ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၇)

ထိုသူများသည် တိုင်းပြည်လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးရရှိပြီး ကိုယ့်တိုင်းပြည်၏ လွတ်လပ်ရေးကို ကိုယ့်တပ်မတော်ဖြင့်ကာကွယ်ရန် ရည်မှန်းချက်ရှိခဲ့ကြသည်။ သို့သော် ထိုရည်မှန်းချက်ကိုပြီးမြောက်သည့်တိုင်အောင် ဆောင်ရွက်နိုင်ခဲ့သူများရှိသလို အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်သူများလည်း ရှိကြပါသည်။

မည်သို့ပင်ဖြစ်စေ မင်္ဂလာဒုံဗိုလ်သင်တန်းတက်ရောက်စဉ်အချိန်က အခန်း (၃)ရှိကျောင်းသားရဲဘော်များ တစ်ဦးချင်း၏ဖြစ်စဉ် အကြောင်းကလေးများမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ တစ်ဦးချင်း၏ ဖြစ်စဉ်များသည် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း၏ သရုပ်သဏ္ဌာန်ကိုလည်း ပေါ်လွင်စေပါသည်။  အခန်း(၃) တွင်  ဝင်ပေါက်သုံးပေါက်ရှိပါသည်။ ဂျပန်ဆရာများသည် ဘေးပေါက် နှစ်ပေါက်မှ ဝင်လေ့မရှိဘဲ ကျောင်းသားများ တန်းစီလျှင် အလယ်ကောင်မှ လျှောက်နိုင်သော တောင်ဘက်ရှိ အလယ်ပေါက်မှ ဝင်ရောက်လာလေ့ရှိပါသည်။ အလယ်ပေါက်မှ အခန်းကို ဝင်လျှင်ဝင်ချင်း ညာဘက်ထိပ်တွင် ရဲဘော်အောင်သန်းကို တွေ့ရပါမည်။ ဂျပန်ဆရာအခန်းတွင်းသို့ဝင်လာလျှင် အောင်သန်းကို ပထမကြည့်ပြီး အောင်သန်းနှင့် မျက်နှာချင်းဆိုင်တွင်ရပ်နေသော ရဲဘော်သန်းလွင်ကို လှည့်ကြည့်လေ့ရှိပါသည်။ ရဲဘော်အောင်သန်းနှင့် ရဲဘော်သန်းလွင်တို့သည် ဂျပန်ဆရာ၏ ပထမဆုံးအပြစ်ရှာခံရသူများ ဖြစ်ကြသည်။

ရဲဘော်အောင်သန်းသည် ဂျပန်စကားကို ဝါကာရိမိတ်ဆင်း (နားမလည်ဘူး)နှင့် ဝါဆုရေမတ်ရှိထ (မေ့သွားပြီ)နှစ်လုံးသာတတ်သည်။ ဝါဆုရေမတ်ရှိထကြောင့် မကြာခဏ ပါးရိုက်ခံရသူဖြစ်သည်။ တစ်ညအိပ်ချိန်မီးပိတ်ပြီးနောက် ဂျပန်ဆရာအိုနုမာအခန်းတွင်းသို့ ဝင်လာသည်။ အိုနုမာကမီးကိုဖွင့်လိုက်ပြီး  တန်းစီရန်အော်လိုက်သောအခါ ကျွန်တော်တို့ အိပ်ရာမှထပြီးခြေရင်းတွင် သတိအနေအထားဖြင့်ရပ်ပြီး တန်းစီကြသည်။ ကျွန်တော်တို့သည် ညအိပ်လျှင် စစ်ဘောင်းဘီဝတ်ပြီး အိပ်ကြရသူများဖြစ်ရာ တန်းစီရာတွင် စစ်ဘောင်းဘီဖြင့်  မြန်မြန်စီနိုင်ကြသည်။  ရဲဘော်အောင်သန်းမှာမူ စစ်ဘောင်းဘီလျှော်ထားသဖြင့် ဝတ်အိပ်ရန်မရှိ၍ ကိုယ်တုံးလုံးအိပ်နေခြင်းဖြစ်ရာ ရုတ်တရက်တန်းစီရသောအခါ အိပ်ရာခင်းကိုဆွဲပတ်ပြီးခြေရင်းသို့ ဆင်းလာပါသည်။ အောင်သန်းသည် အိပ်ရာခင်းကို ကိုယ်အောက်ပိုင်းတွင်ပတ်ပြီး ကျန်သောအပိုင်းစကို ပခုံးပေါ်လွှားတင်ထားရာ ကတုံးပြောင်ပြောင်ရိတ်ထားသဖြင့် ဖိုးသူတော်ပုံပေါက်နေပါသည်။ သူ့ပုံကိုကြည့်ပြီး ကျွန်တော်တို့ ရဲဘော်များက ရယ်ချင်သော်လည်း ဂျပန်ဆရာအိုနုမာကတော့ ရယ်ချင်ပုံမရပါ။

