ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၄၀)

တစ်ယောက်နှင့် တစ်ယောက်ငြင်းခုံကြရင်း  စိတ်ဆိုးလာကြသည်။  စိန်ဉာဏ်က လက်သီးချင်း ထိုးမယ်၊ သတ္တိရှိရင် အပြင်ထွက်ခဲ့ဟု ခေါ်ပြီး အခန်းအပြင်သို့ ရှေ့မှထွက်သွားသဖြင့် ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ သူ့နောက်မှလိုက်သွားရာ စိန်ဉာဏ်သည် အခန်းအပြင်သို့ မရောက်မီ အခန်းပေါက်အရောက်တွင် ဗြုန်းခနဲနောက်သို့လှည့်ကာ ကျွန်တော့်မျက်နှာကို ထိုးလိုက်ရာ ကျွန်တော့်နှုတ်ခမ်းကွဲကာ သွေးများထွက်လာပါသည်။ ကျွန်တော်ဒေါသအလွန်ထွက်ပြီး   သူ့ကိုတရကြမ်းလိုက်ကာ ထိုးကြိတ်မိပါတော့သည်။ သူကလည်းပြန်ထိုးသည်။ ကျွန်တော်တို့နှစ်ယောက် စီးချင်းတိုက်ပွဲတွင် ဒိုင်လူကြီးမရှိပါ။ ရဲဘော်များ ကြည့်ကောင်းကောင်းနှင့် ကြည့်နေကြပါသည်။ ကိုယ်ကြိုက်ရာဘက်မှ အော်ဟစ်အားပေးကြသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးမျက်နှာများ ပေါက်ပြဲဖူးရောင်လာသောအခါမှ  ရဲဘော်များဝင်ရောက်လာကြပြီးလျှင် ကျွန်တော့်ကို ဆွဲသူကဆွဲ၊ စိန်ဉာဏ်ကို ဆွဲသူကဆွဲ၍ ဖျဉ်ပေးကြသည်။ သရေပွဲကွ၊ ဘယ်သူမှ မနိုင်ဘူးဟုလည်း အဆုံးအဖြတ်ပေးကြသည်။ ကျွန်တော်က ပွဲမစခင်ဒီကောင် ငါ့ကိုထိုးတယ်၊ ဖောင်းပလေးကွ အော်ပြောရာ စိန်ဉာဏ်က မင်း အလို့ခံရတာပဲကွဟု မခံချင်အောင် ပြောနေပါသေးသည်။ ကျွန်တော် မကျေနပ်ပါ။ ထိုသို့မကျေနပ်ချက်သည် ခဏတာမျှသာဖြစ်ပါသည်။ ညနေတန်းစီသောအခါ နှုတ်ခမ်းများကွဲ၍ ဂဠုန်နှုတ်သီးလိုဖြစ်နေသော ပါးစပ်၊ မျက်လုံးများ ပိတ်နေလောက်အောင် ဖူးရောင်နေသော မျက်နှာများကို တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ရယ်ချင်လာကြသည်။ ကျွန်တော်ကစတင်၍ လက်ကမ်းသောအခါ ရဲဘော်စိန်ဉာဏ်ကကျွန်တော့်လက်ကို လှမ်းဆွဲသည်။ စစ်ပြေငြိမ်းသည့် သဘောဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက်     ဖက်လိုက်ကြပြီး တဟားဟား ရယ်မောမိကြပါတော့သည်။

ရဲဘော်တွေက ရှေးကထက် ပိုချစ်ကြပါသည်။

ရဲဘော်စိန်ဉာဏ် တပ်ကြပ်ဖြင့် ကျောင်းဆင်းသည်။ စစ်ပြီးခေတ် ဗမာ့တပ်မတော်သို့ မဝင်တော့ဘဲ အိမ်တွင်းလျှပ်စစ်သွယ်တန်းရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုကာ အမှတ်(၁၇)၊ (၅)လမ်း၊ပုသိမ်ညွန့်၊ ရန်ကုန်တွင် နေထိုင်လျက်ရှိပါသည်။

