ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၃၄)
နည်းနည်းမှအမှားမခံပါ။ ဟန်ချိုသည် အရပ်ပုသဖြင့် ကျောင်းသား၏ပါးကိုရိုက်ရန် သူ့လက်နှင့်မမိလျှင် သူစီးထားသော ခုံဖိနပ်ကို ချွတ်၍ရိုက်လေ့ရှိသည်။မျက်နှာထားချိုပြီး အတွင်းစိတ်က ရက်စက်တတ်သဖြင့် သူ့ကို နတ်ဆိုး ဟု အမည်ပေးထားကြပါသည်။ တေရအူချီသည် ကျွန်တော်တို့ကို နှိပ်စက်ရန် ကြာကြာမနေရပါ။
အိုနုမာဂွန်းဇော် ပြောင်းရွှေ့ရောက်ရှိလာသောအခါ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားပါသည်။
နောက်လာတဲ့စစ်ကဲ ဒိုင်းဝန်ထက်ကဲ ဆိုသလို တေရအူချီပြောင်းသွားပြီးနောက် ရောက်လာသော အိုနုမာဂွန်းဇော်လက်ထက်တွင် ကျွန်တော်တို့ အခန်း(၃)မှ ရဲဘော်များ အလူးအလဲခံကြရပါသည်။
အိုနုမာသည် ငယ်ရွယ်သူဖြစ်သည်။
အင်အားဗလကောင်းသည်။ အင်နှင့်အားနှင့် လုပ်ရမည့်ကိစ္စ၊ ဗလအားကိုးနှင့်လုပ်ရမည့်ကိစ္စများကို သူကစိန်ခေါ်လေ့ရှိ
သည်။ ကျွန်တော်တို့တပ်စုတွင် သူ့ကိုအနိုင်ယူနိုင်သူများ ကျွန်တော်အပါအဝင်လေး၊ ငါးယောက်ခန့်ရှိပါသည်။ အခန်း(၄)
မှ ထားဝယ်မောင်ဒီသည် စက်သေနတ်ကြီးကိုထမ်း၍ ကျောင်းတစ်ပတ်ပြေးနိုင်သူဖြစ်၍ သူအရှုံးပေးရသည်။ စက်သေနတ်
ကြီးကိုထမ်းပြီး အဝေးဆုံးအပြေးပြိုင်ရမလား၊ ဒိုက်(Dive)အထိုး (လက်နှစ်ဖက်ဖြင့် ကိုယ်ကိုမတင်ခြင်း) အကြိမ်ပေါင်းပြိုင်ရမလား၊ ထိုင်-ထ (Squating)အကြိမ်ပေါင်း ပြိုင်ရမလား၊ ကျွန်တော်တို့ လေး၊ငါးယောက်ကို သူမနိုင်ပါ။ သို့သော် ထိုသို့အင်အားဗလကောင်းသူများနှင့် ရုပ်ရည်ချောမောသော ညွန့်ဝင်းမောင်ကဲ့သို့သော
သူများမှာ သူ၏ဘေးရန်မှလွတ်အောင် ပရိယာယ်ဖြင့် ရှောင်ရှားကြရပါသည်။
တပ်ခွဲ(၂)၊ တပ်စု(၂)တွင် အရာခံတပ်ကြပ်(တစ်လိုင်း)တစ်ယောက်၊ ကြယ်သုံးပွင့်တပ်သားကြီးတစ်ယောက်နှင့် ကြယ်
နှစ်ပွင့်ဂျပန်တပ်သားတစ်ယောက် ရှိပါသည်။ ကြယ်သုံးပွင့်ဂျပန်သည် ခုံဖိနပ်နှင့်ရိုက်တတ်၍ ခုံဖိနပ် ဟု ကျွန်တော်တို့
ခေါ်ကြသည်။ ကြယ်နှစ်ပွင့်ဂျပန်သည် ကျွန်တော်တို့ကို အမြဲတမ်းအသံစာစာဖြင့် ရန်တွေ့တတ်သဖြင့် ငါးစိမ်းသည် ဟု ကျွန်တော်တို့ ခေါ်ကြသည်။ ခါးထောက်၍ အရာရှိကြီးပုံမျိုး လုပ်နေတတ်သဖြင့် ဂိုးဖလိပ် အစား ရက်ဖလိပ် ဟုလည်းခေါ်ကြသည်။
ကျွန်တော်တို့သည် ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် ကြယ်သုံးပွင့်တပ်သားကြီးအဆင့်သို့ ရရှိခဲ့ကြပါသည်။ သို့သော်
ကျွန်တော်တို့သည် ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့်ဂျပန်ဆရာဟုခေါ်သော တပ်စုအားတာဝန်ယူမည့် ဂျပန်ဆရာထံ သတင်းပို့
ကြရပါသည်။ ထိုအချိန်တွင် တပ်စုမှူးဗိုလ်ဟတ လာသည့်အခါလာသည်။ အိုနုမာဂွန်းဇော်လာသည့်အခါလာသည်။ သူတို့
