ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၈)

ဤကဲ့သို့ အလစ်သုတ်ရာတွင် ကျွမ်းကျင်သဖြင့် သူ့ကို သူခိုး ဟုရဲဘော်များက ပထမဘွဲ့ ထူးပေးလိုက်ကြသည်။

ကျောင်းဝင်းအတွင်း တစ်ထုပ်တစ်ကျပ်ဖြင့် တိတ်တဆိတ်ရောင်းသော ငါးပိကြော်ဝယ်ရာတွင်လည်း သန်းလွင် လျင်လှသည်။

ကျွန်တော်တို့ဝယ်ရန်အခက်အခဲရှိလျှင် သူ့ကိုဝယ်ခိုင်းရသည်။ သို့သော်  လူပါးသည်ပုလင်းထိတတ်ပါသည်။ တစ်ခါက ငါးပိကြော်ဝယ်လာသော သန်းလွင်သည် ဂျပန်ဆရာကိုလှမ်း၍မြင်လိုက်သဖြင့် ငါးပိ ကြော်ထုပ်များကို ခေါင်းပေါ်တင်ပြီး ဦးထုပ်ဆောင်းထားလိုက်သည်။ ဂျပန်ဆရာကမသင်္ကာ၍ ခေါ်ယူလိုက်ပြီး သူ့ရှေ့တည့်

တည့်မှရပ်ကြည့်နေသည်။  သတိအနေအထားဖြင့် ဂျပန်ဆရာရှေ့တွင်ရပ်နေသော သန်းလွင်သည် ခေါင်းပေါ်တင်ထားသော ငါးပိကြော်ထုပ်များမှဆီများမျက်နှာသို့ စီးကျလာသည်။  သတိအနေအထားဖြင့် ရပ်နေရ၍ သန်းလွင်ဆီကိုမသုတ်နိုင်ပါ။

ဂျပန်ဆရာက ဦးထုပ်ကိုချွတ်ကြည့်ရာငါးပိကြော်ထုပ်များကို မိသွားပါသည်။ ငါးပိကြော်ထုပ်များ အသိမ်းခံရသည့်အပြင် သန်းလွင်မှာ ပါးရိုက်လည်း ခံရရှာပါသည်။

ကျောင်းတွင် ယင်ကောင်ပေါသဖြင့်ကျောင်းသားများယင်ကောင်ရိုက်ပြီးသတ် မှတ်သည့်အရေအတွက်အတိုင်း ဂျပန်ဆရာများထံ အပ်ကြရသည်။ သတ်မှတ်အရေအတွက်ပြည့်အောင် ရိုက်နိုင်သောရဲဘော်များအကြံအဖန်လုပ်ကာ ထမင်းလုံး

များကို ပြာနှင့်လုံး၍ အပ်ရာ ဂျပန်ဆရာက ထမင်းလုံးမှန်းသိသွားသဖြင့် ဒဏ်ပေးခံရသည့် ရဲဘော်များတွင် သန်းလွင်အမြဲ ပါပါသည်။ ဂျပန်ဆရာများသာ ချိုးရသောရေနွေးစည်ပိုင်းအတွင်း တိတ်တဆိတ်ဝင်ရောက် ဇိမ်ခံနေစဉ် ရေနွေးစိမ်ရန် ဝင်ရောက်လာသော ဂျပန်ဆရာက သူ့ခေါင်းကိုနင်းမိ၍ ထွက်ပြေးရသူမှာလည်း သန်းလွင်ပင်ဖြစ်ပါသည်။ သန်းလွင်သည် စူးရှရှအသံဖြင့် အလန့်တကြား အော်တတ်သောကြောင့်သူ့ကို ငှက်ဆိုးဟု ရဲဘော်များ၏ ဒုတိယဘွဲ့ထူးကိုချီးမြှင့်ခြင်း ခံရပါသည်။ ရဲဘော်သန်းလွင်သည် တပ်ကြပ်ဖြင့် သင်တန်းဆင်းရပါသည်။ တိုက်ကြီးမြို့ ပြည်သူ့ရဲစခန်းတွင် ရဲမှူးအဖြစ် အမှုထမ်းခဲ့သည်။ယခုသက်ရှိထင်ရှားရှိနေပါသေးသည်။

ရဲဘော် အောင်သန်း၏ ညာဘက်ဘေးတွင် ရဲဘော်ကျော်စိန်ရှိပါသည်။ မင်းလှမြို့နယ်၊ သရက်တစ်ပင်ရွာသားဖြစ်သည်။ ဆေးစစ်ရာတွင် ကျော်စိန်မည်သို့အောင်လာသည်မသိ၊ သူ့မျက်လုံးကမကောင်းပါ။ သူ့တွင် မျက်ခမ်းစပ်ရောဂါရှိဟန်တူသည်။ မျက်တောင်အခတ်များသည်။ မျက်လုံးကို မှိတ်တုတ်မှိတ်တုတ်လုပ်နေတတ်သည်။

