ယမန်နေ့မှအဆက်
မောင်ငြိမ်းချမ်း ဝါသနာပါသည်က စာဖတ်၊ စာရေးမောင်ငြိမ်းချမ်းဖြစ်ချင်သည့် ရည်မှန်းချက်က စာရေးဆရာ။
ငါးတန်းမြန်မာစာ ဆရာမဒေါ်အေးငွေ ပြောကတည်းက စာရေးဆရာဖြစ်ချင်ခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာနှင့် တက်ရန်ပထမဦးစားပေးတင်လိုက်သည်။ ဒုတိယနှင့် တတိယဦးစားပေးမှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည်။
တက္ကသိုလ်တက်ရန် ဦးစားပေးဘာသာရပ်ကို ရွေးပြီးပြီ။ မောင်ငြိမ်းချမ်း အောင်စိတ်နှင့်တက်ကြွနေသည်။ သို့သော် တက္ကသိုလ်တက်ရန်အတွက် ငွေကြေးပြည့်စုံခြင်းမရှိ၊ လမ်းညွှန်စာအုပ်ပါ စာပိုဒ်တစ်ခုအတွက်သာ အားတက်စရာရှိသည်။
မွေးရာပါ ဉာဏ်ပညာထူးချွန်ထက်မြက်သူတိုင်း တက္ကသိုလ်ပညာသင်ကြားနိုင်ခွင့်ရှိသည်။ နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်မည်ဟုပါသည်။
မောင်ငြိမ်းချမ်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့်အတူ ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာကိုပါ ပြည့်စုံစွာဖြည့်၍ ကျောက်ဆည်ခရိုင် ပညာရေးကြီးကြပ်ကော်မတီရုံးသို့ တင်ရသည်။ ပညာသင်ထောက်ပံ့ကြေးအတွက် ခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီ၏ မှတ်ချက်မှာ အရေးကြီးသည်။ ထိုမှတ်ချက်တွင် ထောက်ခံမှသာ ထောက်ပံ့ကြေးရနိုင်မည် ဖြစ်သည်။
မောင်ငြိမ်းချမ်း ရထားသော ၁၀ တန်းအမှတ်များ ကောင်းပါသည်။ တက္ကသိုလ်ပညာကိုလည်း သင်ချင်သည်။ မိဘမရှိ၊ ဦးလေးက လယ်ယာလုပ်သည်။ ဝင်ငွေက တက္ကသိုလ်မထားနိုင်။ ပညာသင်ထောက်ပံ့ကြေးရလျှင် ခြိုးခြိုးခြံခြံနေပြီး ကြိုးစားပါက ဘွဲ့ရမည်ဖြစ်သည်။
စဉ့်ကိုင်မြို့မှ အစ်မနှစ်ဝမ်း ကွဲတော်သည့် မမသိန်း၏ယောကျ်ား ကိုခင်မောင်ထူးသည် စိုက်ပျိုးရေး အရာရှိဖြစ်၍ တက္ကသိုလ်ဝင်းထဲမှ ဦးပုညလမ်းမှာနေသည်။ သူတို့အိမ်၏ နောက်ဘက်တွင် အလုပ်သမား တန်းလျားအုတ်တိုက် ကလေးရှိသည်။ နှစ်ခန်းတွဲဖြစ်သည်။ တစ်ခန်းအားသည်မှာ နေ၍ရမည်။ ရေမီးပြည့်စုံသည်။ လာနေပါဟု ပြောသည်။ မောင်ငြိမ်းချမ်းဝမ်းသာသွားသည်။ နေစရာရှိပြီမို့ အစားကို ခြိုးခြံ၍ရသည်။
တစ်ပတ်ခန့်ကြာသောအခါ ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီမှ မှတ်ချက်ရသည်။ သူတို့ထောက်ခံရမည့်နေရာတွင် ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ထားသောမူနှင့် ကိုက်ညီခြင်းမရှိ၍ မထောက်ခံနိုင်ပါဟူ၍ ရေးထားသည်။
သွားပါပြီဗျာ...
