ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၄၃)
သူကိုယ်တိုင်လည်း စွန့်စားရာတွင် ရွပ်ရွပ်ချွံချွံ မိုက်မိုက်ကန်းကန်း စွန့်စားခဲ့သည်။သူသည် ဂျပန်တော်လှန်ရေးအတွင်း ကသစ်ဝိုင်သစ်တောကြိုးဝိုင်းတိုက်ပွဲတွင်မြင်းစီးပြီး ဂျပန်တပ်များကို အတင်း ဝင်ရောက်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပါသည်။
အခန်း(၃)ရှိ ကျောင်းသားရဲဘော်များထဲမှ ယနေ့တပ်မတော်တွင် တရုတ်ပြည်စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ရဲဘော်ဘိုးကျင်ဖြစ်ပါသည်။ အထက်အညာ မလှိုင်မြို့မှ ဖြစ်ပါသည်။ အခန်းတွင်းတွင် သူကြားလာသော သတင်း(ကောလာဟလ)များကို အတည်ပေါက်ဖြင့် ဖောက်သည်ချတတ်သဖြင့် သူ့ကို ဒုံမေဟု အမည်ပေးလိုက်ကြသည်။ ဂျပန်ဆရာများက သူ့အမည်ကို ပီသစွာမခေါ်ခိုင်းဘဲ ပေါ့ကျင်ဟုခေါ်သဖြင့် ရဲဘော်များကလည်း ပေါ့ကျင်ဟုလိုက်၍ခေါ်ကြသည်။ ပေါ့ကျင်ကို ပြောင်းပြန်ခေါ်လျှင် သူအလွန်စိတ်ဆိုးသည်။
စိတ်ဆိုးမည်ဆိုလျှင်လည်းဆိုးစရာပင် ကျင်ပေါ ဆိုသည်မှာ ယောကျာ်းတို့၏ ငယ်ရာပါတန်ဆာကိုခေါ်ခြင်းဖြစ်၍ ညစ်ပတ်ပါသည်။ တပ်ကြပ်သင်တန်းမှ ဗိုလ်သင်တန်းအထိ တက်ရသည်။
ကျောင်းဆင်းသောအခါ ကျောင်းအုပ်ကြီးချီးမြှင့်သော ဆုတစ်ခုကိုရခဲ့သည်။
ကျွန်တော်တို့အခန်းထဲတွင် ရွှေဘိုသား တစ်ယောက်ရှိပါသည်။ သူ့အမည်မှာ ရဲဘော်တင်အေးဖြစ်ပါသည်။ အလောင်းဘုရား ဦးအောင်ဇေယျနယ်သား ရဲဘော်တင်အေးသည် အားလျှင်ဝဲကုတ်နေတတ်သဖြင့် တောင်ကုတ်ဟု အမည်ပေးထားကြသည်။ ဗမာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရန်အတွက်ဟု ယုံကြည်ချက်ဖြင့် တောခိုခဲ့သည်။ အလင်းဝင်ပြီးနောက် ၆-၆-၁၉၆၆ ရက်တွင် ကွယ်လွန်ပါပြီ၊ ဇနီးဒေါ်သိန်းကြည်နှင့်သား မောင်စိုးဝင်းတို့အနောက်ဈေး ရွှေဘိုတွင်ကျန်ရစ်ခဲ့ကြသည်ဟု သိရပါသည်။
မန္တလေးတွင် အခြေချနေသော ပုသိမ်သားတစ်ယောက်လည်းရှိပါသည်။ ရဲဘော်ခင်မောင်ဖြစ်ပါသည်။ ဂျပန်ဆရာလစ်လျှင် လစ်သလို စာအုပ်လှန်တမ်းကစားတတ်သည်။ ဂျပန်ဆရာမိ၍ မကြာခဏအရိုက်ခံရသည်။ အရပ်ကပုပု သူလုပ်ချင်တာကိုဇွတ်တရွတ်လုပ်တတ်သဖြင့် သူ့ကို ဇွတ်ကောင်လေး နွားသိုးလေး ဟု အမည်ပေးထားသည်။ တပ်ကြပ်ဖြင့်ကျောင်းဆင်းပြီး ကျောင်းတွင် ဟန်ချို(အခန်းအုပ်ဆရာ) အဖြစ် ကျန်ရစ်ခဲ့သည်။ ဗိုလ်ကြီးအဆင့်ဖြင့် မန္တလေးအနောက် မြို့နယ်ကောင်စီဥက္ကဋ္ဌမှ အငြိမ်းစားယူခဲ့သည်။
ရဲဘော်တင်ဝင်း ခေါ်တင်ရွှေကို ကျောက်ရူး ဟု ရဲဘော်တိုင်းက ခေါ်ကြသည်။ သူ့မျက်နှာတွင် ကျောက်ပေါက်မာများ ရှိနေသည်။ စကားကို အော်ကျယ်အော်ကျယ်ပြောတတ်သည်။