မလာ သည့်အခါ ကြယ်သုံးပွင့်နှင့် ကြယ်နှစ်ပွင့်ဆရာများ၏အပိုင် ဖြစ်လာပါသည်။
တစ်ခါက ကြယ်သုံးပွင့်ဆရာနှင့် ကြယ်နှစ်ပွင့်ဆရာနှစ်ယောက်စလုံး တန်းစီရာသို့<ကရောက်လာကြပါသည်။ထိုအချိန်တွင်
ကြယ်သုံးပွင့် ဆရာက ဘယ်ဘက်ရှေ့တွင် ရပ်လျက်ရှိပြီး ကြယ်နှစ်ပွင့်ဆရာက ညာဘက်ရှေ့တွင် ရပ်လျက်ရှိနေကြပါသည်။
ရာထူးပိုကြီးသောသူကို အလေးပြုသတင်းပို့ရမည်ဖြစ်၍ တပ်စုကျောင်းသား တာဝန် (ခုတိုက်တော်ရီရှင်မာရီ)က ဘယ်ဘက်တွင်ရှိသော ဆရာကို အလေးပြုရန် ဟန်ချိုဒိုနိုနိခေ့ရှေ့က ရှရာဟိကာရီ ဟု အမိန့်ပေးလိုက်ရာ ညာဘက်ရှေ့တွင်ရပ်နေသောကြယ်နှစ်ပွင့်ဂျပန်ဆရာက ခူးရားဒမေ့ဒ ဟု အော်ကာ တာဝန်ကျကျောင်းသား
(ခုတိုက်တော်ရီရှင်မာရီ)ကို ပြေး၍ ပါးကိုရိုက်ပါတော့သည်။ ခုတိုက်တော်ရီရှင်မာရီသည် မှားယွင်းအလေးပြုမိသည်ဟုထင်
သဖြင့် ညာဘက်မှ ဂျပန်ဆရာအား ထပ်မံအလေးပြုလိုက်ပြန်ရာ ဘယ်ဘက်မှသုံးပွင့်ဂျပန် ဆရာကမှားသည်ဟု ဆူပူကြိမ်းမောင်းပြန်ပါသည်။ ခုတိုက်တော်ရီရှင်မာရီဘာလုပ်ရမည် မသိတော့ပါ။ နောက်ဆုံးတွင် တပ်စုတစ်စုလုံးကျောင်းကို ပတ်ပြေးရန် ဒဏ်ပေးခြင်းခံကြရပါသည်။ ခုတိုက်တော်ရီရှင်မာရီ ဘာမှားသလဲမသိပါ။
ဂျပန်ဆရာနှစ်ယောက်ကျွန်တော်တို့တပ်စုအား ညှပ်ပူးညှပ်ပိတ်လုပ်ကာ ပညာပြပြီး ပညာရှိနည်းဖြင့် နှိပ်စက်ကြသည်ဟုသာ မှတ်သားထားမိပါသည်။
ကိုယ်လက်ကြံ့ခိုင်ရေး ကျန်းမာရေး လေ့ကျင့်ခန်းအတွက် နည်းပြဆရာမရှိပါ။ ဂျပန်ဆရာက လေ့ကျင့်ခန်းများကို သင်ကြားပေးသည်။ ဗိုလ်လေးကျော်ညွန့်က တစ်ခါတစ်ရံ ဝင်ရောက်လေ့ကျင့်သင်ကြားပေးပါသည်။ ဆရာ၏အမိန့်ပေးသည့်အတိုင်း ဆရာ့အမူအရာကို ကြည့်၍ လုပ်ဆောင်ကြရသည်။ သို့သော် ဂျပန်ဘာသာဖြင့် အမိန့်ပေးခြင်းဖြစ်၍ အစတွင်အခက်အခဲများနှင့် တွေ့ကြုံကြရပါသည်။ လေ့
ကျင့်ခန်းအမိန့်များ ဂျပန်အသံထွက်ကို မြန်မာစာဖြင့်ရေးပြီး အာဂုံဆောင်အလွတ်ကျက်ကြရသည်။ နောက်ပိုင်းတွင် ဆရာ
များက အမိန့်ပေးမပြသတော့ဘဲ ဘေးမှရပ်ကြည့်နေပြီး ခုတိုက်တော်ရီရှင်မာရီက အမိန့်ပေး လေ့ကျင့်ကြရသည်။ ထိုအခါဂျပန်စကားမကျွမ်းကျင်သော ခုတိုက်တော်ရီရှင်မာရီအတွက် အလွန်စိတ်ညစ်ကြရပြီး ကျောင်းသားများအနေဖြင့်လည်း ကသိကအောက် ဖြစ်ရသောအဖြစ်များစွာကြုံတွေ့
ခဲ့ကြရပါသည်။ ဥပမာတစ်ခုပြရသော် လက်ကိုအပေါ်သို့မြှောက် အမိန့်ကို တေ့အိုအူးအေနိအာဂေး ဟု အမိန့်ပေးရမည့်အစားအားရှိအိုအူအေနိအာဂေးဟု မှားယွင်းအမိန့်ပေးလိုက်၍ ကျောင်းသားများ ဘာလုပ်ရမည်ကိုမသိဘဲ ကြောင်တောင်တောင်ဖြစ်သွားရသည့်အဖြစ်မျိုး ကြိမ်ဖန်များစွာကြုံကြရပါသည်။ အားရှိအိုအူအေနိအာဂေး ဆိုသည်မှာ ခြေထောက်ကို အပေါ်မြှောက် ဟူ၍ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်