ယူကရိန်းကိုဗြောင်းဆန်သွားစေတဲ့ အီရန်ရဲ့ အသေခံဒရုန်းများ အဝယ်လိုက်နေ

ယူကရိန်းကိုဗြောင်းဆန်သွားစေတဲ့ အီရန်ရဲ့ အသေခံဒရုန်းများ အဝယ်လိုက်နေ

ရုရှား-ယူကရိန်းပဋိပက္ခမှာ ယူကရိန်းဘက်က ရုရှားရဲ့ခရိုင်းမီးယားတံတားပေါ်မှာ ဖောက်ခွဲမှုကြီးလုပ်ပြီးနောက် ရုရှားဘက်က ယူကရိန်းစစ်ဆင်ရေးမှာ အီရန်နိုင်ငံလုပ်အသေခံဒရုန်းများကို အသုံးပြုလာပါတယ်။

အခုတော့ ယူကရိန်းကိုဗြောင်းဆန်သွားစေတဲ့   အီရန်ရဲ့အသေခံဒရုန်းများဟာ ကမ္ဘာ့စစ်လက်နက်ပစ္စည်း ဈေးကွက်မှာ အဝယ်လိုက်နေပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံက အဲဒီဒရုန်းတွေကိုဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အီရန်စစ်ဘက်က ထုတ်ဖော်ပြောလာပါတယ်။

ဒီသတင်းစကားကို ထုတ်ဖော်ကြေညာလိုက်သူကတော့ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ယာဟီယာရာဟင်းဆာဖာဗီပါ။

အခုဆိုရင် နိုင်ငံပေါင်း ၂၂ နိုင်ငံက အီရန်နိုင်ငံရဲ့ အသေခံဒရုန်းများကို  ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ  ဗင်နီဇွဲလား၊ အယ်ဂျီးရီးယား၊ အာမေးနီးယား၊ တာဂျီကစ္စတန်နဲ့ ဆားဘီးယားနိုင်ငံတို့ ပါဝင်ပါတယ်လို့   ဗိုလ်ချုပ်ရာဟင်းဆာဖာဗီက ပြောပါတယ်။

အီရန်နိုင်ငံဟာ အစ္စလာမ်မစ်တော်လှန်ရေးမစတင်ခင်တုန်းက ပြည်ပကနေတင်သွင်းရတဲ့ စစ်လက်နက်ပစ္စည်း များအပေါ်ကိုသာ အလွန်အမင်း မှီခိုခဲ့ရပေမယ့်  အခုတော့လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းများကို ပြည်တွင်းမှာတင် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်းလည်း သူကဆက်ပြောပါသေးတယ်။

အီရန်နိုင်ငံရဲ့အသေခံဒရုန်းများက ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကနေစပြီး ယူကရိန်းပစ်မှတ်များကို ထိရောက်စွာချေမှုန်းနိုင်တဲ့ မှတ်တမ်းကောင်းများရရှိလာတာကြောင့် စိတ်ဝင်စားမှုကိုပိုမိုရရှိလာတာဖြစ်တဲ့အပြင် ရုရှား-ယူကရိန်း ပဋိပက္ခကလည်း စစ်ပွဲပုံသဏ္ဌာန်အသစ်တစ်ခုစတင်နေပြီဆိုတာကို ဖော်ညွှန်းနေတယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ အီရန်နိုင်ငံရဲ့ အသေခံဒရုန်းများက တူခီယဲနိုင်ငံထုတ်နာမည်ကျော် ဒရုန်းများနဲ့ ယှဉ်ပြိုင်နိုင်နေပြီ လို့တောင်မှ ဆိုနိုင်ပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခ အစောပိုင်းကာလမှာ ယူကရိန်းဘက်က တူခီယဲဒရုန်းတွေကိုအသုံးပြုခဲ့တာကြောင့်  ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ကန့်သတ်မှုတွေ ဖြစ်ပေါ်စေခဲ့တာ တွေ့ရပါတယ်။ အခုတစ်ဖန်တော့ အီရန်ရဲ့ အသေခံဒရုန်းတွေက အသာစီးကို ရောက်ရှိလာတာပါ။

လက်ရှိ အီရန်နိုင်ငံက ဈေးကွက်ကို တင်ပို့ရောင်းချနေတဲ့ အသေခံဒရုန်းအမျိုးအစားက Shahed-129 ပါ။ ယူကရိန်းပဋိပက္ခမှာ ရုရှားတို့ အသုံးပြုသွားတာက  Shahed-136 ဒရုန်းများဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်တုန်းက အီရန်အသေခံဒရုန်းများရဲ့ စွမ်းဆောင်ရည်များကြောင့်  ယူကရိန်းရှိ လျှပ်စစ်ဓာတ်အား ပေးအခြေခံအဆောက်အအုံများပျက်စီးသွားတဲ့အတွက် ယူကရိန်းသမ္မတအနေနဲ့ အရေးပေါ် အစည်းအဝေးခေါ်ရတဲ့အထိကို ဖြစ်သွားပါတယ်။

အဲဒီဒရုန်းတွေမှာ ပေါင် ၉၀ ရှိ အပေါ့စားဗုံးတွေကိုတပ်ဆင်ထားပါတယ်။ အဲဒီဗုံးတွေဟာ   ထရန်စဖော်မာဝင်းတစ်ခုကို ဖျက်ဆီးနိုင်တဲ့အထိ အားပြင်းပါတယ်လို့ အမေရိကန်အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး

ကပြောပါတယ်။

တကယ်လို့များ   အဲဒီလိုဒရုန်းကို အရေအတွက်များများ အသုံးပြုနိုင်တယ်ဆိုရင် သူတို့ဟာအနိမ့်ပျံ ဒရုန်းတွေဖြစ်တဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးကနေလည်း လွတ်ကင်းမှာဖြစ်တဲ့အပြင် သူတို့ကို ထုတ်လုပ်စရိတ်ကလည်း အလွန်နည်းပါးပါတယ် လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဖရန့်မက်ကန်ဇီးက ဆိုပါတယ်။

အမေရိကန်နဲ့အစေးမကပ်တဲ့နိုင်ငံတွေ၊ အကြောင်းအမျိုးမျိုးကြောင့် တူခီယဲနိုင်ငံထုတ်ဒရုန်းတွေကို ဝယ်လို့မရတဲ့နိုင်ငံတွေအတွက်တော့ အီရန်ရဲ့အသေခံဒရုန်းများက အကောင်းဆုံးရွေးချယ်မှု ဖြစ်မယ်လို့လည်း လေ့လာသူများက သုံးသပ်ထားပါတယ်။

ဒါကြောင့်ပြောရမယ်ဆိုရင် အီရန်နိုင်ငံက ဒရုန်းထုတ်လုပ်သူနိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာခြင်းဟာ ဒရုန်းစစ်ဆင်ရေး ခေတ်သစ်တစ်ခုကို ဦးဆောင်နိုင်စေပါလိမ့်မယ်။ ကမ္ဘာ့ကာကွယ်ရေးကဏ္ဍမှာလည်း အီရန်နိုင်ငံရဲ့ ရပ်တည်မှုကို မြှင့်တင်နိုင်ဦးမှာ ဖြစ်ပါတယ်။

Ref: EurAsian Times