ဂျပန်နိုင်ငံ၌ ဝန်ကြီးချုပ်သစ် ယိုရှီဟီဒေးဆူဂါအာဏာ ရရှိလာသော်လည်း အစိုးရသည် ယခင်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏မူဝါဒအား ဆက်လက်ကျင့်သုံးခြင်းကို ပြသသည့်အနေဖြင့် ဂျပန်အစိုးရက အာရှနိုင်ငံများနှင့် ကာကွယ်ရေးဆက်ဆံမှု တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။
ဝန်ကြီးချုပ်ဆူဂါသည် ၎င်းစတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်မည် ဖြစ်သည်။ အစိုးရ၏ အောက်တိုဘာ ၁၅ ရက်ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်ဆူဂါသည် ပြည်ပသို့ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး သွားရောက်မည့် နိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ဖြစ်သည်။
အဆိုပါနိုင်ငံများသည် ယခင်ဝန်ကြီးချုပ်ဟောင်း အာဘေးကိုယ်တိုင် သွားရောက်ခဲ့သည့်နိုင်ငံများဖြစ်သည်။ ဝန်ကြီးချုပ်ဆူဂါ၏ ခရီးစဉ်များနှင့်စပ်လျဉ်း၍ ဂျပန်အစိုးရက အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသော်လည်း ဂျပန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား ကာကွယ်ရေးဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဂျပန်အစိုးရသည် ဗီယက်နမ်နိုင်ငံသို့ လက်နက်ပစ္စည်း ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိသည်ဟု နစ်ကေသတင်းစာက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဖော်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် လာမည့်ရက်သတ္တပတ်အတွင်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ သွားရောက်မည့် ဝန်ကြီးချုပ်ဆူဂါ၏ အဆိုပါခရီးစဉ်များအတွင်း လက်နက်ရောင်းချရေး သဘောတူညီချက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်ဆူဂါက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဝင်များအား အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ ရည်ရွယ်ချက်ကိုကြည့်မည်ဆိုပါက ဒေသအတွင်း အင်အားကြီးနိုင်ငံတချို့၏ ရေကြောင်းလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေးအတွက် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများ၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ဂျပန်အစိုးရသည် ပြည်ပနိုင်ငံများသို့ လက်နက်ရောင်းချမှုအပေါ် ကန့်သတ်ထားခြင်းကို ၂၀၁၄ ခုနှစ်အတွင်းက ဖယ်ရှားခဲ့ပြီးနောက် ပြည်တွင်းဖြစ်လက်နက်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။
သို့ရာတွင် လက်နက်ရောင်းချရေးအတွက် တခြားနိုင်ငံများနှင့် သဘောတူညီချက်များ ချမှတ်နိုင်ရန် ရုန်းကန်နေရသည့် အခြေအနေတွင်ရှိနေသည်။ တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးနိုင်ရေးအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် စေ့စပ်ဆွေးနွေးလျက် ရှိသောကြောင့် ဝန်ကြီးချုပ်ဆူဂါ၏ မကြာမီသွားရောက်မည့် ခရီးစဉ်သည် အာရှနိုင်ငံများနှင့် ကာကွယ်ရေးဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Ref: Sputnik, TST