ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၄၁)

တောတွင်းတွင် ကလေးတွေထပ်မွေးသည်။ ဗကပ၏ ဖြုတ် ထုတ် သတ် လမ်းစဉ်အရ တောတွင်းတွင်အသေဆိုးနှင့် သေသူသေကြသည်။ မမလှိုင်တစ်ယောက်တော့အလင်းသို့ပြန်ရောက်လာသည်။ မမတင်(ဒေါ်ကျော့တင်)လည်းမမကြီး(ဒေါ်လှကျင်)၏ သားအောင်သိန်းလွင်နှင့်အတူ တောတွင်းသို့ လိုက်သွားခဲ့သည်။   ညီအငယ်ဆုံးအောင်သိန်းနိုင်လည်း တောခိုသည်။ မမတင်မှလွဲ၍ အားလုံးမပြန်လမ်းသို့မြန်းကြရှာသည်။  မမကြည်(ခင်စန်းကြည်)က   ရဲဘော်ဖြူ ဗိုလ်တင်မောင်နှင့်လက်ထပ်သည်။ ညီမရင်ရင်ဆင့် ခေါ်အမာကို ကျွန်တော်တို့က ညီမလေးလို့ပဲ ခေါ်ကြသည်။ ညီမလေးက ကျွန်တော်တို့ ရဲဘော်ရဲဘက် ဗိုလ်သောင်းညွန့် (အငြိမ်းစား-ဘီအေစီဦးဆောင်ညွှန်ကြားရေးမှူး)နှင့် နဖူးစာဆုံခဲ့ပါသည်။   ညွန့်ဝင်းမောင်ကတော့   တပ်မတော်သို့ ပြန်ဝင်ခဲ့ပြီး ပြန်တမ်းဝင်အရာရှိဖြစ်လာသည်။ ကြေကွဲဖွယ်ရာ ကောင်းလှသည့် အဖြစ်မှာ ဗိုလ်ညွန့်ဝင်းမောင်သည် သူ့အစ်မများ၊ ညီငယ်များနှင့် တူကလေးများ တောခိုသွားသည့် ပျဉ်းမနားတောင်ညိုစခန်းကို စစ်ဆင်ရေးပြုလုပ်စဉ် ကျဆုံးသွားရှာပါသည်။

ညတန်းစီချိန် အခန်းတွင်းတန်းစီရာတွင် ကျွန်တော်နှင့်ညွန့်ဝင်းမောင်မျက်နှာချင်းဆိုင် တန်းစီရသည်။ ညစဉ်လိုလို ဂျပန်ဆရာများက ကျွန်တော်တို့ကို မတရားညှဉ်းပန်းနှိပ်စက်လေ့ရှိသည့်အတိုင်း ရဲဘော်အချင်းချင်း တစ်ယောက်ပါးကို တစ်ယောက်အပြန်အလှန် ရိုက်ကြရန် အမိန့်ပေးလာသောအခါ ကျွန်တော်က ညွန့်ဝင်းမောင်ပါးကိုရိုက်ရပြီး ညွန့်ဝင်းမောင်က ကျွန်တော့်ပါးကို ရိုက်ရသည်။ ကျွန်တော်က အားကစားသမားဖြစ်သည်။ လက်မောင်း၁၆ လက်မ၊ လက်ဖျံ ၁၃ လက်မ ရှိသည်။

ကျွန်တော်၏ ရိုက်အားကို ညွန့်ဝင်းမောင် မခံနိုင်ရှာပါ။ တစ်ယောက်ပါးကို တစ်ယောက်ရိုက်ရာတွင် ညှာညှာတာတာမရိုက်ရပါ။ ညှာပြီးရိုက်သည်ထင်လျှင် ဂျပန်ဆရာက နမူနာပြပြီးရိုက်ပြသည်။ သို့ဖြစ်၍မညှာရဲပါ။  ကျွန်တော်ရိုက်လိုက်တိုင်းညွန့်ဝင်းမောင်၏ အသားဖြူဖြူမျက်နှာဖွေးဖွေးလေးမှာ ရဲခနဲရဲခနဲ ဖြစ်သွားရရှာပါသည်။ ဂျပန်ဆရာက ရာမေ (ရပ်တော့)ဟု အမိန့်မပေးမီပင် ညွန့်ဝင်းမောင်တစ်ယောက်ကြမ်းပေါ် ခွေခွေလေးလဲကျပြီး မထနိုင်တော့ပါ။ ဤသို့လဲကျသူများကို ဂျပန်ဆရာက ဇေးရှင်းကားဝါရုအိ (စိတ်ဓာတ်မကောင်းဘူး) ဟုပြောကာဆွဲယူပြီး အဆစ်အဖြစ် ၁၀ ချက်၊ ၁၅ ချက်ခန့်ထပ်၍ ဆော်သွားပါသေးသည်။

