ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၅)

    ထိုအခါ ဘေးမှရပ်ကြည့်နေသော ဂျပန်ဆရာက ခုတိုက်တော်ရီရှင်မာရီ၏ ကျောပြင်ကိုဗြောတီးသလို တအုန်းအုန်းနှင့် တီးပါလေတော့သည်။ ငိုအားထက် ရယ်အားသန်ဖွယ်ရာဖြစ်ရပ်များ ဖြစ်ပါသည်။

နံနက် ကျန်းမာရေး လေ့ကျင့်ချိန်တွင် မကြာခဏဆိုသလို ကျွန်တော်တို့စက်သေနတ်ကြီး တပ်စုသည် စက်သေနတ်ကြီးများကို ထမ်း၍ပြေးကြရပါသည်။ စက်သေနတ်ကြီးကို မဖြုတ်ဘဲ လေးယောက်လက်ဖြင့်ကိုင်၍ လည်းကောင်း၊ နှစ်ယောက်ရှေ့နောက်ကိုင်၍ လည်းကောင်း ပြေးကြရသည်။ စက်သေနတ်ကြီးကိုဖြုတ်၍ ပြောင်းကိုတစ်ယောက်၊ သုံးချောင်းထောက်ကို တစ်ယောက်၊ ကျည်ဆန်ပုံးများကို တစ်ယောက်စီ အလှည့်ကျထမ်း၍ ကျောင်းဝင်း၏ရှေ့ဘက်ပေါက်မှ ထွက်ကာ ခရေပင်လမ်းခွဲ၊ ၎င်းမှကျောင်း၏ နောက်အပေါက်နီရှိ ရင်ပေဂျောဘက်မှဝင်ကာ ပြေးကြရသည်။ ဂျပန်စက်သေနတ်ကြီးသည် အလွန်လေးပါသည်။ ပြောင်းအလေးချိန် ကီလို၃၀ ကျော်ခန့်၊ သုံးချောင်းထောက်အလေး

ချိန်ကီလို ၃၀ ကျော်ခန့် စုစုပေါင်း အလေးချိန် ကီလို ၆၀ ကျော်ရှိရာ ထမ်းပြေးရသူအဖို့ မသက်သာလှပါ။ တစ်ယောက် မီတာလေးရာခန့်ထက် ပို၍မပြေးနိုင်ကြပါ။

ထမ်း၍ပြေးသူ လဲကျခါနီးတွင် အခြားတစ်ယောက်က အလှည့်ယူ၍ ထမ်းကြရသည်။ မူးလဲသူ၊  အော့အန်သူ၊ အားအင်ကုန်ခန်းကာ လဲကျသူများသည် ဂျပန်ဆရာ၏ ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းကိုခံကြရသည်။ စက်သေနတ်ကြီးကို ထမ်း၍ အပြေးခိုင်းနေခြင်းမှာ ကျွန်တော်တို့အား ညှဉ်းပန်းနှိပ်စက် နေသည်ဟု ထင်မိပါသည်။ သို့သော် ဤကဲ့သို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ရခြင်းသည် တကယ့်အကျပ်အတည်းနှင့် တွေ့ကြုံရသောအခါ များစွာအသုံးဝင် အကျိုးရှိကြောင်း နောင်အခါတွင်မှ သဘောပေါက် နားလည်မိပါတော့သည်။ စစ်ပညာစာတွေ့ ပို့ချခြင်းကို ဆရာဗိုလ်ဟတကပင် ဂျပန်ဘာသာဖြင့်   သင်ကြားပို့ချပါသည်။

စာမေးပွဲကိုလည်း ဂျပန်ဘာသာဖြင့်ပင် ဖြေကြားရသဖြင့်   သင်ခန်းစာများ မလွတ်တမ်း ရေးမှတ်ရသည်။ နားလည်သည်လည်း ရှိသည်။ နှုတ်တိုက်အလွတ် ရအောင်  ကျက်မှတ်ရသည်လည်း ရှိပါသည်။

