ပို့ရောင်းချရေး ကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ကိစ္စတို့ကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။