အငြင်းအခုံသန်သည်။ မည်သူ့ကိုမှ ဆရာအလုပ်မခံ ကိုယ်ထင်ရာကိုယ်လုပ်တတ်သူ ဖြစ်သည်။ စစ်ပြီးခေတ် ဗမာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်မှ အငြိမ်းစားယူခဲ့သည်။ ကွယ်လွန်ပါပြီ။
အခန်း(၃)တွင် အရပ်အရှည်ဆုံး ကျောင်းသားမှာ ရဲဘော်သန်းဖေ ခေါ် ဖေသန်းဖြစ်ပါသည်။ ဂျပန်ဆရာငပုများက သူ့ကိုခွေးခြေပေါ်တက်၍လည်းကောင်း၊ အိပ်ခန်းတွင်းတွင် အိပ်ရာပေါ်တက်၍လည်းကောင်း ရိုက်မှ သူ့ပါးကိုမီသည်။ ငပုကသူ့ကိုရိုက်လျှင် ခွေးခြေကိုရှာရသည်။ ရှာမရပါက သူ့ကိုဒူးတုပ်ထိုင်ခိုင်းပြီးမှ ရိုက်နိုင်ပါသည်။ ကျဆုံးသွားရှာပါပြီ။
အခန်းတွင် အသက်အကြီးဆုံးရဲဘော်ကြီးမှာ ဦးလေးကြီးသိန်းဖေဖြစ်ပါသည်။ ကျောင်းတက်စဉ် အသက်နှစ်ဆယ့်သုံးနှစ်ရှိပြီဟု သူကပြောပါသည်။ ဒီထက်ပိုကြီးမည်ထင်ပါသည်။ တန်းစီလျှင် နောက်ဆုံးမှရောက်လာလေ့ရှိသည်။
သူ့ကိုစောင့်ရသောရဲဘော်များက ဦးလေးကြီးသိန်းဖေရောက်လာလျှင် ပေါ်တော်မူဟု ဝိုင်းအော်ကြသည်။ ပျဉ်းမနားသားဖြစ်ပါသည်။
တပ်ကြပ်ဖြင့် ကျောင်းဆင်းသွားပါသည်။
ရုပ်ရှင်သရုပ်ဆောင်ရွှေလုံးမှာ စစ်ပြီးခေတ်မှပေါ်လာသူဖြစ်ပါသည်။ ထိုရွှေလုံးမပေါ်မီ ဂျပန်ခေတ် ဗိုလ်သင်တန်းကျောင်းတွင် ပထမ ရွှေလုံး ပေါ်ခဲ့ပါသည်။ ထိုသူကတော့ ရဲဘော်သောင်းညွန့်ဖြစ်ပါသည်။ ရဲဘော်
သောင်းညွန့်သည် ရွှေလုံးခေါ်လောက်အောင် ကိုယ်လုံးကိုယ်ထည်ဝပြီး လုံးနေသည်။ လမ်းလျှောက်လျှင် ဖင်လုံးကြီးများတုန်နေသည်။
သူ့ပုံသဏ္ဌာန်ကိုကြည့်ပြီး အချို့ရဲဘော်များက ဖာပုပ်ကြီး ဟုခေါ်ကြသောအခါ သူကလိုက်ထိုးတတ်သဖြင့် ပျော်တတ်သောရဲဘော်များက သူ့ကိုအမြဲစလေ့ရှိသည်။ ကျွန်တော်၏ အော်တိုစာအုပ်တွင် ရဲဘော်ကို ဤဘဝတွင် အကျွန်မမေ့သလို ရဲဘော်လည်း သတိရစေ၍ အဖမြန်မာပြည်အကျိုးကို လည်ပင်းဖက်၍ ဆောင်ရွက်ကြစို့၊ အထူးသတိပေးရန်ကား သနားညှာတာကိုယ်ချင်းစာသော စိတ်အစဉ်ရှိပါစေချစ်ဆွေ ဟု ရဲဘော်သောင်းညွန့်ကရေးထားပါသည်။ ကျိုက်ထိုမြို့နယ် စွပ္ပနူးရွာမှ ဖြစ်သော်လည်း ယခုအခါ ရန်ကုန်တွင် အခြေချနေပါပြီ။
မင်္ဂလာဒုံ ခန်းဘုဂေါဟောဆေ့တိုက်ခေါ် ဗိုလ်သင်တန်းကျောင်းတပ်ခွဲ(၂) အခန်း(၃)မှ ရဲဘော်များတစ်ဦးချင်း၏ အကြောင်းကလေးများသည် ထိုကျောင်းကြီးတွင် ကျွန်တော်တို့နေထိုင်ခဲ့ရသောဘဝကို ပေါ်လွင်စေမည်ဟု ယူဆပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ နီးပါးက မြန်မာပြည်သား ရဲဘော်အချို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် တစ်နေရာတွင် စုစည်းမိကြခြင်းဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။