ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၄)

    သို့ဖြစ်၍ တစ်ခန်းလုံးက သူ့ကို “ဇော်ဂျီ”ဟုခေါ်ကြသည်။ လှုပ်ရှားမှု နှေးကွေးလွန်း၍ “ပက်ကျိ”ဟုလည်း ခေါ်ကြသည်။ စစ်ပြီးခေတ် ဗမာ့တပ်မတော်တွင် “တာတေ”ဟု လူသိများသည်။ ကျွန်တော့်ကို ညီလေးလိုချစ်ပါသည်။ ကျွန်တော့်ကို “ခင်ကြီး”ဟူ၍ပင်ခေါ်ပါသည်။ ကျွန်တော့်အော်တိုစာအုပ်တွင် ကိုကြီးခင်ညိုက “ရဲဘော်ကောင်းတို့ စုပေါင်းကာငယ်၊ မျိုးကိုချစ်လို့ တိုင်းသစ်ထူမယ်၊ ရန်သူတိုင်းသား ဖယ်ရှားကာကွယ်၊ သက်ကိုစွန့် မရွံ့တိုက်တော့မယ်” “ခင်ကြီးကိုကို့ကို မမေ့နဲ့နော်၊ ခင်ကြီးရဲ့အိပ်ရာ တစ်ခုကျော်က ဇော်ဂျီလေ၊ ရောက်ရာအရပ်၊ ဖြစ်သလို အခြေနဲ့ဖြစ်သလို တိုင်းပြည်အတွက် ဆောင်ရွက်ရင်း ခင်ကြီးကို သတိရနေမယ်နော်”ဟု ရေးထားပါသည်။

ဗမာ့တပ်မတော်၏ လူမိုက်ကြီးစာရင်းဝင် တစ်ယောက်ဖြစ်ပါသည်။ မိုက်သည်။ ကြမ်းသည်။ ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကို လက်သုံးတော်ခြောက်လုံးပြူး၊ ပစ္စတိုများဖြင့် ဖြေရှင်းတတ်သည်။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လုပ်တတ်သော်လည်း လူကြီးတွေက သူ့ကိုချစ်ကြသည်။ ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်ရှာပါပြီ။ ရဲဘော်ခင်ညို သည် အခန်း(၄)မှ ရဲဘော်လှဖုန်း(အငြိမ်းစား ပြည်သူ့တရားသူကြီး အဖွဲ့ဝင်)နှင့် တစ်တွဲတည်း လာကြသူများဖြစ်ကြသည်။

သူတို့နှစ်ယောက်စလုံး၏ လိပ်စာကို “ကမ်းနားလမ်း၊   အစိုးရသင်္ဘောဆိပ်အနီး၊ မြောင်းမြမြို့”ဟု ပေးထားခဲ့ပါသည်။

ရဲဘော်ခင်ညိုနှင့် ကျွန်တော့်ကြားတွင် ရဲဘော်ဝင်းမောင် ခေါ် ဆန်းလွင်ရှိပါသည်။

အသံအောအောနှင့် စကားကိုကျယ်ကျယ် ပြောတတ်သဖြင့် သူ့ကို “လော်စပီကာ”ဟု အမည်ပေးထားကြသည်။ မီးပိတ်၊ အိပ်ချိန်တွင် သူ့အတွေ့အကြုံများကို ကျွန်တော့်အား တိုးတိုးလေး ပြောပြတတ်ပါသည်။

“ညီလေးရ၊ ကိုယ့်ချစ်သူရည်းစားနဲ့တစ်စားပွဲတည်း မျက်နှာချင်းဆိုင်ပြီး စားပွဲအောက်က ခြေထောက်ချင်းချိတ်ပြီး စကားပြောရတာ လောကကြီးမှာ အရသာ အရှိဆုံးပါပဲကွာ”ဟု  ရည်းစားမထားဖူးသော ကျွန်တော့်အား ပြောပြခဲ့သည်ကို ကျွန်တော်မမေ့ပါ။ ကျွန်တော့်ကို ကလေးလိုသဘောထားကာ ပုံတိုပတ်စများလည်း ပြောပြတတ်ပါသေးသည်။ အထွေထွေဗဟုသုတနှင့် နိုင်ငံရေး အတွေးအခေါ်များကို ကိုဝင်းမောင်ကြီးထံမှ အတော်အတန်ဆည်းပူးခဲ့ရပါသည်။ ကျွန်တော်၏ အော်တိုစာအုပ်တွင် “ကျွနု်ပ်၏ချစ်ညီကလေးကို ဤလိပ်စာဖြင့် လက်ဆောင်ပေးပါ၏၊   ဖျာပုံမြို့၊ မြို့အုပ်မင်း ဦးရွှေတိုင်မှတစ်ဆင့် ကျေးဇူးပြု၍ ဝင်းမောင်”ဟု တပ်ကြပ်ဖြင့် သင်တန်းဆင်းခါနီးတွင် ရေးပေးခဲ့ပါသည်။ စစ်ပြီးခေတ်တွင် မတွေ့ရတော့ပါ။

