ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၃၉)

ကျွန်တော်ကအငယ်ဆုံးဖြစ်၍ စားပွဲထိပ်တွင်ထိုင်ရသည်။ ဟင်းကို ကျွန်တော့်ပန်းကန်မှစ၍ထည့်ပြီး အခြားပန်းကန်များသို့ထည့်နေစဉ် ထားဝယ်မောင်ဒီကြီးက ကျွန်တော့်ကုပ်ကိုဆွဲပြီး ခွေးကောင်လေး၊ နင့်ဟင်းခွက်ထဲမှာ ရေပေါ်ဆီထည့်တာများတယ်၊ တခြားဟင်းခွက်တွေနဲ့ မျှမျှတတမထည့်ဘူး၊  တစ်ကိုယ်ကောင်းဆန်တဲ့ကောင် သေပေတော့}}ဟုဆိုကာ ကျွန်တော့်လည်ပင်းကို ညှစ်ပါတော့သည်။ ကျွန်တော်ဟင်းထည့်လျက်တန်းလန်း  ရုတ်တရက်ခံလိုက်ရ၍ မည်သို့မျှပြန်မလုပ်နိုင်ဘဲရှိနေပါသည်။ ထိုအချိန်တွင် ဟချီဂျူးကွ ဟု အော်သံနှင့်အတူ ရဲဘော်သူရရောက်လာပါသည်။ သူ့လက်ထဲတွင် စက်သေနတ်ကြီး ကျင်းတူးသည့် လက်ကိုင်ပေါက်ချွန်းငယ်ကလေးကို ကိုင်လာပါသည်။ သူရသည် မောင်ဒီကြီး၏ခေါင်းကို  ပေါက်ချွန်းဖြင့် ချိန်ရွယ်ထားပြီး ချာတိတ်ကိုလွှတ်လိုက်၊ မလွှတ်ရင် မင်းခေါင်းကို ပေါက်ချွန်းနဲ့ပေါက်ခွဲပစ်လိုက်မယ် ဟု ချဲလိုက်မှ မောင်ဒီကြီးလက်မှလွတ်အောင် မနည်းရုန်းရပေသည်။ မောင်ဒီကြီးသည် ဗလအလွန်ကောင်းသည်။ ကီလို ၆၀ ကျော်လေးသော ဂျပန်စက်သေနတ်ကြီးကိုထမ်း၍ တပ်ခွဲ(၁)နှင့်တပ်ခွဲ(၂)ကို တစ်ပတ်ပြေးနိုင်သူဖြစ်သည်။

အရပ်ခြောက်ပေကျော်မြင့်သည်။   သူတကာထက် အရပ်မြင့်၍ပေလားမသိ၊ ကျောင်းဆင်း၍ တာဝန်ကျရာတပ်ရင်းများသို့ သွားကြရာတွင်  မောင်ဒီကြီး ရထားခေါင်မိုးပေါ်တက်စီးခဲ့ရာ   တံတားနှင့် တိုက်ပြီး လိမ့်ကျ၍ ကွယ်လွန်သွားရရှာသည်ဟု သိရပါသည်။

ရဲဘော်သူရသည် ကျွန်တော့်အပေါ်တွင် သံယောဇဉ်ကြီးမားလှသူဖြစ်ပါသည်။

စစ်ပြီးခေတ်တွင်  ကျွန်တော်တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေသော    မှော်ဘီအမြောက်တပ်သို့ ၁၉၅၄ ခုနစ်က တစ်ကြိမ်၊ တောင်ငူခလရ(၁၁)သို့ ၁၉၅၈ ခုနှစ်က တစ်ကြိမ်၊ ပဲခူး ခမရ(၁၀၇)သို့ ၁၉၆၀ ပြည့်နှစ်တွင်တစ်ကြိမ် ရောက်လာခဲ့ပါသည်။

ပထမအကြိမ်ရောက်လာကတည်းကပင် လူကောင်းပကတိမဟုတ်တော့ပါ။ စိတ်ရောဂါသည်တစ်ယောက်  ဖြစ်နေပါပြီ။

ကျွန်တော်သည် ရဲဘော်သူရကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ပြီး သူပြန်လိုသောအခါ သူ၏ နေရပ်ဌာနေပြည်မြို့၊ ပုတီးကုန်းသို့ အိမ်တိုင်ရာရောက်   ရဲဘော်အစောင့်အရှောက်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ရဲဘော်သူရ ကျွန်တော့်ထံသို့ ပေါ်မလာတော့ပါ။ ကွယ်လွန်သွားပြီဟု သိရပါသည်။

