ယူကရိန်းတိုက်လေယာဉ်တစ်စင်းကိုပစ်ချလိုက်နိုင်တဲ့ ရုရှားရဲ့ SU-30 SM တိုက်လေယာဉ်
ရုရှားလေတပ်က အောက်တိုဘာ ၂၂ ရက်မှာလုပ်တဲ့ ဒန်းညက်ဒေသဝေဟင်စစ်ဆင်ရေးတစ်ခုမှာ SU-30 SM အမျိုးအစားတိုက်လေယာဉ်တစ်စင်းက ယူကရိန်းတိုက်လေယာဉ်တစ်စင်းကို ပစ်ချလိုက်နိုင်တဲ့ဗီဒီယိုတစ်ခုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။
အဲဒီဗီဒီယိုထဲမှာ SU-30 SM တိုက်လေယာဉ်နှစ်စင်းက ပြေးလမ်းပေါ်မှာနေရာယူပြီး ဝေဟင်ပေါ် ပျံသန်းထွက်ခွာသွားတာကို ဦးစွာရိုက်ပြထားပါတယ်။
တိုက်လေယာဉ်ရဲ့တောင်ပံအစွန်းမှာ အီလက်ထရွန်နစ်စစ်ဆင်ရေးလက်နက်များ၊ RVV-MD အနီးကပ်တိုက်ပွဲဝင်ဒုံးနှစ်လုံး၊ RVV-SD တာလတ်ပစ်ဒုံးကျည်နှစ်စင်းနဲ့ Kh-29 ဝေဟင်မှမြေပြင် ပစ်ဒုံးကျည်နှစ်စင်းတို့ တပ်ဆင်ထားပါတယ်။
အီလက်ထရွန်နစ်စစ်ဆင်ရေးလက်နက်တွေထဲမှာ ရန်သူရဲ့ရေဒါထုတ်လွှင့်မှုများကို ထောက်လှမ်း၊ တွေ့ရှိ၊ ခွဲခြမ်းစိတ်ဖြာ၊ လှည့်ဖြားနိုင်စွမ်းရှိတဲ့ စနစ်တစ်ခုပါဝင်ပါတယ်။
ဒစ်ဂျစ်တယ်ရေဒီယိုကြိမ်နှုန်းမှတ်သားမှုနည်းပညာ အသုံးပြုထားတဲ့အတွက် အဲဒီစနစ်ဟာ ပြင်ပမှအချက်ပြမှုများကို လက်ခံကာပြောင်းလဲပြီး ဒစ်ဂျစ်တယ်ပုံစံနဲ့ သိမ်းဆည်းပါတယ်။ ပြီးတဲ့အခါ ၁၀ နာနိုစက္ကန့်အတွင်းမှာတင် ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိပါတယ်။
ရန်သူ့ရေဒါက ပုံဖျက်ထားတဲ့အချက်ပြမှုများဖြစ်တဲ့ အဲဒီတုံ့ပြန်မှုတွေကို အမှန်အဖြစ် ဖမ်းယူ ဖတ်ရှုလိုက်တဲ့အတွက် တစ်ဖက်ပစ်မှတ်ရဲ့ အကွာအဝေးအတိအကျနဲ့ လှုပ်ရှားမှု ကန့်သတ်ချက်ဘောင်များကို မှန်ကန်စွာ မခန့်မှန်းနိုင်တော့ပါဘူး။
အဲဒီလက်နက်စနစ်က ရေဒီယိုလှိုင်းနှုန်းများနဲ့ ပုံတူပစ်မှတ်ပုံစံအတုများကိုလည်း ထုတ်လုပ်ပေးနိုင်ပါသေးတယ်။ ဒါမှသာ ရန်သူ့ရေဒါက ပုံစံအတုများကိုဖမ်းမိပြီး တကယ့်ပစ်မှတ်အစစ်ကိုလွတ်သွားမှာ ဖြစ်ပါတယ်။
Kh-29 ဒုံးကျည်များကိုတော့ မျက်မြင်မြေပြင်၊ ရေပြင်ပစ်မှတ်များကို တိုက်ခိုက်နိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထားတာပါ။
ဥပမာ ရထားလမ်း၊ တံတား၊ ကွန်ကရစ်လေယာဉ်ရုံများ၊ တန်ချိန် ၁၀၀၀၀ ရှိသင်္ဘောများကို ပစ်ခတ်နိုင်ပါတယ်။
ဒီဒုံးကျည်များက ကီလိုဂရမ် ၃၂၀ ရှိ ထိပ်ဖူးကိုတပ်ဆင်ထားပြီး လောင်စာခဲသုံးဒုံးအင်ဂျင်ကို အသုံးပြုထားတဲ့အတွက် ဖျက်ဆီးနိုင်စွမ်းကကြီးမားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုရဲ့အစပိုင်းမှာ SU-30 SM တိုက်လေယာဉ်တွေက အနိမ့်ပျံ အနေအထားနဲ့ပျံသန်းနေတာတွေ့ရပြီး နောက်ပိုင်းမှာတော့ အမြင့်ပျံ အနေအထားနဲ့ ပျံသန်းကာ တာလတ်ဝေဟင်ပစ် ဒုံးကျည်တစ်စင်းကိုပစ်လွှတ်လိုက်ပါတယ်။
ပစ်လွှတ်လိုက်တဲ့ဒုံးကျည်က VV-SD အမျိုးအစားဖြစ်နိုင်ပြီး ဒုံးကျည်ဟာ အမျိုးအစားမဖော်ပြထားတဲ့ ယူကရိန်း လေယာဉ်တစ်စင်းကိုပစ်ချလိုက်နိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Izvestia မှာတော့ SU-30 SM တိုက်လေယာဉ်မှ လေယာဉ်မှူးများဟာ ဝေဟင်ပစ်မှတ် တစ်ခုကိုတွေ့ရှိပြီး ယူကရိန်းတပ်မတော်ရဲ့ လေယာဉ်တစ်စင်းကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
အင်ဂျင်နှစ်လုံးတပ် SU-30 SM တိုက်လေယာဉ်သည် ဘက်စုံသုံးတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားတစ်မျိုး ဖြစ်ကာ ရန်သူ၊ မိတ်ဆွေခွဲခြားနိုင်သည့်စနစ်လည်း ပါဝင်သည်။
Ref: EurAsian Times