ဂျပန်ရာဇဝင်နှင့် ဂျပန်စာများကိုလည်း သင်ကြားပေးပြီး စာမေးပွဲဖြေရသည်။

ဂျပန်စာတွင် မိုးမိုးတာရောအကြောင်း သင်ကြားရသောအခါ ဆရာက မိုးမိုးတာရောစန် သီချင်းကိုပါ သီဆိုပြ၍ကျောင်းသားများ ပျော်ကြသည်။ မိုးမိုးတာရောစန် အကြောင်း သင်ကြားပြီးသောအခါ တပ်စုတွင် အသက်အငယ်ဆုံး၊ ဗလအကောင်းဆုံး ဖြစ်သော ကျွန်တော့်ကို ညီအစ်ကို ရဲဘော်များက “မိုးမိုးတာရောစန်”ဟု ချစ်စနိုးခေါ်ကြပါသည်။ မြေပုံနှင့်ပတ်သက်သော သင်ခန်းစာများမြေပုံဖတ် (Map Reading)သင်ခန်းစာများကို ဦးဘဟန်က လာရောက် သင်ကြားပေးပါသည်။ ဦးဘဟန်သည် စစ်ဝတ်စုံ ဝတ်ထားသော်လည်း ရာထူးတံဆိပ်မှာ “မြား”တံဆိပ်ကို တပ်ဆင်ထားပါသည်။ ဦးဘဟန်သည် စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်တွင် ကျွန်တော်တို့နှင့်အတူ အမှတ်(၁) မြေပြင်ပစ်အမြောက်တပ်တွင် ဒုတိယဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ ရောက်ရှိခဲ့သည်။ အင်္ဂလန်သို့အသွား လေယာဉ်ပျက်ကျ၍ ကွယ်လွန်ခဲ့သည်။ “ဆေးရှင်းခွန်းဝါ”ဟုခေါ်သော စိတ်ဓာတ်ရေးရာနှင့် ပတ်သက်သော မိန့်ခွန်းများကို နေ့စဉ်လိုလိုပင် နားထောင်ကြရပါသည်။ ဆေးရှင်းခွန်းဝါကို တပ်ခွဲမှူး၊ တပ်စုမှူးများက ဟောပြောကြသည်။ တစ်ခါတစ်ရံကျောင်းအုပ်ကြီးကလည်း လာရောက်ဟောပြောလေ့ ရှိပါသည်။ ဆေးရှင်းခွန်းဝါကို မြေပြင်ပေါ်တွင် အတန်းမပျက်ထိုင်၍ နားထောင်ကြရသည်။ တင်ပျဉ်ခွေလျက် လက်နှစ်ဖက်ကို ဒူးပေါ်တင်၍ ခါးကိုမတ်မတ်ထားရသည်။

မလှုပ်ရ၊    ယားလျှင်လည်း မကုတ်ရ သင်တန်းချိန်တစ်ချိန် ၄၅ မိနစ်ထိုင် နားထောင်ကြရသည်။ (အသက်ကြီး၍ တရားထိုင်ရန်အတွက် အခြေခံအလေ့အကျင့် ရခဲ့သည်ဟု ဆိုရမည်လားမသိပါ)

လက်တွေ့ဆင်းရသော  တပ်စိတ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲ၊ တပ်ခွဲတိုက်ပွဲ၊ညတိုက်ပွဲ၊ တိုက်ကင်း၊ ကင်းစောင့်မှစ၍ မြေပြင်သင်ခန်းစာများကို ဆရာဗိုလ်ဟတ ကိုယ်တိုင်   ကြီးကြပ်ပို့ချ သင်ကြားပေးသည်။

လှံစွပ်ထိုး၊ ဓားခုတ်လေ့ကျင့်ခြင်းများကို ကျောင်း၏မြောက်ဘက်ရှိ “မန်းဂိုးဘရားရှိ”ခေါ် သရက်တောအတွင်း ပြုလုပ်ရသည်။

လှံစွပ်အလွတ်ထိုးခြင်းကို မော့ခုဂျူးခေါ် သစ်သားသေနတ်ဖြင့် လက်အန်သေလာသည် အထိ ထိုးကြရသည်။ တစ်ဦးနှင့်တစ်ဦး အပြိုင်ထိုးရာတွင် ခေါင်းစွပ်၊ လှံစွပ်ထိုးအင်္ကျီ၊ လက်အိတ်များ အပြည့်အစုံဝတ်၍ ထိုးကြရသည်။ ပူအိုက်လှသော နွေရာသီတွင် ခေါင်းစွပ်စွပ်ထားရ၍ ချွေးများထွက်လာသောအခါ အလွန်အခံရခက်လှပါသည်။ လှံစွပ်ထိုးရာတွင် ကျွန်တော်တို့သည် အရာခံအကြပ်ကလေး ရာနိုးကို နိုင်အောင် မထိုးနိုင်ကြပါ။ ဆရာရာနိုးသည် လှံစွပ်ထိုး အလွန်ကျွမ်းကျင်သူဖြစ်ပါသည်။

သေနတ်ပစ်(Range Shooting)ကိုကျောင်း၏ အနောက်မြောက်ဘက်တွင် ရှိသော စက်ပစ်ကွင်းတွင် ပြုလုပ်ရပါသည်။

ပထမအကြိမ်တွင် မည်သူမှ သတ်မှတ်ထားသော အမှတ်မရကြပါ။ ပစ်မှတ်မှ အချက်ပြပေါ်လာတိုင်း ခေါင်းကိုတုတ်ဖြင့်လည်းကောင်း၊   ဓားအိမ်ဖြင့် လည်းကောင်း အခေါက်ခံကြရ၍ ကျောင်းသားအားလုံး၏ ခေါင်းများ  ဖူးရောင်လာကြပါသည်။

ဆက်လက်ဖော်ပြပါမည်