မောင်ငြိမ်းချမ်း၏ တက်ကြွနေသောစိတ်များ အားပျက်ရသည်။
ဘာလို့ မထောက်ခံရတာလဲ၊ သူတို့ရဲ့မူက ဘာလဲမောင်ငြိမ်းချမ်း သွားရောက်စုံစမ်းသည်။
အစိုးရ၏မူအရ သိပ္ပံပညာကို ဦးစားပေးမည် ဖော်ပြထားသောကြောင့် သိပ္ပံဘာသာတွဲမဟုတ်သူများကို ထောက်ခံခြင်း မရှိကြောင်း၊ မောင်ငြိမ်းချမ်းက မြန်မာစာအဓိက လျှောက်ထား၍ မထောက်ခံခြင်းဖြစ်ကြောင်း ရုံးအုပ်စာရေးကြီးဦးကံက ရှင်းပြသည်။
ထိုသဘောထားမှန်ကန်ခြင်း မရှိဟု မောင်ငြိမ်းချမ်းထင်သည်။ ပညာသင်လျှောက်ထားခွင့်မှာ သိပ္ပံရော ဝိဇ္ဇာပါလျှောက်ခွင့်ရှိသည်။ ဉာဏ်ပညာထူးချွန်ထက်မြက်ပြီး တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားလိုသော်လည်း မိဘများက ငွေကြေးမတတ်နိုင်လျှင် ထောက်ပံ့ချီးမြှင့်မည် သဘောထားဖြစ်သည်ဟု မောင်ငြိမ်းချမ်းနားလည်သည်။
သို့သော် ခက်နေသည်မှာ ကျောက်ဆည်ခရိုင် ပညာရေးကြီးကြပ်မှုကော်မတီ၏ မူပါအချက်အလက်များကို ဖော်ပြထားသည်မဟုတ်ပါ။ ဤမှတ်ချက်အတိုင်း တက်သွားလျှင် တက္ကသိုလ်များအုပ်ချုပ်ရေးရုံးက မောင်ငြိမ်းချမ်း၏ ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာကို ပယ်ချလိုက်မည်ဖြစ်ပါသည်။
ဘာလုပ်ရမည်နည်း...
မောင်ငြိမ်းချမ်း စဉ်းစားရသည်။ အခြားသူများကို စုံစမ်းကြည့်သည်။ မှန်သည် သိပ္ပံဘာသာတွဲလျှောက်သူများအားလုံး ဆင်းရဲချမ်းသာမရွေး ထောက်ခံသည်။
ရက်စက်ပါပေရဲ့...
မောင်ငြိမ်းချမ်း စိတ်အားပျက်မိသည်။
ဝိဇ္ဇာဘာသာတွဲ လျှောက်သူများအားလုံး ဆင်းရဲချမ်းသာမရွေး မထောက်ခံပါ။ ထို့ကြောင့် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာကို တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးသို့ ဆက်မတင်ကြတော့ပါ။
မောင်ငြိမ်းချမ်းကတော့ ထိုသို့ မလုပ်နိုင်။ ပညာသင်ထောက်ပံ့ကြေးရချင်သည်။ တကယ်ရထိုက်သူဖြစ်သည်ဟုလည်း မိမိဘာသာ ရိုးသားစွာ ယုံကြည်သည်။
နောက်ဆုံးတွင် လုပ်သင့်သည်၊ မလုပ်သင့်သည် လုပ်ထုံးလုပ်နည်းနှင့် ညီမညီမစဉ်းစားဘဲ သီးခြားလျှောက်လွှာတစ်စောင် ရေးလိုက်သည်။ အမှန်တကယ် ကျောင်းနေလိုပါကြောင်း၊ မိဘများ ကျောင်းထားပေးနိုင်မှုမရှိပါကြောင်း၊ ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီ၏ မူပါအချက်များအရ မထောက်ခံကြောင်း မှတ်ချက်မှာ သိပ္ပံဘာသာတွဲမဟုတ်၍ ဖြစ်ကြောင်း ရှင်းလင်းရေးသားပြီး ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာနှင့်အတူ ပူးတွဲ၍ တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးသို့ ပေးပို့လိုက်ပါသည်။
