ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၃)

    ဗိုလ်သင်တန်းဆင်းပြီးနောက် ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ်ထားသော “ထော်ခုဘေးစုတိုက်” ခေါ် အထူးသင်တန်းတွင်လည်း သင်တန်းဆရာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်သို့ တက်ရမည့် ဒုတိယပတ် မြန်မာဗိုလ်လောင်း ကျောင်းသားများကို ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်  ဇာမားအထိလိုက်ပို့ခဲ့သူမှာလည်း  ဆရာဗိုလ်ဟတပင် ဖြစ်ပါသည်။

ဆရာဗိုလ်ဟတသည်  ဂျပန်ဘုရင့်စစ်တက္ကသိုလ် ကျောင်းဆင်းမဟုတ်ပါ၊ စစ်မှုမထမ်းမနေရ (National Service) စနစ်အရ စစ်အတွင်း အရေးပေါ်ခန့်ခဲ့သော ရိုးရိုးဗိုလ် သင်တန်းဆင်းဖြစ်ပါသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း မဟုတ်သော်လည်း ဆရာက သူ့ဂုဏ်သိက္ခာကို အကျမခံပါ။

“ခုတိုက်ချူဝါနိဟွန်းနို ယူနီဗာစီတီခရ”ဟု သူသည် ဂျပန်ယူနီဗာစီတီမှ ဘွဲ့ရခဲ့သူ ပညာတတ်ဖြစ်ကြောင်း ကြွားဝါလေ့ရှိပါသည်။ သူ့အသက် ၂၅ နှစ်တွင် ဘွဲ့ရခဲ့ကြောင်း သိရပါသည်။

ဆရာသည် ကျွန်တော်တို့အား စစ်ပညာ သင်ခန်းစာများကို  ဂျပန်ဘာသာဖြင့် သင်ကြားပေးလေ့ရှိသော်လည်း ကျောင်းသားများ နားမလည်ပုံရလျှင် အင်္ဂလိပ်လို ရောနှောပြောဆို သင်ကြားပေးပါသည်။

ဆရာသည် ကျွန်တော်တို့အား ဂျပန်တပ်မတော်၏ အရေးကြီးသော သင်ခန်းစာများကိုလည်း သင်ကြားပေးလေ့ ရှိပါသည်။ လျှို့ဝှက်သင်ခန်းစာများကို သင်ကြားရာတွင် ဆရာက “ဟင်မစ်စု” (လျှို့ဝှက်)၊”ခခုနား” (မရေးနဲ့) “အင်ပစ်စုအိုကေး”

(ခဲတံတွေချထားကြ)ဟု ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိပါသည်။ ကျွန်တော်တို့ ခဲတံများကို  စားပွဲပေါ်သို့ချထားပြီး ဆရာပြောသည်ကို လက်ပိုက် နားထောင်ကြရပါသည်။

ဂျပန်ဆရာများ ပါးအရိုက်ကြမ်း ဆိုသော်လည်း ဆရာဟတ၏ ပါးအရိုက်ကို ကျွန်တော်မခံခဲ့ရပါ။ ဆရာသည် အပြစ်ရှိသူ၊ စည်းကမ်းမရှိသူ၊ သင်တန်းတွင် ခိုကတ်သူများကိုသာ ရိုက်နှက်လေ့ရှိပါသည်။ အပြစ်မရှိအပြစ်ရှာ၍ ရိုက်နှက်လေ့မရှိပါ။

သင်တန်းအတွင်း မှားယွင်းမှုရှိလျှင် လည်းကောင်း၊ စာမေးပွဲတွင် အမှတ်နည်းလျှင် လည်းကောင်း သူ၏ လက်သုံးတော် ဓားဖြင့်  ခေါင်းကို အခေါက်ခံရသည်မှာ အကြိမ်ပေါင်းမနည်းလှပါ။ မင်္ဂလာဒုံဗိုလ် သင်တန်းကျောင်းတွင် အရိုက်ကြမ်းကြသည်မှာ ဂျပန်တပ်ကြပ်ဆရာများ ဖြစ်ကြပါသည်။ တပ်ခွဲ (၂) တွင် “ဝါးလုံး”ခေါ် ကော့ကုဂျီဂွန်းဇော်ဖြစ်ပါသည်။ အရပ်အမောင်းကောင်းသည်။ ဗလကောင်းသည်။ လက်မောင်းလက်ဖျံများ တုတ်ခိုင်ပြီး လက်ကောက်ဝတ်လုံးပတ်မှာ ကြီးမားလှပါသည်။ သူရိုက်လိုက်လျှင် တစ်ချက်တည်းနှင့် လဲကျသွားနိုင်ပါသည်။ နောက်တစ်ယောက်မှာ ဖအေးဒဂွန်းဇော်ဖြစ်ပါသည်။ သူသည် ဂင်တိုတိုနှင့် ဗလကောင်းသူဖြစ်ပါသည်။ သူသည် ဘီလူးရုပ်ပေါက်နေ၍ သူ့ကိုကျောင်းသားများက “အာဠာဝက” ဟု ခေါ်ကြသည်။ သဘောကျ၍ ရယ်မောလျှင်   ပို၍အရုပ်ဆိုးပြီး   ပို၍ ကြောက်စရာကောင်းပါသည်။

