အောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

အောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်)

မြန်မာ့သမိုင်းကိုပြန်ပြောင်း လေ့လာတိုင်း တွေ့မြင်ရသည်မှာ တိုင်းရင်းသား အားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်မှု ရှိသည့်အခါတိုင်း တိုင်းပြည်အေးချမ်း သာယာဝပြောခဲ့သည်။ ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော ပုဂံခေတ်အနော်ရထာမင်းကြီး လက်ထက်တွင် လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံတော်ကို အောင်မြင်စွာထူထောင်နိုင်ခဲ့သော တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင်လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကြီးကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သော အလောင်းမင်းတရားကြီး လက်ထက်တွင် လည်းကောင်း မြန်မာတို့သည် စံပြုလောက်အောင်စည်းလုံး ညီညွတ်မှုရှိခဲ့ကြသည်။

ထို့ကြောင့် သမိုင်းတွင် အင်ပါယာ နိုင်ငံတော်ကြီးများအဖြစ် မော်ကွန်းတင်နိုင်ခဲ့သည်။

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိသည့်အခါ တိုင်းပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာကာ တိုင်းပြည်အေးချမ်း သာယာဝပြောမှု နည်းပါးခဲ့သည်ကိုလည်း တွေ့မြင်နိုင်သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တင်ဆက်ကပြလျက်ရှိသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ”ဇာတ်တော်ကြီးမှာ မြန်မာ့သမိုင်း၏ တစ်စိတ်တစ်ဒေသကို ဖော်ထုတ်တင်ပြခြင်းဖြစ်သည်။ တိုင်းပြည်တစ်ပြည်အတွက် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်ကောင်း လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ထွန်းလာသည်နှင့် တပ်မတော်အင်အား ခိုင်မာတောင့်တင်းခြင်း၊ တိုင်းပြည်သာယာဝ ပြောခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းတို့ကို သိရှိနိုင်သည်။

ထို့အတူ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကိုတန်ဖိုးမထားဘဲ ပြည်ပကိုလုံးဝယုံကြည် အားကိုးမှုမှာ နောက်ဆုံးတွင် အရှုံးနှင့်သာ ရင်ဆိုင်ကြရကြောင်းကို သမိုင်းတွင် အထင်အရှား ရှိထားပြီးဖြစ်သည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းဖြစ်ရပ်များကို လေ့လာကြည့်မည်ဆိုလျှင်လည်း မိမိတို့ပြည်တွင်းရေးကို အချင်းချင်း စည်းလုံးညီညွတ်စွာဖြေရှင်းမှုမရှိဘဲ အမျိုးသား သစ္စာဖောက်များကြောင့် နိုင်ငံပျက်စီးခဲ့ရသည်မှာ ထင်ရှားသော သင်ခန်းစာဖြစ်သည်။ အမျိုးသား သစ္စာဖောက်သူများမှာ ယနေ့ခေတ်တွင်လည်း ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ ပျက်စီးရေးကို အစဉ်တစိုက်ကြိုးပမ်းနေသူတို့က အဆိုပါ သစ္စာဖောက်များကို လက်သပ်မွေးကာ အားပေးအားမြှောက်ပြုလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပေါ်ပေါက်လာသော အစိုးရတစ်ရပ်ဖြစ်သည်။ ပြည်သူများလိုလားသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမြဲမြံစေရေးအတွက် အမျိုးသားရေး လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို အကောင်းဆုံးအခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးခိုင်မာမှု ရှိစေရေးအတွက် အခြေခံလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ ရှိနေခြင်းကို လူတိုင်းနှစ်သက် လိုလားကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသူများမှအပ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့မှစတင်ကာ ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။ ပထမအကြိမ် ဆွေးနွေးပွဲများ လုပ်ဆောင်ပြီးနောက် ယခုအခါ ဒုတိယအကြိမ်အဖြစ် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိသည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲများကို သြဂုတ် ၂၁ ရက်နေ့မှ စတင်ကာ ဆွေးနွေးလျက် ရှိသည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိမှသာလျှင် ဒေသ၊ လူမျိုးမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သမိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့အပေါ်တွင်သာ အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူများကလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောထားကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှ တစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် ဝမ်းမြောက်ကြိုဆိုသည့် စကားသံများကို ကြားသိရသည်။

တစ်နိုင်ငံလုံးထာဝရ ြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည် ဆိုသည့်အတိုင်း ပြည်ထောင်စုအကျိုးကို ရှေးရှု၍ ရေရှည်မြော်မြင်စဉ်းစား ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အားပေးထောက်ခံသည်။ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းကြသည်။ ဤသည်မှာ ငြိမ်းချမ်းရေး ပန်းတိုင်ကို နီးကပ်စွာမြင်တွေ့ရခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။         ။