တက္ကသိုလ်ဘယ်လိုသွားရပါ့ ပညာသင်ထောက်ပံ့ကြေးအတွက် ခရိုင်ပညာရေး ကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်မရသည်က မောင်ငြိမ်းချမ်းတက္ကသိုလ်တက်ရန် အားပျက်စရာဖြစ်ရသည်။ ပုံမှန်အရဆိုလျှင် ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီမှ မထောက်ခံသော လျှောက်လွှာများအားလုံးမှာ အပယ်ခံရမည်ဖြစ်သည်။ မောင်ငြိမ်းချမ်းပူးတွဲပြီး ရေးသားသောစာမှာ ဖတ်ကောင်းမှဖတ်မည်။ ဖတ်သည့်တိုင်အောင် အရေးတယူပြု ကောင်းမှပြုမည်။
တစ်ပြည်လုံးမှ တက္ကသိုလ်ကျောင်းသားများစွာတွင် တစ်ယောက်တည်းအတွက် သီးခြားစဉ်းစားပေးဖို့ ဆိုသည်မှာ မမျှော်လင့်ရဲစရာ။
သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ ကျောင်းတက်ရန် သွား၍ဖြစ်ပါ့မည်လား။ စဉ်းစားရပြီ။ ကျောင်းရောက်ပြီးမှ ငွေကြေး အခက်အခဲကြောင့် နှစ်ပေါက်အောင် မတက်နိုင်ဘဲ ပြန်လာရနိုင်သည်။
အိမ်မှာဆန်ရှိသည်။ ဆီရှိသည်။ စားစရာရှိသည်။ ငွေမရှိ။ အမေကြီး ဘဲဥစားချင်သည်။ ဘဲဥရောင်းသော ကောင်မလေးကို ဈေးသင့်ပြီး ဆန်ပေးသည်။ကောင်မလေးက ဆန်နှင့်မရောင်း၊ ငွေနှင့်မှရောင်းမည်ဆို၍ အမေကြီးမဝယ်နိုင်ဘဲ ပြန်ပေးလိုက်ရသည်။
မောင်ငြိမ်းချမ်း ကျောင်းဆရာလုပ်စဉ်ကလည်း ငွေကြေးမစုနိုင်ခဲ့။ အဖေကြီး၊ အမေကြီးကို လစဉ်ကန်တော့သည်။ ညီငယ်ကို ကျောင်းထားပေးရသေးသည်။ အိမ်မှလစဉ်ပေးရန်ဆိုလျှင် ကြိုးကြိုးစားစားလုပ်ခါမှ နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ပေးနိုင်သည်။
ဝတ္ထုများတွင် ဖတ်ဖူးသည့်အတိုင်း ညစောင့်ဖြစ်စေ၊ ဒရဝမ်ဖြစ်စေ၊ တက္ကသိုလ်အနီးမှာ အလုပ်ရလျှင် အဆင်ပြေမည်တွေးမိသည်။ တက္ကသိုလ်ဝင်းထဲမှာနေသည်။ ကိုခင်မောင်ထူးကို ပြောပြအကူအညီတောင်းသည်။ နေရာလပ်ရှိလျှင် ဖြစ်နိုင်သည်။ လောလောဆယ်တော့ သူတို့ဌာနမှာ နေရာလပ်မရှိ။ အခြားတက္ကသိုလ်ထဲမှာ စုံစမ်းပေးမည်ဟုဆိုသည်။ ရလျှင်မောင်ငြိမ်းချမ်း ဝမ်းပန်းတသာလုပ်ပါမည်။ ထိုအချိန်တွင် ကျောက်ဆည်သို့ ရောက်သောအခါ သူငယ်ချင်းကိုသောင်းတင်နှင့် တွေ့၍ ကျောင်းတက်ရန် အခက်အခဲကိစ္စပြောပြမိသည်။ သူက သူငယ်ချင်းဖြစ်သူ တက်ထွန်းထံသို့ခေါ်သွားသည်။ တက်ထွန်းက တက္ကသိုလ်မှာ အိုင်အေအောင်ပြီး ကုန်သွယ်ရေးမှာ မန်နေဂျာလုပ်နေသည်။
တက်ထွန်းက မောင်ငြိမ်းချမ်းတို့ကို ဝမ်းသာအားရကျွေးမွေးဧည့်ခံသည်။ ကိုသောင်းတင်က မောင်ငြိမ်းချမ်းကျောင်းတက်ရန် အခက်အခဲရှိပုံကို ပြောပြသည်။
တက်ထွန်းမှာ လူပျိုလူလွတ်ဖြစ်သည်။ ကုန်သွယ်ရေး မန်နေဂျာအလုပ်ရှိရုံသာမက မိဘက ချမ်းသာပြည့်စုံသူလည်းဖြစ်သည်။
ကဲ အဲဒီလိုဆိုရင် မင်းတက္ကသိုလ်ဆက်တက်ကွာ။
ငါတစ်လတစ်ရာပေးမယ်။ မင်းလောက်မလားဟု မေးသည်။
ဟာ လောက်တာပေါ့ကွာ...