ရဲဘော်သူရ၏ညာဘက်တွင် ရဲဘော်မောင်ခရှိသည်။ မောင်ခသည် ရန်ကုန်တစ်ဖက်ကမ်း ဒလ(၆) နံပါတ်ရွာမှဖြစ်ပါသည်။ နွားနို့သောက်လျှင် အားရှိကြောင်း၊ ကျွန်တော်တို့ မသောက်ရသော နွားနို့ကောင်းကြောင်း မစားရဝခမန်းပြောတတ်သဖြင့် သူ့ကို နွားနို့ ဟုခေါ်ကြသည်။

တပ်ကြပ်ဖြင့်ကျောင်းဆင်းပြီး ကျောင်းတွင်ပင် အခန်းဆရာ(ဟန်ချို)အဖြစ် တာဝန်ပေးခြင်းခံရပါသည်။ ထိုအချိန်တွင် ကိုခတစ်ယောက် အတွေးအခေါ်များ ပြောင်းလဲနေပါပြီ။ ကွန်မြူနစ်ဝါဒကောင်းကြောင်းကျွန်တော့်ထံ လာရောက်ဆွေးနွေးတတ်ပါသည်။ ၁၉၄၈ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ယုံကြည်သည့် သနက(၆)မှ ဗိုလ်ရဲမောင်ဦးဆောင်သော တပ်ဖွဲ့အချို့ တောခိုရာတွင် လိုက်ပါသွားခဲ့ပြီး တောတွင်းတွင်ပင် ကျဆုံးခဲ့ပါသည်။

ရဲဘော်မောင်ခသည် သင်တန်းအားလပ် ချိန်များတွင်   သူသတ္တိအလွန်ကောင်းကြောင်း လုပ်ဇာတ်များပြောပြီး ကြွားဝါလေ့ရှိသဖြင့် ရဲဘော်တစ်ယောက်က မင်းက သီဟသူရဘွဲ့ရမယ့်ကောင်ထင်တယ် ဟုပြောရာ နောက်ရဲဘော်တစ်ယောက်က သီဟသူရမဟုတ်ဘူးကွ၊ သီဟသုခပါကွ ဟု နောက်ပြောင်လိုက်ရာ နောင်တွင်ရဲဘော်မောင်ခအား သီဟသုခ ဟုခေါ်ကြလေသတည်း။ သတ္တိရှိသည်လား၊ မိုက်သည်လား မသိပါ။     သူ့ယုံကြည်ချက်အတိုင်း မိုက်မိုက်ကန်းကန်း တောခိုသွားခဲ့သော်လည်း တိုင်းပြည်အတွက် မဆောင်ရွက်လိုက်ရဘဲ တောတွင်းတွင် မထင်မရှား သေဆုံးသွားခဲ့ရရှာသည်။

အခန်း(၃)တွင် ကျွန်တော့်ကို အားကစားနှင့်ပတ်သက်၍ အပြိုင်ဆုံးရဲဘော်မှာ ရဲဘော်စိန်ဉာဏ်ဖြစ်ပါသည်။ စက်သေနတ်ကြီးထမ်း၍ အပြေးပြိုင်ရမလား၊ မီတာတစ်ရာအပြေးပြိုင်ရမလား၊ အိုတာကေဘီတိုက်တောင်ကုန်းပေါ်သို့ အပြေးတက်ပြိုင်ရမလား သူကကျွန်တော့်ကို အရှုံးမပေးဘဲ စိန်ခေါ်လေ့ရှိည်။ တစ်ခါက အိုတာကေဘီတိုက် တောင်ကုန်းပေါ်ရှိ ကျောက်တုံးကိုပတ်၍အခန်းတွင်း ပန်းဝင်ရန်ပြိုင်ပွဲကျွန်တော်နှင့်စိန်ဉာဏ် နှစ်ယောက်ပြိုင်ကြသည်။ အခန်းတွင်းသို့ ကျွန်တော်အရင်ရောက်သည်ကို ရဲဘော်စိန်ဉာဏ်က မခံမရပ်နိုင်ဖြစ်ကာ ကျောင်းရှေ့လမ်းပေါ်တွင် ထော်ခုဘေးစုဘုတိုက်သို့ အသွားအပြန်အပြေးပြိုင်ရန် သူကစိန်ခေါ်သည်။

ကျွန်တော်မငြင်းပါ၊ ပန်းအဝင်တွင် ဒိုင်လူကြီးများက အရှုံးအနိုင်ကိုအဆုံးအဖြတ်မပေးဘဲ ဘယ်သူမှမနိုင်၊ အတူတူပန်းဝင်သည်ဟု ဆုံးဖြတ်ကြသည်။ စိန်ဉာဏ်ကသူနိုင်သည်ဟုပြောသည်။  ကျွန်တော်ကလည်း ကျွန်တော်နိုင်သည်ဟု ငြင်းခုံသည်။

             ဆက်လက်ဖော်ပြပါမည်။