အခန်း(၃)တွင် ကသာမြို့မှ အညာသားရဲဘော် မောင်မောင်ကြီးလည်းရှိပါသည်။သူ၏ ညာဘက်နှုတ်ခမ်းပေါ်တွင် အမွေးပေါက်နေသော မှဲ့ကြီးရှိသဖြင့် သူ့ကို မှဲ့မောင်ကြီး ဟု ခေါ်ကြသည်။ တပ်ကြပ်ဖြင့်ကျောင်းဆင်းသည်။ မိတ္ထီလာအမြောက်တပ်၊ သနက(၆)တွင် အမှုထမ်းစဉ် ပုဒ်မ(၅)ဖြင့် အဖမ်းခံရပြီး သာယာဝတီထောင်တွင်ရှိစဉ် ဗကပမှ ထောင်ဖွင့်၍ တောတွင်းပါသွားပြီး ၁၉၅၂ ခုနှစ်တွင် အလင်းဝင်ခဲ့သည်။ ရန်ကုန်၊ ဂွတ္တလစ်လမ်း၊ အနောက်ဈေးတွင် နေထိုင်ရင်း ကွယ်လွန်သွားခဲ့ပါပြီ။

မုတ်ဆိတ်မွေး၊   ပါးသိုင်းမွေးများ မည်းတူးနေအောင် ထူထပ်စွာပေါက်နေသဖြင့် ဂျပန်ဆရာများအမြင့်ကတ်ပြီး မကြာခဏပါးအရိုက်ခံရသူမှာ ရဲဘော်နေဝင်းဖြစ်ပါသည်။ ရဲဘော်နေဝင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သွားပြီးတောတွင်းတွင် ကျဆုံးသွားသည်ဟု သိရပါသည်။

ကျွန်တော်နှင့် ခြေချင်းဆိုင်နေရာတွင်ရှိပြီး အခန်းတွင်းတန်းစီရာတွင် မျက်နှာချင်းဆိုင်တန်းစီရသူမှာ ရဲဘော်ညွန့်ဝင်းမောင်ဖြစ်ပါသည်။  ညွန့်ဝင်းမောင်က ကျွန်တော့်အော်တိုစာအုပ်တွင် မင်းလင်ညွန့်ဝင်းမောင်ဟု  ရေးထားပါသည်။

ကျွန်တော်က သူ့မယားမဟုတ်ပါ။ ကျွန်တော့်ကိုချစ်လွန်း၍ မကြာခဏဖက်နမ်းလေ့ရှိပါသည်။ ညီလေးလိုပဲချစ်ပါသည်။ ကျွန်တော်က သူ့ကို နှမပေးယောက်ဖဟုခေါ်ပါသည်။ သို့သော် သူ့နှမညီမလေး ရင်ရင်ဆင့်ကို ကျွန်တော် မရခဲ့ပါ။ ဂိုက်ရှိဆု ခေါ်အပြင်ထွက်ခွင့်ရတိုင်း ညွန့်ဝင်းမောင်၏အိမ်သို့ ကျွန်တော်လိုက်သွားလေ့ရှိပါသည်။  တနင်္ဂနွေနေ့တွင်   စမ်းချောင်းဆီဆုံလမ်းရှိ   ညွန့်ဝင်းမောင်အိမ်တွင် လာသမျှ တပ်မတော်သားများကို ကျွေးမွေးရန် ထမင်းဟင်းများ ချက်ပြုတ်ထားလေ့ရှိပါသည်။ ကျွန်တော်တို့သွားတိုင်း ကြက်သားဟင်း၊ ဝက်သားဟင်း၊ ငါးသလောက်ပေါင်း၊ ငါးပိရည်တို့စရာ၊ ချဉ်ရည်ဟင်း၊အသီးအရွက်ကြော်စသည်ဖြင့် စုံလင်စွာ စားသောက်ရပါသည်။ ကျောင်းတွင် ရေလုံပြုတ်နှင့်သာစားကြရသော ကျွန်တော်တို့ ဗိုက်ကားအောင် မြိန်ရှက်စွာ စားသောက်ကြရပါသည်။

ညွန့်ဝင်းမောင်တို့ ညီအစ်ကိုမောင်နှမများအားလုံး တိုင်းပြည်ချစ်စိတ်ရှိကြသည်။

အားလုံးနိုင်ငံရေးလုပ်ကြသည်။ သို့သော်တစ်ယောက်နှင့်တစ်ယောက် အယူအဆမတူကြပေ။ အစ်ကိုကြီး ကိုဒေါင်းအောင်သည် ဘုံဝါဒကို သက်ဝင်ယုံကြည်သဖြင့် သူကိုယ်တိုင်ပစ္စည်းမဲ့လူတန်းစားဖြစ်အောင် သူပိုင်ဆိုင်သော ဆန်စက်များသာမက အိမ်နှင့် ပစ္စည်းများကိုပါ လှူပစ်လိုက်သူဖြစ်သည်။ မမလှိုင်က ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန်အောင်နှင့် အကြောင်းပါပြီး မိသားစုတစ်စုလုံး တောတွင်းသို့ရောက်သွားကြသည်။        

ဆက်လက်ဖော်ပြပါမည်။