အခန်း(၃)မှ ရဲဘော်ဖြူဗိုလ်ချုပ်လည်း ထွက်ပါသည်။ ထိုသူမှာ ထိန်တောမိုးညိုသား ရဲဘော်အေးလှိုင်(ခေါ်) ဗိုလ်အောင်နိုင်ဖြစ်ပါသည်။ အခန်း(၃)တွင် နေစဉ်က ရဲဘော်အေးလှိုင်သည် အေးအေးနေတတ်သူဖြစ်သည်။ မျက်နှာသွယ်သွယ်၊ နှာတံစင်းစင်း၊ မျက်လုံးပြူးပြူးနှင့်ချစ်စဖွယ်ကောင်းသူဖြစ်သဖြင့် ဟန်ချိုကတော် ဟုခေါ်ကြသည်။ အကြပ်သင်တန်းမှ ဗိုလ်သင်တန်း၊ ဗိုလ်သင်တန်းမှ ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်သို့ တက်ရောက်ရန် ကျွန်တော်တို့အတူတူပင်အရွေးခံခဲ့ရသည်။

ရဲဘော်အေးလှိုင်က လေတပ်ပညာကိုသင်ကြားရသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီး၍ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသောအခါ ဗမာ့တပ်မတော်ဖွဲ့စည်းရာတွင် လေတပ်၌ အရာရှိဖြစ်မလာသော ရဲဘော်အေးလှိုင်သည် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည်။ ပြည်သူ့ရဲဘော် အဖြူ အဝါ ကွဲသောအခါ အေးလှိုင်တစ်ယောက် ရဲဘော်ဖြူဖြစ်သွားပါသည်။ ရဲဘော်ဖြူတပ်ဖွဲ့တွင် ဗိုလ်အောင်နိုင်အမည်ဖြင့် ကရင်သောင်းကျန်းသူများကို အင်းစိန်တစ်ဖက်ကမ်းမှ တိုက်ခိုက်ခဲ့ရပါသည်။ သက်ရှိထင်ရှားရှိနေပါသေးသည်။

သင်တန်းကာလအတွင်း  ကိုယ်ပိုင်အချိန်ဟူ၍ အနည်းငယ်သာရပါသည်။ သင်တန်းဇယားဖြင့် အားလပ်ချိန် မရှိအောင် ပြေးလွှားလှုပ်ရှားနေကြရပါသည်။

ရရှိသောကိုယ်ပိုင်အချိန်ကလေးတွင် ကင်တင်းသွားသူကသွားကြ၊ အဝတ်လျှော်သူကလျှော်ကြ၊ ကစားသူက ကစားကြနှင့် ကိုယ်ပိုင်အချိန်အနည်းငယ်ကလေးကို ထိုက်ထိုက်တန်တန် အကျိုးရှိအောင်အသုံးချနေကြပါသည်။ သို့သော် ကိုယ်ပိုင်အချိန်ကို အသုံးမချ၊ အခန်းအပြင်လည်းမထွက်၊ ဂိုက်ရှိဆု ခေါ် အပြင်ထွက်ခွင့်ရသော်လည်း မထွက်ဘဲ အိပ်ရာပေါ်တွင်ငြိမ်ငြိမ်ကလေးထိုင်ပြီး ဆေးပြင်းလိပ်သောက်နေတတ်သူမှာ ရဲဘော်ရဲမြင့်ဖြစ်ပါသည်။

ဖျာပုံသားဖြစ်သည်။ သူ့အိပ်ရာသည် အခန်း၏မြောက်ဘက်အစွန်တွင်ရှိသည်။

သူ့ခြေရင်းတွင် သေနတ်များထားသော သေနတ်စင်ရှိသည်။

သေနတ်စင်နားတွင်သာ အမြဲရှိနေသဖြင့် သူ့ကို သေနတ်စင်စောင့်နတ်ကြီး ဟုခေါ်ကြသည်။ စကားများများ မပြောပါ။

ရန်လည်းမဖြစ်တတ်ပါ။ သို့ဖြစ်၍ လူအေးကြီး ဟုလည်း အမည်ပေးထားကြသည်။ တပ်ကြပ်ဖြင့် သင်တန်းဆင်းပါသည်။

စစ်ပြီးခေတ် ၁၉၄၈ ခုနှစ်တွင် စစ်ရဲတပ်ရင်း(၁၈)သို့ဝင်ရောက်ခဲ့ပြီး   အင်းစိန်တိုက်ပွဲတွင်ပါဝင်ခဲ့သည်။   ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အလုပ်တစ်ခုပေးထားပါသည်။ ကွယ်လွန်ပါပြီ။ရဲဘော်ရဲမြင့်(ခေါ်) စိုးမြင့်နှင့် ခြေချင်းဆိုင်အိပ်ရသူမှာ ရဲဘော်ခင်ညိုဖြစ်ပါသည်။ ကျွန်တော်နှင့်အိပ်ရာတစ်ခုသာခြားသည်။ အသားက မည်းမည်း၊ ဗိုက်ပြဲပြဲ၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများက ကျိုးတိုးကျဲတဲနှင့် ရှည်နေသည်။ သူ့ကိုကြည့်ရတာ ဇော်ဂျီနှင့် တူနေသည်။ 

ဆက်လက်ဖော်ပြပါမည်။