ကျွန်တော်၏ ညာဘက်ဘေးတွင်ရှိသော ပုဂ္ဂိုလ်မှာ ရဲဘော်တင်မောင်ဖြစ်ပါသည်။

မန္တလေးအရှေ့ပြင်၊ မင်္ဂလာဥယျာဉ်၊ ရဲဘက်ရပ်မှဖြစ်ပါသည်။ သူ့ကိုရဲဘော်များ ပေးထားသော ဘွဲ့ထူးဂုဏ်ထူးများမှာ များပြားလှပါသည်။    မန္တလေးအရှေ့ပြင်မှဖြစ်၍ “ပုဏ္ဏား”ဟုလည်းကောင်း၊ ကပ်စေးနှဲသော်လည်း  ရေလည်ဆီလည် ဟင်းကလေး စားချင်ကြောင်း မကြာခဏပြောတတ်၍ “ရေလည်ဆီလည်”  ဟုလည်းကောင်း၊ “ငါတို့ ကျောင်းဆင်းရင် လည်ရှည်ဖိနပ် စီးရမှာကွ”ဟုလည်ရှည်ဖိနပ်ကို မကြာခဏ တမ်းတနေတတ်သဖြင့် “လည်ရှည်ဖိနပ်”ဟုလည်းကောင်း၊   ပိုက်ဆံသွားချေးလျှင် မကြားချင်ယောင်ဆောင်ပြီး မူနေတတ်သဖြင့် “အမူ”ဟူ၍လည်းကောင်း  ရဲဘော်များကခေါ်ကြသည်။ ရဲဘော်တွေက သူ့ကို ဘယ်လိုပဲခေါ်ခေါ် အရေးမစိုက်ပါ ပြန်ဆဲတတ်သည်။ ယခုအချိန်တွင်   ရဲဘော်များ   သူ့ကိုပေးခဲ့သော ဘွဲ့ထူးဂုဏ်ထူးများမှာ မေ့ပျောက်သလောက်ရှိနေပါပြီ။

သူထိုက်ထိုက်တန်တန် ရခဲ့သော  ဘွဲ့ထူးဂုဏ်ထူးဖြစ်သည့် “သူရ”ဘွဲ့ဖြင့် “သူရဦးတင်မောင်”ဟု လူတိုင်းက အသိအမှတ် ပြုထားပြီးဖြစ်ပါသည်။ ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်(လေတပ်)သို့ တက်ရောက်ခဲ့သည်။ တပ်မတော်(လေ)၊ စစ်ကိုင်းတိုင်း၊ ပြည်သူ့ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေး ဥက္ကဋ္ဌအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ ရန်ကုန်မြို့ ခုနစ်မိုင်ခွဲ တေးဥယျာဉ်လမ်းတွင် အနားယူလျက်ရှိနေပါပြီ။

ကျွန်တော့်ကို ညီလေးတစ်ယောက်လို ချစ်သော ရဲဘော်တစ်ယောက် အခန်း(၃)တွင် ရှိပါသေးသည်။ သူကတော့ လက်ပံတန်းသား ရဲဘော်မောင်အေးဖြစ်ပါသည်။

အသားညိုညို၊ အရပ်ထောင်ထောင်မောင်းမောင်း၊ သတ္တိရှိရှိ လုပ်ကိုင်တတ်သူဖြစ်ပါသည်။ အကြပ်သင်တန်းမှ ဗိုလ်သင်တန်းအထိ   ကျွန်တော်နှင့်အတူ ပါလာသည်။  ကျွန်တော်ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်တက်ရန် အရွေးချယ်ခံရသောအခါ လိုက်သင့်မလိုက်သင့် တိုင်ပင်သူများထဲတွင် ရဲဘော်မောင်အေးလည်း ပါဝင်ပါသည်။ အစ်ကိုအေးက “ညီလေးဂျပန်ကို လိုက်သွားပါ၊ တပ်မတော်က ဂျပန်ကို ပြန်ချဖို့အတွက် မင်းတို့ အစတေးခံရမယ်၊ ဒါဟာ ရတောင့်ရခဲ အခွင့်အရေးတစ်ရပ်ပဲ၊ စွန့်စားမှု တစ်ရပ်လို့ဆိုရင်လည်း မမှားဘူး၊ မင်းအသက်မသေဘဲ ပြန်လာရင် တို့နှစ်ယောက် တွေ့ကြရဦးမှာပေါ့ကွာ”ဟု ပြောခဲ့သည်။ သို့သော် ကျွန်တော်အသက်မသေဘဲ မြန်မာပြည်သို့ ပြန်ရောက်လာသော်လည်း အစ်ကိုအေးကို မတွေ့ရတော့ပါ။ အစ်ကိုအေးသည် ကျွန်တော့်ကို စွန့်စားရန်နှင့် အစစအရာရာကို စဉ်းစဉ်းစားစားနှင့် ဆုံးဖြတ်ရန်ပြောခဲ့သည်။

 ဆက်လက်ဖော်ပြပါမည်။