မျက်စိအားနည်းကြောင်းစက်ပစ်ကွင်းတွင် ကျမှပို၍ပေါ်လာသည်။ ကျော်စိန်သည် လေးပေပစ်မှတ်ကိုပင် မမြင်ပါ။ ကျော်စိန်ကို ရဲဘော်များက အကန်းဟုခေါ်ကြသည်။ သူ့ကို ရဲဘော်များကခေါ်သောအခြားအမည်တစ်ခုရှိသေးသည်။ သူကြား

လာသောသတင်းများကို ကျိန်းသေပဲ ဟု ပြောလေ့ရှိသဖြင့် ကျိန်းသေပဲကျော်စိန် ဟုခေါ်ကြသည်။ တပ်ကြပ်ဖြင့် သင်တန်းဆင်းသွားပြီး တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ပါသည်။

ရဲဘော်ကျော်စိန်၏ညာဘက်တွင် ရဲဘော်ကျော်မြင့်ရှိပါသည်။ ကျော်မြင့်သည် မြင်းခြံခရိုင်၊ နွားထိုးကြီးမှဖြစ်သည်။

အညာသားမွဲခြောက်ခြောက်ဖြစ်၍ အားကစားတွင် လက်တွေ့အားဖြင့် မပြိုင်နိုင်သော်လည်း နှုတ်အားဖြင့် အရှုံးပေးလေ့မရှိပါ။

သူ့တွင်မရှိသော လက်မောင်းကြွက်သားကို ထုတ်ပြပြီး ငါက သံကွင်းကလေးကစားတယ်ကွ ဟုကြွားဝါလေ့ရှိသည်။

တစ်ခါကရဲဘော်ကျော်မြင့် လက်မောင်းကိုကွေးပြီး မရှိသောကြွက်သားများ ထုတ်ပြနေစဉ် ဂျပန်ဆရာသူ့နောက်မှ ဝင်လာသဖြင့် ဂျပန်ဆရာကို အလေးပြုကြသော်လည်း သူကလက်မောင်း ကွေးလျက်နှင့် အလေးမပြုနိုင်ဘဲရှိနေသည်။ ဂျပန်ဆရာက ဘာကြောင့်အလေးမပြုသလဲဟုမေးသောအခါ ကျော်မြင့်က ဟန်ချို...သံကွင်း၊ သံကွင်း ဟုပြန်ပြောလေသည်။

ရိုက်ရန်စိတ်စောနေသော ဂျပန်ဆရာသည် သံကွင်းကိုမသိချင်ပါ၊ နန်းဒသံဂွင်းဟု ရေရွတ်ကာ ကျော်မြင့်၏ပါးကိုဘယ်ပြန်ညာပြန်တီးလေတော့သည်။ ထို့ကြောင့် သူ့ကိုရဲဘော်များက သံကွင်းဟုခေါ်ကြသည်။

အခန်း(၃)တွင် ရဲဘော်အချင်းချင်းအပြိုင်အဆိုင်လုပ်ရမည့်အခါတိုင်းဟချီဂျူးကွ ဟုအော်လေ့ရှိသူတစ်ဦး ရှိပါသည်။ ထိုသူမှာ ကျောင်းသားနံပါတ် ၈၀ ရဲဘော်သူရဖြစ်သည်။ နံပါတ် ၈၀ မှာ ဂျပန်လို ဟချီဂျူး ဖြစ်ပါသည်။ ကျောင်းသားအချင်းချင်းရန်ဖြစ်သည့်အခါတွင်လည်း ဟချီဂျူးကွ ဟုအော်၍ ထိုးကြိတ်တတ်သည်။ ရဲဘော်သူရက ကျွန်တော့်ကို အလွန်ချစ်သည်။ ရဲဘော်တစ်ယောက်နှင့်ရန်ဖြစ်လျှင် ရဲဘော်သူရက ကျွန်တော့်ဘက်မှ အမြဲပါလေ့ရှိသည်။ တစ်ရက် ကျွန်တော် မေရှိတောဘန်း (ထမင်းယူတာဝန်ကျ) ကျ၍ ထမင်းချက်ရုံမှ ထမင်းပုံး၊ ဟင်းပုံးများယူပြီး ရဲဘော်များကို ထမင်းဟင်းပြင်ဆင်ထည့်ပေးရသည်။ ထိုနေ့က ဟင်း

မှာ ကျောက်ဖရုံသီးဟင်းဖြစ်ပါသည်။ ထမင်းယူတာဝန်ကျသူက ထမင်းဟင်းများကို ရဲဘော်များစားရန် ပန်းကန်များတွင် အချိုးကျထည့်ပေး ပြင်ဆင်ပေးရသည်။ ထိုနေ့က ထူးထူးဆန်းဆန်း ကျောက်ဖရုံသီးဟင်းတွင် ရေပေါ်ဆီကလေးများ အနည်းငယ်ဝေ့နေပါသည်။

             ဆက်လက်ဖော်ပြပါမည်။