ဖိလစ်ပိုင်အစိုးရသည် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ပျံသန်းမှုရပ်ဆိုင်းထားရသည့် နိုင်ငံပိုင်လေကြောင်းလိုင်း များအပေါ် စီးပွားရေးအရ ထိခိုက်မှုလျှော့ချ နိုင်ရေးအတွက် ပြည်ပသို့ ခရီးသွားလာမှု ပိတ်ပင်ထားသည့် ကန့်သတ်ချက်ကို အာဏာပိုင်အဖွဲ့က ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံးမှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန်လိုက်သည်။
အစိုးရ၏ဖြေလျှော့ပေးမှုကြောင့် ပြည်သူများအနေဖြင့် အောက်တိုဘာ ၂၁ ရက်မှစ၍ ပြည်ပနိုင်ငံများသို့ ခရီးသွားလာနိုင်ပြီ ဖြစ်သည်။ သို့ရာတွင် ပြည်ပသို့ ထွက်ခွာမည့် ဖိလစ်ပိုင်ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံထားရခြင်း မရှိကြောင်း ထောက်ခံသည့် ထောက်ခံစာ၊ အသွားအပြန်လေယာဉ်လက်မှတ်၊ ကျန်းမာရေး နှင့် ခရီးသွားလာရေးအာမခံ စသည်တို့ လိုအပ်မည်ဖြစ်သည်။
ဖိလစ်ပိုင်ပြည်သူများ ပြည်ပနိုင်ငံများသို့ ခရီးသွားခြင်းကို အစိုးရက ဇူလိုင်လမှစ၍ ပိတ်ပင်ထားသောကြောင့် နိုင်ငံပိုင်လေကြောင်းလိုင်းများမှာ ခရီးစဉ်များကို ရပ်ဆိုင်းထားရသည်။
ထို့ကြောင့် အစိုးရ၏ ဖြေလျှော့ပေးမှုသည် စီးပွားရေးအရ ထိခိုက်နစ်နာနေသည့် နိုင်ငံပိုင်လေကြောင်းလိုင်းများအပေါ် ကျရောက်လာသော အကျိုးဆက်များကို အတော်အတန် လျှော့ချပေးနိုင်မည်ဖြစ်သည်။
သို့ရာတွင် အစိုးရ၏ဖြေလျှော့ပေးမှုသည် နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံအတွင်းအောက်တိုဘာ ၁၅ ရက်တစ်ရက်တည်းမှာပင် ၂၂၆၁ ဦး ရောဂါထပ်မံကူးစက်ခံထားရသောကြောင့် ယခုအခါ တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ခံရသူဦးရေမှာ ၃၄၈၆၉၈ ဦးရှိပြီ ဖြစ်သည်။
လောလောဆယ် နိုင်ငံအတွင်း လူဦးရေ ၁၀၉ သန်းအနက် လေးသန်းကျော်ကို ရောဂါပိုးရှိ၊ မရှိ အစိုးရက စစ်ဆေးထားပြီး ဖြစ်သောကြောင့် စစ်ဆေးမှုနှုန်းသည် လူဦးရေအချိုးအစားနှင့် နှိုင်းယှဉ်ပါက လျော့နည်းနေသေးသည်ဟု ဆိုနိုင်သည်။
ထိုသို့သောအခြေအနေမျိုးတွင် အစိုးရက ပြည်ပခရီးစဉ်များ သွားရောက်ရန် ပြည်သူများအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်အစိုးရသည် လက်ရှိတွင် နိုင်ငံအတွင်းရှိ ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးပေးရန် ဆန္ဒရှိနေသော်လည်း ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးလိုအပ်လျက်ရှိကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေက အောက်တိုဘာ ၁၅
ရက်တွင် ပြောကြားထားသည်။
ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် များစွာလုပ်ဆောင်ရန် လိုအပ်နေချိန်နှင့် နိုင်ငံအတွင်း ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်နေချိန်တွင် အစိုးရက ပြည်ပလေကြောင်းလိုင်းများကို ပြန်လည် ဖွင့်လှစ်ပေးခြင်းသည် နိုင်ငံပိုင် လေကြောင်းလိုင်းများအပေါ် ကျရောက်နေသည့် အကျိုးဆက်များကို လျော့ပါးစေမည် ဖြစ်သော်လည်း တခြားတစ်ဖက်မှကြည့်မည်ဆိုပါက ရောဂါ ကူးစက်မှုကိုထိန်းချုပ်ရာတွင် အခက်အခဲဖြစ်ပေါ် လာစေနိုင်ကြောင်း ရေးသား တင်ပြလိုက်ပါသည်။
Ref: ANN, Xinhua