အိုနုမာသည် ကျောင်းသားများကို စနစ်တကျ သင်ကြားရမည့်အစား အနိုင်ကျင့်ရန်သာ စိတ်စောလျက်ရှိပါသည်။   အိုနုမာက အောင်သန်းအား ဘာကြောင့် ဘောင်းဘီမဝတ်ဘဲ အိပ်ရာခင်းကို ပတ်ထားရသလဲဟု မေးပြီး ပြောပြောဆိုဆို အိပ်ရာခင်းကိုဆွဲချွတ်လိုက်ရာ အောင်သန်း ကိုယ်တုံးလုံးဖြစ်သွားပါတော့သည်။ အောင်သန်းကသူ့ငယ်ပါကို  လက်နှစ်ဖက်ဖြင့် အုပ်ထားရှာပါသည်။ အောင်သန်းသည်   ဂျပန်စကားကို နားမလည်၊   ဂျပန်လိုလည်းပြန်မပြောတတ်ပါ။ အိုနုမာက ဒေါသတကြီးထပ်မံ၍ အော်ဟစ်မေးမြန်းလိုက်သောအခါ အောင်သန်းသည် သူပြောတတ်သောဂျပန်စကားတစ်လုံးကို ပြန်၍ပြောလိုက်သည်မှာ ဝါဆုရေမတ်ရှိထ (မေ့သွားတယ်) ဟူ၍ ဖြစ်ပါသည်။ ဝါကာရိမိတ်ဆင်း (နားမလည်ဘူး) ဟုပြောလျှင် သက်သာကောင်း သက်သာပါမည်။  ဝါဆုရေမတ်ရှိထ ဟု ပြောလိုက်ခြင်းဖြင့် အိုနုမာသိပ်စိတ်ဆိုးသွားပါသည်။ အောင်သန်း၏ပါးကို ဘယ်ပြန်ညာပြန်ရိုက်သည်။ လက်ဝါးနှင့်အားမရဘဲ လက်သီးဆုပ်၍ ပါးကို တီးလေရာ အောင်သန်း  ကြမ်းပေါ်သို့ လဲကျသွားပါတော့သည်။ အောင်သန်းသည် ဝါဆုရေမတ်ရှိထ စကားတစ်လုံးတည်းနှင့် တစ်သက်တာအတွက် မှတ်လောက်သား လောက်အရိုက်ခံရခြင်းဖြစ်ပါသည်။ ထိုနေ့မှစ၍ ရဲဘော်အောင်သန်းကို အခန်းတွင်းရှိ ရဲဘော်အားလုံးက တညီတညွတ်တည်း ဝါဆုရေမတ်ရှိထဒိုနို ဟူသောအမည်ကို ချီးမြှင့်လိုက်ကြပါသည်။ (ဒိုနို ဆိုသည်မှာ အကြီးအကဲများကို လေးစားသမှုဖြင့် အမည်၏နောက်တွင် တွဲဖက်ခေါ်ခြင်း ဖြစ်ပါသည်) ရဲဘော်အောင်သန်း တပ်ကြပ်ဖြင့် သင်တန်းဆင်းသွားပါသည်။

ရဲဘော်အောင်သန်းနှင့် ခြေချင်းဆိုင်အိပ်ရာမှာ ရဲဘော်သန်းလွင်၏ အိပ်ရာဖြစ်ပါသည်။ သန်းလွင်သည် ကြို့ပင်ကောက်ဇာတိဖြစ်သည်။ ကာယဗလသမားဖြစ်သည်။ ရင်အုပ်၊ လက်မောင်း၊ လက်ဖျံ၊ ပေါင်၊ ခြေသလုံးကြွက်သားများဖောင်းကြွနေသည်။  မေးရိုးကြွက်သား  (Jaw Muscle) ရှိသည်။  ပါးရိုက်ခံရလျှင် အံကြိတ်ပြီး မေးရိုးကြွက်သားကို တောင့်၍ ခံလေ့ရှိသဖြင့် ဂျပန်ဆရာက ပို၍ရိုက်ချင်စိတ်ပေါက်ပြီး ပို၍အရိုက်ခံရလေ့ရှိသည်။ သင်တန်းကာလအတွင်း အစားအသောက် ဆင်းရဲလှပါသည်။ ထမင်းတစ်နေ့သုံးနပ်စားရသော်လည်း စားရသော ဟင်းများမှာ အူခြောက်နေသော ပဲလင်းမြွေသီးအရင့်များ၊ အခွံမခွာဘဲ ခုတ်ထစ်ထားသော   ကျောက်ဖရုံသီး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက် စသည့်ဟင်းသီးဟင်းရွက်များကို ဆီမပါ၊  ဆားမပါဘဲ ရေလုံပြုတ်ဟင်းများဖြစ်ပါသည်။  ရဲဘော်သန်းလွင်သည် အစားဆင်းရဲခြင်းဒုက္ခကို တစ်နည်းတစ်လမ်းဖြင့် အကြံအဖန်လုပ်ကာ  ဖြေရှင်းလေ့ရှိသည်။  သန်းလွင်သည်   မီးဖိုချောင်မှစားစရာတစ်ခုခုကို ဂျပန်များအလစ်တွင်  ခိုးယူလာလေ့ရှိသည်။ ဂျပန်တို့စားသော မုန်လာဥချဉ်ဖတ်များ၊ ကျွန်တော်တို့မစားရသောထမင်းချိုးများ၊ တစ်ခါတစ်ရံသာ စားရသော်လည်း မီးဖိုချောင် မီးဖိုပေါ်တွင် မိုးပြဲဒယ်ကြီးများဖြင့် ပြုတ်ထားသော အမဲသား၊ ဝက်သားတုံးများကို ကျိုက်ကျိုက်ဆူနေသော မိုးပြဲဒယ်အတွင်းမှ လက်နှင့်နှိုက်ပြီးဘောင်းဘီအိတ်ထဲ အပူလောင်ခံ၍ ထည့်ယူလာခြင်း ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။