မောင်ငြိမ်းချမ်းဝမ်းသာအားရ ပြောမိသည်။
စတိုင်ပင်လျှောက်ထားတာလည်း ရချင်ရမှာပါကွာ... ရရင်တော့ မင်းထောက်ဖို့မလိုတော့ပါဘူး။ ငါစတိုင်ပင်နဲ့လောက်အောင်သုံးမှာပါ...
စတိုင်ပင်ရလည်း ၇၅ ကျပ်ပဲရမှာ ဘယ်လောက်မလဲကွ။ ကဲ...ကွာ စတိုင်ပင်မရရင် မင်းကျောင်းပြီးတဲ့အထိ ငါထားပေးမယ်။ စတိုင်ပင်ရရင်တော့ ကျောင်းလခကုန်ကျတာအားလုံး ငါပေးမယ်...
တက်ထွန်းက စေတနာကောင်းပါတယ်။ အံ့သြစရာလည်း အလွန်ကောင်းပါသည်။ ညီအစ်ကိုအရင်းအချာ၊ ဆွေမျိုးအရင်းအချာများပင် ဤသို့ကျောင်းထားပေးဖို့ဆိုသည်မှာ လွယ်သောကိစ္စမဟုတ်ပါ။ စိတ်ကူးယဉ်ဆန် လွန်းလှသည်။ မောင်ငြိမ်းချမ်းရင်ထဲမှာ ဖြစ်ပေါ်သည့် ကျေးဇူးတင်ခြင်း၊ လေးစားမိခြင်းတို့ကို ဖော်ပြနိုင်စွမ်းမရှိအောင် ခံစားရသည်။
မင်းကိုငါ ဒီလိုကူညီတဲ့အတွက် မင်းငါ့ကို ဘာမှကျေးဇူးပြန်ဆပ်စရာမလိုဘူး။ မင်းငါ့ကို ကျေးဇူးတင်တယ် ဆိုရင်...နောင်တစ်နေ့ကျတော့ မင်းလိုပဲ ပညာသင်ချင်ပါရဲ့နဲ့ မသင်နိုင်တဲ့ကလေးတွေ တွေ့တဲ့အခါ ပညာသင်နိုင်အောင် ကူညီပေးလိုက်ပေါ့ကွာ...
အလွန်ကောင်းသော စကားပင်ဖြစ်ပါသည်။
သူက ကျေးဇူးဆပ်ရန်မလိုဟု ပြောသော်လည်း သူ့ကျေးဇူးမှာ ကိုယ့်အပေါ် အကြီးကြီးတင်သွားပြီ ဖြစ်ပါသည်။ သူ့ကြောင့်သာမဟုတ်လျှင် မောင်ငြိမ်းချမ်းတက္ကသိုလ်သွားရဲရန်အတွက်ပင် ခပ်ခက်ခက်ဖြစ်နေရပါသည်။
ဆက်လက်ဖော်ပြပါမည်။
လယ်တွင်းသားစောချစ်