ဗိုလ်လေးကျော်ညွန့် အခြားတပ်စုသို့ ပြောင်းရွှေ့သွားပြီးနောက် ၁၉၄၃ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ဗိုလ်လေးရန်လင်း သည် စက်သေနတ်ကြီး တပ်စုသို့ မြန်မာတပ်စုမှူး ဆရာအဖြစ် ရောက်ရှိလာပါသည်။ ဗိုလ်လေးရန်လင်းသည် ပထမပတ် ကျောင်းဆင်းဖြစ်ပါသည်။ ဗိုလ်လေးရန်လင်းသည် အရပ်ပုသော်လည်း တုတ်တုတ်ခိုင်ခိုင် ဗလကောင်းသူဖြစ်သည်။

စိတ်ဓာတ်အလွန်ပြင်းထန်သည့် ပုံစံမျိုးတော့ မဟုတ်ပါ။ ပျော်ပျော်နေတတ်သူ ဖြစ်ပါသည်။ ဗိုလ်လေးရန်လင်းကို ကျောင်းဝင်း၏  အရှေ့ဘက်လမ်း တစ်ဖက်တွင်ရှိသော မသန်းရှင်၏ဆိုင်တွင် မကြာခဏ တွေ့ရပါသည်။ မသန်းရှင်ကို သွားရောက် လူပျိုလှည့်နေခြင်း၊ ဂေါ်နေခြင်းဖြစ်ပါသည်။ မသန်းရှင်သည် အာပုံရောင်းသည်။

ငါးပိကြော်ထုပ်များလည်း ဗိုလ်လောင်း ကျောင်းသားများကို မှောင်ခိုရောင်းသည်။

ငါးပိကြော်ထုပ်မှောင်ခိုရောင်းသည်ဟု ဆိုခြင်းမှာ ကျောင်းသားများ ငါးပိကြော်ထုပ်ကို   တိတ်တိတ်ဝယ်လိုပါက  သံဆူးကြိုးကာထားသော ခြံစည်းရိုးအနီးသို့ တွားသွားပြီး အချက်ပြလိုက်လျှင် မသန်းရှင်က ငါးပိကြော်ထုပ်ကို လမ်းကိုကျော်၍ ခြံစည်းရိုးအတွင်းသို့ ပစ်ပေးသည်။ ဝယ်သည့်ကျောင်းသားက  ငါးပိကြော်ဖိုး တစ်ကျပ်ကို သူ့ထံရောက်အောင် ပစ်ပေးရသည်။ ပိုက်ဆံ သူ့ထံသို့မရောက်လျှင်လည်း အရေးမကြီးပါ။  သူက မယောင်မလည်နှင့် ပိုက်ဆံကို လာကောက်ပါလိမ့်မည်။ ငါးပိကြော်သာမက အာပုံနှင့်အခြားမုန့်များကိုလည်း  ဆက်သွယ်ဝယ်ယူနိုင်ပါသည်။ သို့သော် လွယ်လွယ်နှင့်တော့ ဝယ်၍မရပါ။ တွားတက်ခြင်း၊ ဂျပန်ဆရာများ မမြင်အောင် အကာအကွယ်ယူခြင်း စသည့် ဂျပန်ဆရာများ သင်ပေးထားသည့် စစ်ပညာများကို အသုံးချရပါသည်။ ဗိုလ်လေးရန်လင်းသည် မသန်းရှင်အိမ်သို့ မကြာခဏရောက်နေလေ့ရှိရာ  ခက်ခက်ခဲခဲ စွန့်စွန့်စားစား   ခြံစည်းရိုးနားအထိ ရောက်အောင်သွားပြီးမှ ဗိုလ်လေးရန်လင်းကို ဆိုင်တွင်တွေ့ရ၍ တပ်ခေါက်ပြန်ခဲ့ကြရသည်လည်း ရှိကြပါသည်။ ဤမျှဖော်ပြလျှင် ဗိုလ်လေးရန်လင်း၏ ဝါသနာ ပေါ်လွင်နေပါလိမ့်မည်။

တေရအူချီဂွန်းဇော်သည် ကျွန်တော်တို့ တပ်စု၏ တပ်စုတပ်ကြပ်ကြီးဖြစ်ပါသည်။ ကျွန်တော်တို့ အခန်း(၃) ၏ အခန်းအုပ်လည်း ဖြစ်ပါသည်။ အခန်းအုပ်ကို “ဟန်ချို” ဟု ခေါ်ပါသည်။ တေရအူချီသည် မျက်နှာထား ချိုချိုထားသည်။ မျက်နှာကို ပြုံးပြုံးထား၍ ပျော့ပျောင်းပုံရှိသော်လည်း စည်းကမ်းကိုင်ရာတွင် သံမဏိလိုမာသည်။       

ဆက်လက်ဖော်ပြပါမည်